ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း


‘‘ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများ’’အမည်ဖြင့် အနုပညာဆိုင်ရာစာပေနှင့်ပတ်သက် သည့်ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာ၊ အနုပညာရှင် ပန်းချီထိန်လင်းက ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် Conceptual Art နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့်အနုပညာလက်ရာများအကြောင်းကို ဉာဏ်ရှေ့ သွားအနုပညာဟု ဘာသာပြန်ဖွင့်ဆို၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆွေး နွေးရာတွင် Conceptual Art အနုပညာ လက်ရာများအကြောင်းနှင့်အနုပညာလက်ရာရှင်တို့၏ အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ စာပေအရေးအသားများနှင့် ပတ်သက်၍ ပြည်တွင်းမဂ္ဂဇင်းများတွင် Conceptual Art အကြောင်းများကို အခြားသောကလောင်အမည်များဖြင့်ရေးသားခဲ့ကြောင်း၊ အနုပညာလက်ရာများအကြောင်း ရေးသားရာတွင် ပြည်တွင်းမှ စာပေအနုပညာလက်ရာများဖြင့် အားဖြည့် ရေးသားခဲ့ကြောင်း၊ Conceptual Art ပြပွဲများကို နိုင်ငံတကာပြပွဲအချို့တွင်တွေ့မြင်ခဲ့ကြောင်းနှင့် ဉာဏ်ရှေ့သွားအနုပညာသည် ခံစားမှု၊ လှပတင့်တယ်မှုတို့ကိုသာ ဖော်ကျူးတင်ပြသည်မဟုတ်ဘဲ အတွေးအခေါ်အယူအဆ၊ အသိဉာဏ်ပညာတို့ကို အခြေ ခံ၍ တင်ပြသော အနုပညာလက်ရာများဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
‘‘ဉာဏ်ရှေ့သွားအနုပညာ’’ဆိုသောအမည်ကို အသုံးပြု၍ ပန်းချီထိန်လင်းက Conceptual Art နှင့်ပတ်သက်သော စာအုပ် တစ်အုပ်ကို ရေးသားခဲ့သည်။ Conceptual Art ကို အနုပညာရှင် ပိုပို က ‘‘အယူအဆအဓိကအနုပညာ ကြေညာစာတမ်း’’ အမည်ဖြင့် စာအုပ်တစ်အုပ်ရေးသား၍ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် စိတ်ကူးချိုချိုစာပေမှ ထုတ်ဝေခဲ့သည်။ ထိုစာအုပ် တွင် Conceptual Art နှင့်ပတ်သက်၍ ‘‘အယူအဆအဓိကအနုပညာဟာ ရောင်းချ နိုင်တဲ့၊ စုဆောင်းထားနိုင်တဲ့ အနုပညာ ဝတ္ထုတွေရဲ့ အစဉ်အလာဂုဏ်တွေကို စိန်ခေါ်တာပဲ ဖြစ်တယ်။ တနည်းအားဖြင့် အယူအဆအဓိကအနုပညာကို စားသုံးသူ လူ့အဖွဲ့အစည်းအပေါ် ဝေဖန်သုံးသပ်ချက်တစ်ရပ်အဖြစ်လည်း မြင်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီလက်ရာမျိုးဟာ အစဉ်အလာပုံသဏ္ဍာန်မျိုးကို မယူထားဘဲကြည့်သူဆီက ပိုပြီးတက်ကြွတဲ့ တုံ့ပြန်မှုမျိုးကို တောင်းဆိုတယ်’’ဟု ရေးသား ဖော်ပြထားသည်။
ဟန်ဆန်း
မှတ်ချက် ။ ။ ဖော်ပြပါစာသားနှင့် ပုံများမှာ ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ ဟန်ဆန်း/ဟန်ဇော်၏ ဝက်ဘ်ဆိုက်ဖြစ်သော www.hansann.com ရှိ ဉာဏ်ရှေ့သွားအနုပညာနှင့်အကြောင်းစပ်သည့်အရေးအသားများအကြောင်း မှ ကူးယူဖော်ပြပါသည်။