သတင်းထုတ်ပြန်ချက် (၂/၂၀၁၃)

၁၇ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။

၁။ စာပေရေးသားသူများပါဝင်သည့် PEN Myanmar ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာစာရေးဆရာများတွေ့ဆုံပွဲကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ပြုလုပ်ခဲ့သည်။

၂။ ရသစာပေဖွံ့ဖြိုးရေးအတွက် အဓိကရည်ရွယ်ထားသည့် PEN Myanmar သည် ကမ္ဘာတစ်ဝန်းရှိ စာပေပညာရှင်များ ပါဝင်သည့် PEN International ၏ အသိအမှတ်ပြုမှုကို ပြီးခဲ့သည့် စက်တင်ဘာလကရရှိခဲ့ပြီး မကြာမီဖွဲ့စည်းပေါ်ပေါက်နိုင်ရန် ရည်ရွယ်၍ မြန်မာစာရေးဆရာများ တွေ့ဆုံကြခြင်းဖြစ် သည်။

၃။ တွေ့ဆုံပွဲသို့ ရန်ကုန်မြို့ရှိ စာရေးဆရာ၊ ဆရာမ ၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်။ ထို့အပြင် မန္တလေး၊ ပြည်နှင့် ပြင်ဦးလွင်မြို့တို့မှ စာရေး ဆရာ၊ ဆရာမများက ပေးပို့လာသော သဘောထားမှတ်ချက်များကို ဖတ်ကြားခဲ့သည်။

၄။ တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် အောက်ဖော်ပြပါအချက်များကို ဆုံးဖြတ်လုပ်ဆောင်ခဲ့ကြသည်။

(က) PEN Myanmar ဖွဲ့စည်းရေးအတွက် ညီလာခံတစ်ရပ်ကို မြန်မာတစ်နိုင်ငံလုံးရှိ စာရေးဆရာ၊ ဆရာမများဖြင့်
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် ဆုံးဖြတ်သည်။

(ခ) ညီလာခံကျင်းပနိုင်ရေးအတွက် ကော်မတီ(၆)ရပ်ကို ယနေ့တက်ရောက်လာသည့် စာရေးဆရာများဖြင့် ဖွဲ့စည်းခဲ့သည်။
အဆိုပါ ကော်မတီ(၆)ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ
၂။ ရွေးကောက်ပွဲကျင်းပရေး ကော်မတီ
၃။ စည်းရုံးရေး ကော်မတီ
၄။ ဘဏ္ဍာရေး ကော်မတီ
၅။ မှတ်တမ်းပြုစုရေး ကော်မတီ
၆။ သတင်းနှင့်ပြန်ကြားရေး ကော်မတီ

၅။ PEN Myanmar ၏ အဖွဲ့ဝင်အဆိုပြုလွှာများကို စတင်လက်ခံလျှက်ရှိသည်။ ထို့ကြောင့် ညီလာခံနေ့မတိုင်မီ အဖွဲ့ဝင်အဖြစ် အဆိုပြုလွှာများတင်ရန် လိုအပ်ကြောင်း၊ PEN Myanmar ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံလိုပါက အဖွဲ့ဝင်အဆိုပြုလွှာ တင်သွင်းထားရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်အဆိုပြုလွှာတင်သွင်းပြီး၊ PEN Myanmar ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီသူသည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံပိုင်ခွင့်ရှိသည်။

၆။ PEN Myanmar သို့ အဖွဲ့ဝင်လိုသူများသည် စည်းရုံးရေးကော်မတီသို့ဖြစ်စေ၊ PEN Myanmar ၏ ယာယီလိပ်စာ ပဲ့တင်သံဂျာနယ်တိုက်၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၁၇)၊ ၅၂ လမ်း(အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁ – ၉၀၁၀၅၀၁၊ အီးမေးလ် – penmyanmarcenter သို့ဖြစ် စေ ဆက်သွယ်နိုင်သည်။ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ညီလာခံအပြီးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်မည် ဖြစ်ပါသည်။

၇။ ညီလာခံမတိုင်မီ PEN Myanmar ဖွဲ့စည်းရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စအဝ၀ကို PEN International သို့ လက်မှတ်ရေးထိုးတင်ပြခဲ့သည့် စာရေးဆရာများပါဝင်သော PEN Myanmar ဖြစ်မြောက်ရေးဆောင်ရွက်သူ စာရေးဆရာများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားစာရေးဆရာ များ၏ ဆန္ဒအလျောက်ပူးပေါင်းပါဝင်မှုကိုလည်း ကြိုဆိုပါသည်။

PEN Myanmar ဖွဲ့စည်းရေးဆောင်ရွက်သူ စာရေးဆရာ၊ ဆရာမများ