PEN Myanmar ၏ သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၄)

PEN Myanmar ၏ သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၄) ၁ ရက်၊ နိုဝင်ဘ၊ာ ၂ဝ၁၄ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ။

သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား အရေးမယူပစ်ပယ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့ ထုတ်ပြန်ကြေညာချက်

၁။ ကမ္ဘာအနှံအပြားမှ အစိုးရများအနေဖြင့် သတင်းသမားများကို အန္တရာယ်မဖြစ်စေရန် အကာအကွယ်ပေးရမည်ဟူသည့် မဖြစ်မနေဆောင်ရွက်ရမည့် အချက်အား အရှက်မဲ့စွာ မျက်ကွယ်ပြုနေကြသည်ဟု နိုင်ငံတကာစာရေးဆရာအသင်းကြီးဖြစ်သော PEN International က နိုဝင်ဘာ ၂ ရက်တွင် ကျ ရောက်သော သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အရေးမယူပစ်ပယ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဖော်ပြောကြားလိုက်သည်။

၂။ ယခုနှစ် နိုဝင်ဘာ ၂ ရက်သည် သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အရေးမယူပစ်ပယ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့အဖြစ် ကမ္ဘာ့ပထမဆုံးကျင်းပမည့်နေ့လည်း ဖြစ်သည်။ နိုဝင်ဘာ ၂ ရက်သည် အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဖလှယ်ရေးအဖွဲ့ကြီးက သတ်မှတ်ထားသော ရာဇဝတ်မှုများအား အရေးပစ်ပယ်ထားမှု အဆုံးသတ်ရေးနေ့လည်း ဖြစ်သည်။ ထို့ကြောင့် PEN International  က ကမ္ဘာအဝန်းရှိ အဖွဲ့ခွဲများအားလုံးအနေဖြင့် ကျန်ရှိသော နိုဝင်ဘာရက်များဖြစ်သည့် ၂၁ ရက်အတွင်း သေဆုံးခဲ့ရသော သတင်းသမားနှင့်စာရေးဆရာများအား သတိတရရှိကြရန်လည်း နှိုးဆော်ထားသည်။ ယခင်နှစ် နိုဝင်ဘာ ၂ ရက်မှ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် သတင်းသမား ၃၅ ဦး အသတ်  ခဲ့ရပြီးဖြစ်သည်ဟု PEN International က ထုတ်ပြန်သည်။

၃။ ယခုနှစ်အတွက် PEN International က Prageeth Ekanaliyagoda ၏ ၄ နှစ်ကျော်ကြာ ပျောက်ဆုံးမှုနှင့် Juan Carlos Argenal အသတ်ခံရမှုတို့အား စုံစမ်းစစ်ဆေးထုတ်ပြန်ပေးရေးအတွက် သက်ဆိုင်ရာအစိုးရတို့အား သက်ဆိုင်ရာ PEN အဖွဲ့ဝင်များက ဖိအားပေးရန် တောင်းဆိုထားသည်။

၄။ ထို့အတူ PEN Myanmar အနေဖြင့်လည်း အလွတ်သတင်းထောက် ပါကြီး ခေါ် ကိုအောင်ကျော်နိုင်အား လက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်ကြီးအဖြစ်သတ်မှတ်ကာ ဖမ်းဆီးပြီး လွတ်မြောက်ရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးအသေရမိပါသည်ဟု ဖမ်းဆီးပြီး တစ်လနီးပါးကြာမှ ကြေညာအသိပေးသည့် ထုတ်ပြန်ချက်အား လက်မခံနိုင်ပေ။ သတင်းသမားတစ်ယောက်အား ဥပဒေမဲ့ဖမ်းဆီးအရေးယူရုံမက သတ်ဖြတ်ခြင်း၊ ယင်းသတင်းကိုလည်း ကာလကြာရှည်စွာ အမှောင်ချထားခဲ့ခြင်း၊ ကာယကံရှင်မိသားစုဖြစ်သော နိုင်ငံသားများအား လိမ်လည်လှည့်ဖျား သတင်းမှားပေးခဲ့ခြင်း၊ အရပ်ဖက် တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သုံးစွဲရန် ပျက်ကွက်ပြီး နိုင်ငံသားတစ်ဦးအား ကာလရှည်ကြာစွာ ဥပဒေမဲ့ချုပ်နှောင်ထားခြင်း၊ သေဆုံးသူ၏ ကျန်ရစ်သော ခန္ဓာကိုယ်အား မိသားစုကို မအပ်နှံဘဲ ဖျောက်ဖျက်ရန် ကြိုးစားခြင်း အစရှိသဖြင့် သတင်းသမားများ၏ အန္တရာယ်ကို ကာကွယ်မပေးသည့်အပြင် သတင်းသမား အပေါ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်ဖြစ်ရပ်အား PEN Myanmar အနေဖြင့် ပြင်းထန်စွာရှုံ့ချလိုက်သည်။ ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေးနှင့် ယင်း သေဆုံးမှုနှင့်ပတ်သက်သည့် တာဝန်ရှိသူများအား အရေးမယူဘဲ ပစ်ပယ်ထားခြင်းမျိုးမပြုရန်အလေးအနက် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် ပါကြီး ခေါ် ကိုအောင်ကျော်နိုင်၏ ဖြစ်စဉ်အား PEN International ၏ သက်ဆိုင်ရာမှတ်တမ်းတွင်ပါဝင်ထည့်သွင်းကာ နိုင်ငံတကာအဖွဲ့ခွဲများအားလုံးနှင့် ကမ္ဘာ့ ကုလသမဂ္ဂတို့ပါ သိရှိနိုင်စေရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့်သတင်းလွတ်လပ်ခွင့်အတွက် အသက်ကိုရင်းကာ အားထုတ်ခဲ့သည့် ပါကြီး ခေါ် ကိုအောင်ကျော်နိုင်အား ဂုဏ်ပြုပါကြောင်း PEN Myanmar က ကတိပြုမှတ်တမ်းတင်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.