သတင်းထုတ်ပြန်ချက် (၆/၂၀၁၃)

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။

သတင်းထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ခြင်းနှင့်အမှုအား ပြန်လည်စိစစ်ပေးရန် တိုက်တွန်းခြင်း

၁။ Eleven Media Group ၏ နယ်သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား လွိုင်ကော်မြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြစ်မှုပုဒ်မ ၄၅၁၊ ၅၀ဝနှင့် ၂၉၄(ခ)တို့အရ တစ်ပေါင်းတည်းထောင်ဒဏ် ၃ လကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းမီဒီယာ၏ ဒီဇင်ဘာ ၁၈ ရက်ထုတ် သတင်းစာအရ သိရှိရပါသည်။

၂။ ဖြစ်စဉ်ကို လေ့လာရာ သတင်းထောက်ဖြစ်သူက သတင်းထောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သတင်းရယူရန် ကြိုးစားခဲ့ခြင်းဖြစ်သကဲ့သို့ ကာယကံရှင်ကိုယ်တိုင် တံခါးဖွင့်ပေးပြီးမှ ထိုနေအိမ်အတွင်းသို့ ဝင်ရောက်မေးမြန်းခြင်း ဖြစ်ပါသည်။ ကာယကံရှင်က မေးခွန်းကို မကြေနပ်သဖြင့် အိမ်မှ နှင်ထုတ်ခဲ့ရာတွင်လည်း သတင်းထောက်က အဆိုပါနေအိမ်မှ ပြန်လည်ထွက်ခွာခဲ့ပေသည်။

၃။ ထိုဖြစ်စဉ်အား အိမ်ကျော်နင်းမှု (သို့) ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုနှင့် ညစ်ညမ်းစွာ ပြောဆိုတုံ့ပြန်မှုဟူသည့် ပုဒ်မများဖြင့် တရားစွဲဆိုမှုကို လွိုင်ကော်မြို့နယ်တရားရုံးက လက်ခံစွဲချက်တင်ကာ ထောင်ဒဏ်ချမှတ်ခဲ့သည်ကို တွေ့ရပါသည်။ အမှုအား စစ်ဆေးချိန်မှာ တစ်လကျော်ကျော်သာရှိပြီး အမှုမှန်ပေါ်ပေါက်ရန် မည်ကဲ့သို့ စစ်ဆေးခဲ့သည်ဆိုသည်ကိုမူ သေချာစွာ မသိရပါ။ မည်သို့ပင်ဖြစ်စေ အဆိုပါပြစ်မှုပုဒ်မများသည် ပြစ်မှုထင်ရှား တွေ့ရှိရသည်ဆိုလျှင်ပင် ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မများဖြစ်ပါလျှက် ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။

၄။ သို့ဖြစ်ပါ၍ ထိုကဲ့သို့သော တရားစီရင်မှုသည် သတင်းထောက်အပါအဝင် နိုင်ငံသားအားလုံး၏ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ သတင်းသိပိုင်ခွင့်နှင့် အတူ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ထိပါးခြင်းဖြစ်သကဲ့သို့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုလည်း သွယ်ဝိုက်သောအားဖြင့် တားမြစ် ပိတ်ပင်ရာကျသည်ဟု PEN Myanmarက ယုံကြည်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ သတင်းထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းကို PEN Myanmarက ကန့်ကွက်ပါသည်။

၅။ ထို့ပြင် အဆိုပါအမှုကို ပြန်လည်ကြားနာစစ်ဆေးပေးရန်နှင့် သတင်းထောက်အား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးနိုင်ရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူအားလုံးအား တိုက်တွန်းအပ်ပါသည်။

PEN Myanmar