သတင်းထုတ်ပြန်ချက် (၃/၂၀၁၃)

၉ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

၁။ ရသစာပေရေးသားသူများပါဝင်သည့် PEN MYANMAR ဖွဲ့စည်းနိုင်ရေးအတွက် ညီလာခံကျင်းပနိုင်ရေး မြန်မာစာရေးဆရာများတွေ့ဆုံပွဲကို နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ၅၂ လမ်းရှိ ပဲ့တင်သံဂျာနယ်တိုက်တွင် ပြုလုပ်ခဲ့သည်။

၂။ ရသစာပေဖွံ့ဖြိုးရေးအတွက် အဓိကရည်ရွယ်ထားသည့် PEN MYANMAR သည် ကမ္ဘာတစ်ဝန်းရှိ စာပေပညာရှင်များ ပါဝင်သော PEN INTERNATIONAL ၏ အသိအမှတ်ပြုမှုကို ပြီးခဲ့သည့် စက်တင်ဘာလကရရှိခဲ့ပြီး မကြာမီဖွဲ့စည်းပေါ်ပေါက်နိုင်ရန်ရည်ရွယ်၍ ညီလာခံကျင်းပနိုင်ရန် မြန်မာစာရေးဆရာများ ၏ ကိုယ်စား ညီလာခံကျင်းပနိုင်ရေးကော်မတီအဖွဲ့ဝင် စာရေးဆရာများတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၃။ တွေ့ဆုံပွဲသို့ ရန်ကုန်မြို့ရှိ စာရေးဆရာ၊ ဆရာမ ၂၇ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး ကော်မတီအသီးသီးတွင် တာဝန်ယူထားကြသည့် စာရေးဆရာ၊ စာရေးဆရာမများက ယင်းတို့၏ ကော်မတီများနှင့်ပတ်သက်သည့် ပြင်ဆင်ဆောင်ရွက်ထားသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

၄။ တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် အောက်ဖော်ပြပါအချက်များကို ဆုံးဖြတ်လုပ်ဆောင်ခဲ့ကြသည်။

  • (က) PEN MYANMAR ဖွဲ့စည်းရေးအတွက် ညီလာခံတစ်ရပ်ကို မြန်မာတစ်နိုင်ငံလုံးရှိ စာရေးဆရာ၊ ဆရာမများဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အာရှပလာဇာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပရန် အတည်ပြုဆုံးဖြတ်သည်။
  • (ခ) PEN MYANMAR ဖွဲ့စည်းရေးအတွက်ညီလာခံတွင် PEN MYANMAR အတွက် ဒါရိုက်တာအဖွဲ့ဝင်များကို ရွေးချယ်မည်ဖြစ်သည်။ ထိုနေ့တွင် ရွေးချယ်သည့် ဒါရိုက်တာအဖွဲ့ဝင်များက PEN MYANMAR အဖွဲ့ဝင်လျှောက်လွှာများကိုစိစစ်၍ အဖွဲ့ဝင်သတ်မှတ်ချက်များ ကို ရွေးချယ်မည်ဖြစ်သည်။
  • (ဂ) နိုဝင်ဘာ ၂၇ နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အထိ ရောက်ရှိသည့် အသင်းဝင်လျှောက်လွှာရှင်များသည် ဒါရိုက်တာအဖွဲ့တွင်ဝင်ရောက် ရွေးချယ်ခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။
  • (ဃ) ရန်ကုန်မြို့ပြင်ပဖြစ်သည့် မြို့ကြီးများနှင့် နယ်မြို့များမှ PEN MYANMAR အဖွဲ့ဝင်ခွင့်လျှောက်တင်ထားသော စာရေးဆရာ၊ စာရေးဆရာမများအနေဖြင့် ညီလာခံကျင်းပနေစဉ်တွင် မဲဆန္ဒပေးနိုင်ရန် ဖုန်းဖြင့်မဲဆန္ဒပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ (ဖုန်းဖြင့် မဲဆန္ဒပေးရမည့် အစီအစဉ်အသေးစိတ်ကို ထပ်မံထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။)
  • (င) ညီလာခံကျင်းပနိုင်ရေးအတွက် ကော်မတီဝင်အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်၊ နေ့လည် ၂ နာရီတွင် ပဲ့တင်သံဂျာနယ်တိုက်တွင် နောက်တစ်ကြိမ်ထပ်မံကျင်းပမည်ဖြစ်သည်။

၅။ PEN MYANMAR သို့ အဖွဲ့ဝင်လိုသူများသည် စည်းရုံးရေးကော်မတီသို့ဖြစ်စေ၊ PEN MYANMAR ၏ ယာယီလိပ်စာ ပဲ့တင်သံဂျာနယ်တိုက်၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၁၇)၊ ၅၂ လမ်း(အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁ – ၉၀၁၀၅၀၁၊ အီးမေးလ် – penmyanmarcenter@gmail.com သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။ အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုခြင်းကို ညီလာခံအပြီးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ဒါရိုက်တာဘုတ်အဖွဲ့က ဆုံး ဖြတ်မည် ဖြစ်ပါသည်။

၆။ ညီလာခံမတိုင်မီ PEN MYANMAR ဖွဲ့စည်းရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စအဝ၀ကို PEN INTERNATIONAL သို့ လက်မှတ်ရေးထိုးတင်ပြခဲ့သည့် စာရေးဆရာများပါဝင်သော PEN MYANMAR  ဖြစ်မြောက်ရေးဆောင်ရွက်သူ စာရေးဆရာများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားစာရေးဆရာ များ၏ ဆန္ဒအလျောက်ပူးပေါင်းပါဝင်မှုကိုလည်း ကြိုဆိုပါသည်။

PEN MYANMAR ဖွဲ့စည်းရေးဆောင်ရွက်သူ စာရေးဆရာ၊ ဆရာမများ