သတင်းထုတ်ပြန်ချက် (၁/၂၀၁၄)

၁၇ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတင်ပြပိုင်ခွင့်အား ဟန့်တားမှုများကို ကန့်ကွက်ခြင်း

၁။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်ကြိုးစားနေသော အကူးအပြောင်းကာလတွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုတင်ပြပိုင်ခွင့်ကို အားပေးသည့် စာပေဟောပြောပွဲများ ကျင်းပပြုလုပ်လာကြပါသည်။ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ သမိုင်းတလျှောက် ကျင်းပခဲ့သည့် စာပေယဉ် ကျေးမှုအစဉ်အလာအား ထိန်းသိမ်းသည့်အနေအဖြင့် စာပေဟောပြောပွဲများ ကျင်းပကြခြင်းဖြစ်ပါသည်။ ထိုသို့ ကျင်းပရာတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များထံ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ကြခြင်းဖြစ်ပေသည်။ သို့ရာတွင် အချို့သောဒေသခံ အာဏာပိုင်များက နည်းအမျိုးမျိုးသုံး၍ နှောက်ယှက်တားမြစ်ခြင်းများ ရှိခဲ့သည်ကိုတွေ့ရှိခဲ့ကြရပေသည်။ ယခုအခါတွင် ထိုသို့တားဆီးနှောက်ယှက်ခြင်းများအပြင် စာရေးဆရာ အချို့အား ဟောပြောခွင့်ပိတ်ပင်သည့် လုပ်ရပ်များကိုပါ အာဏာပိုင်အချို့က လုပ်ဆောင်လာကြပြီး ဘာသာရေးအကြောင်းပြ၍ အချို့သော ဘာသာခြား စာရေးဆရာများကို စာပေဟောပြောခြင်းမပြုရဟု အာဏာရှင်ဆန်ဆန်အုပ်စုဖွဲ့ အကျပ်ကိုင်သည့် လုပ်ရပ်များပါ ပေါ်ပေါက်လာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်လာကြရသည်။

၂။ စင်စစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုတင်ပြပိုင်ခွင့်(Freedom of Expression)သည် လူတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကြီး၏ အပိုဒ် (၁၉) တွင် အတိအလင်း ဖော်ပြပါရှိပြီးဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၄ အပိုဒ်ခွဲ (က)တွင်လည်း နိုင်ငံသားအားလုံးအား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပေးအပ်ထားပြီးဖြစ်သည်။

၃။ သို့ဖြစ်၍ အထက်ပါလုပ်ရပ်များသည် လူတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုတင်ပြပိုင်ခွင့်(Freedom of Expression)ကို ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတကာမှ ချမှတ်ထားသော လူ့အခွင့်အရေးစံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိသည်မှာထင်ရှားပေသည်။ ထို့အပြင် PEN International က ချမှတ်ထားသော ပဋိဉာဉ်ရှိ အောက်ပါအချက်များနှင့်လည်း သွေဖီဆန့်ကျင့်နေသည်ကို တွေ့ရသည်။

PEN အဖွဲ့ဝင်များသည် နိုင်ငံများအကြားအပြန်အလှန် လေးစားမှုနှင့် ကောင်းစွာနားလည်ပေးမှုများကိုသာ အမြဲတစေအားပြုသင့်သည်။ ယင်းတို့သည် လူမျိုးရေး၊ လူတန်းစားရေးနှင့် အမျိုးသားရေးဆိုင်ရာ မုန်းတီးမှုများကို ပပျောက်စေရန် တတ်စွမ်းသမျှ အားထုတ်မည်ဟု ကတိသစ္စာပြုရမည်။ ထို့ပြင် တစ်ခုတည်းသောကမ္ဘာတွင် လူသားမျိုးနွယ်တစ်ခုတည်းအဖြစ် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်သည့် အတွေးအခေါ်ကို အထူးအားပေးထောက်ခံရမည်။

PEN သည် နိုင်ငံအချင်းချင်းအကြားတွင်လည်းကောင်း၊ နိုင်ငံအတွင်းတွင်လည်းကောင်း အတွေးအခေါ်များ အတားအဆီးမရှိ ဖြန့်ကျက်ရေးမူကို အားပြုရပ်တည်သည်။ အဖွဲ့ဝင်များသည် ယင်းတို့နေထိုင်သည့် လူ့အဖွဲ့အစည်းအတွင်းတွင်လည်းကောင်း၊ နိုင်ငံအတွင်းတွင်လည်းကောင်း လွတ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့် မည်သို့သောအနေအထားမျိုးကိုမဆို ကန့်ကွက်ဆန့်ကျင်ရန် ကတိသစ္စာပြုရမည်။

၄။ သို့ပါ၍ PEN International ၏ ပဋိဉာဉ်နှင့် ဆန့်ကျင်သော အဆိုပါလုပ်ရပ်များအား PEN Myanmar Center က ကန့်ကွက်လိုက်သည်။

PEN Myanmar

Leave comment

Your email address will not be published. Required fields are marked with *.