သတင်းထုတ်ပြန်ချက် (၂/၂၀၁၄)

၁၈ ရက် ဧပြီလ ၂၀၁၄ ခုနှစ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။
သတင်းမီဒီယာသမားအား ရာဇဝတ်မှုများဖြင့် အရေးယူထောင်ချမှုအား ကန့်ကွက်ခြင်း
၁။ မကွေးမြို့နယ် တရားရုံးက ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနမှ သတင်းထောက် ဦးဇော်ဖေ(ခေါ်)သူရသက်တင်အား ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်တွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၃ နှင့် ၄၄၈ တို့အရ ပြစ်မှုမြောက်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ကြောင်း သိရသဖြင့် PEN Myanmar အနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရသကဲ့သို့ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် အားထုတ်နေကြ သော သတင်းမီဒီယာသမားများ၏ လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်မိပါသည်။
၂။ စင်စစ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတင်ပြပိုင်ခွင့်(Freedom of Expression)သည် လူတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည့်အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၄ အပိုဒ်ခွဲ (က) အရလည်း နိုင်ငံသားအားလုံးအား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို ပေးအပ်ထားပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့်(ျွRight to know)ကို ကာကွယ်ရန်အလို့ငှာ သတင်းသမားများ၏ အားထုတ်မှုကိုလည်း အတိအကျ အကာ အကွယ်ပေးနိုင်မှသာ နိုင်ငံတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုတင်ပြခွင့်သည် ထင်ရှားသက်ဝင်မည် ဖြစ်ပါသည်။
၃။ ယခုဖြစ်ရပ်တွင် သတင်းထောက်ဦးဇော်ဖေသည် ၂၀၁၂ ခုနှစ် သြဂုတ်လက ကျောင်းသားမိဘတစ်ဦးနှင့်အတူ မကွေးခရိုင်ပညာရေးရုံးသို့ သွားရောက် ကာ ဂျပန်နိုင်ငံက ကူညီထောက်ပံ့သော ပညာသင်ထောက်ပံ့ရေးအစီအစဉ်အကြောင်း သိလိုသည်များကို မေးမြန်းခွင့်ရရန် ကြိုးစားရာမှ ယခုကဲ့သို့ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆိုထောင်ချခံရခြင်းဖြစ်ကြောင်း သိရှိရပေသည်။
၄။ စင်စစ် အများပြည်သူတို့ ဝင်ထွက်သွားလာခွင့်ရှိသော တိုင်းပညာရေးမှူးရုံးတွင်းသို့ ဝင်ထွက်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ဖြင့် အပြစ် ပေးထိုက်သော ပုဒ်မ ၄၄၂ ပါ ပြဌာန်းချက်များဖြစ်သည့် ပြစ်မှုမကင်းသော၊ လက်ရှိဖြစ်သူကို ခြောက်လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင်စေရန် ကြံရွယ် ချက်တို့အား ကျူးလွန်ဖောက်ဖျက်ခြင်း မဟုတ်သောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးရန် အကြောင်းမရှိဟု PEN Myanmar က သုံးသပ်ပါသည်။
၅။ တဖန် ပြည်သူ့ဝန်ထမ်းတို့ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် အကာအကွယ်ပေးရန် ရည်ရွယ်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၃ အရလည်း ပြည်သူ့ဝန်ထမ်း၏ တာဝန်ထမ်းဆောင်ခြင်းကို တားဆီးရန်သော်လည်းကောင်း၊ ဟန့်တားရန်သော်လည်းကောင်း အားထုတ်ခြင်း မဟုတ်သဖြင့် ထို ပုဒ်မဖြင့် အရေးယူရန်လည်း မသင့်ဟု PEN Myanmar က ခံယူပါသည်။
၄။ သို့ပါ၍ ထိုကဲ့သို့ အပြစ်ပေးအရေးယူရန် မသင့်လျော်သော အကြောင်းရှိလျက်နှင့် ထောင်ဒဏ်အပြစ်ပေးခြင်းသည် အများပြည်သူနိုင်ငံသားတို့၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန် အားထုတ်ကြသည့် သတင်းမီဒီယာသမားများအား ခြိမ်းခြောက်အနိုင့်အထက်ပြုခြင်းဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် သတင်းမီဒီယာသမားများအား ထောင်ချခြင်းအပြုအမူသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတင်ပြခွင့်အား ထိပါးဆန့်ကျင်ပါသောကြောင့် PEN Myanmar က ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်ပါသည်။
PEN Myanmar