ရသအစုန်အဆန် ဆိုသည်မှာ

ရသအစုန်အဆန်သည် ပဲန်မြန်မာ၏ ပင်တိုင်လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ရသစာပေကို ဖန်တီးရေးသားနိုင်စွမ်းသာမက ခံစားနားလည်နိုင်စွမ်းပင်လျှင် ကျဆင်းလာနေသော အခြေအနေအတွက် ရသအစုန်အဆန်ကို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ စာမတတ်သူ ပပျောက်ရေးအပြင် စာမဖတ်သူ ပပျောက်ရေးကို အားထုတ်နေရသည့် ယနေ့အခါတွင် ရသစာပေ မဖတ်ဖြစ်သူများနှင့် ရသစာပေကို မဖတ်တတ်၊ မခံစားတတ်သူများ မရှိကြစေရန် ဦးတည်ပါသည်။ စာရေးသူနှင့် စာဖတ်သူများအကြား၊ စာရေးသူအချင်းချင်းနှင့် စာဖတ်သူအချင်းချင်အကြား၊ စာရေးသူနှင့် စာမဖတ်ဖြစ်သူ-စာမဖတ်တတ်သူများအကြား ရသစာပေကို အစုန်အဆန်စီးမျောခံစားနားလည်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် နိုင်ငံ၏ အရှေ့-အနောက်၊ တောင်-မြောက်ဒေသများအကြားတွင်လည်းကောင်း၊ ရှေ့ရှေ့က မျိုးဆက်များနှင့် နောက်နောက်မှ မျိုးဆက်များအကြားတွင်လည်းကောင်း ရသစာပေကို အစုန်အဆန် လက်ဆင့်ကမ်းပေးရန် ဦးတည်ပါသည်။ အပြန်အလှန် နားထောင်သော ယဉ်ကျေးမှုကို တွင်ကျယ်စေရန်၊ တက်ရောက်သူတိုင်းအား ပြောဆိုဆွေးနွေးခွင့် ပေးအပ်နိုင်ရေး ရယ်ရွယ်ပါသည်။ ယင်းကိုပင် ရသအစုန်အဆန် ဟု ခေါ်ပါသည်။
ပဲန်မြန်မာစင်တာ