PEN Myanmar ၏ ကြေညာချက် (၄/၂ဝ၁၆)

PEN Myanmar ၏ ကြေညာချက် (၄/၂ဝ၁၆)၊ ၃ဝ ရက်၊ ဇွန်လ၊ ၂ဝ၁၆ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

လူထု၏ သတင်းသိပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အစိုးရကဲ့သို့သော အများပြည်သူဆိုင်ရာအစုအဖွဲ့များအနေဖြင့် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို ဝိုင်းဝန်းကာကွယ်မြှင့်တင်စောင့်ရှောက်ကြပါရန် တိုက်တွန်းတောင်းဆိုခြင်း

၁။ ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းနေသည့် ယခုအချိန်အခါမျိုးတွင် လူထု၏ သတင်းသိပိုင်ခွင့်ကို ကာကွယ်ရန်အရေးမှာ အလွန်အရေးကြီးသည့်ကိစ္စ ဖြစ်ပါသည်။  သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်သည်လည်း ယင်း၏တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်အတူ လွန်စွာအရေးကြီးပါသည်။ သတင်းမီဒီယာတစ်ခုတွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်၏ ကိုးကားစကား၊ စာသားများနှင့်ပတ်သက်လျှင် ဘက်လိုက်ရေးသားမှုမျိုး မဟုတ်ဘဲ အချက်အလက် မှန်ကန်မှုရှိပါက အဆိုပါသတင်းအား ရေးသားသူနှင့် ပုံနှိပ်ဖော်ပြသော သတင်းမီဒီယာ၏ တာဝန်ယူမှု၊ တာဝန်ခံမှုသည် လုံလောက်ပြည့်စုံပြီး ဖြစ်ပါသည်။

၂။ သတင်းမီဒီယာ၏ လွတ်လပ်ခွင့်ဆိုသည်မှာ  သတင်းအချက်အလက်များအား များနိုင်သည်ထက်များအောင် ဖွင့်ချရမည်ဖြစ်ပြီး ကန့်သတ်ချက်များကို နည်းနိုင်သမျှနည်းအောင် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ခြင်းဟူသည့် လွတ်လပ်စွာသတင်းအချက်အလက် ရယူခွင့်၏အခြေခံစည်းမျဉ်းကို ကျင့်သုံးအာမခံပေးခြင်း ပင် ဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့်သည် လူထု၏သတင်းသိပိုင်ခွင့်ကို အစွမ်းကုန်ဖြည့်စွမ်းနိုင်ရန်အလို့ငှာ ကျင့်သုံးရခြင်း ဖြစ်ပါသည်။

၃။ 7 Day သတင်းစာ၏ ၂ဝ၁၆ ဧပြီ ၂၄ ရက်တွင် ဖော်ပြခဲ့သော သတင်းမှာ သတင်းရင်းမြစ်၏ အမှန်တကယ် ပြောကြားခဲ့သော စကားများကို တိုက်ရိုက် ကိုးကားခဲ့ခြင်းဖြစ်ရာ ယင်းစကားများ၏တာဝန်ကို သတင်းရင်းမြစ်ကသာ ခံယူသင့်ပြီး ရေးသားသူသတင်းသမားနှင့် 7 Day သတင်းစာတို့မှာ သတင်းမှန်-မမှန်ကိုသာ တာဝန်ခံသင့်ပါသည်။ 7 Day ၏ အဆိုပါသတင်းသည် လူထု၏ သတင်းသိပိုင်ခွင့်အလို့ငှာ ကိုးကားဖော်ပြခဲ့သောသတင်းဟု ဆိုရပါမည်။

၄။ သို့ရာတွင် ထိုသတင်းဖော်ပြမှုအား ကြီးလေးပြင်းထန်သော ရာဇသတ်ကြီးပုဒ်မ(ပြစ်မှုဆိုင်ရာဥပဒေ)ဖြင့် တရားစွဲဆိုမှုပေါ်ပေါက်လာရာမှ ပိုမိုရှုပ်ထွေးသော ရလဒ်များ ပေါ်ထွက် လာရပါသည်။

(က) ပထမဆုံးရလဒ်မှာ တရားစွဲဆိုသူနှင့် စွဲဆိုခံမီဒီယာတို့ နှစ်ဘက်တွေ့ဆုံညှိနှိုင်းနိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အားထုတ်ပေးခြင်း ဖြစ် ပါသည်။ ကြိုဆိုရသော ဆောင်ရွက်ချက် ဖြစ်ပါသည်။ သို့သော် ထိုကြားခံစီစဉ်ပေးမှု၏ အဖြေမှာ စွဲဆိုခံသတင်းမီဒီယာက ထိုသတင်းဖော်ပြမှုမှာ နားလည်မှု လွဲမှားစေခဲ့သည့် ရေးသားဖော်ပြမှုအဖြစ် တောင်းပန်ခြင်း ဖြစ်နေပါသည်။

(ခ) သတင်းအချက်အလက် မမှားမှန်းသိလျှက်နှင့် သတင်းမီဒီယာက တရားစွဲခံရမှုမှ လွတ်ကင်းစေရန်သက်သက်အတွက် တောင်းပန်စေခြင်းသည် သတင်း ကျင့်ဝတ်၏ အခန်းကဏ္ဍကို သိမ်ငယ်အောင်ပြုရာ ရောက်ပါသည်။ သတင်းလွတ်လပ်ခွင့်အား အကာအကွယ်ပေးခြင်းဟူသည် သတင်းသမားများအား တရားစွဲဆိုခံရခြင်းမှ လွတ်ကင်းအောင် ဆောင်ရွက်ပေးခြင်းသက်သက် မဟုတ်သည်ကို သတိပြုရပါမည်။ သတင်းသမားများနှင့် သတင်းတည်းဖြတ်သူများ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို အာမခံခြင်း၊ အကာအကွယ်ပေးခြင်းသည်သာလျှင် သတင်းလွတ်လပ်ခွင့်အား အကာအကွယ်ခြင်းဟု ဆိုရမည် ဖြစ်ပါသည်။ ထိုသို့သောနည်းလမ်းဖြင့် သတင်းလွတ်လပ်ခွင့်အား ကာကွယ်ခြင်းသည်သာ လူထု၏သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရာ ရောက်ပါသည်။

(ဂ) ထို့ကြောင့် ယခုကဲ့သို့ တောင်းပန်ရန်ဆုံးဖြတ်မှုသည် တရားစွဲဆိုခံသတင်းမီဒီယာရှိ သတင်းသမားများနှင့် သတင်းတည်းဖြတ်သူများ၏ လွတ်လပ်သော ဆန္ဒအစစ်အမှန် ဟုတ်-မဟုတ် ဆန်းစစ်ရန်လည်း လိုအပ်လာစေပါသည်။ ကြီးလေးပြင်းထန်သော ပြစ်မှုဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုခံရခြင်းဟူသော ဖိအားကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဆိုလျှင် တရားဥပဒေ စိုးမိုးမှုအပေါ် အယုံအကြည်ကင်းမဲ့နေသေးကြောင်း ပြသရာရောက်ပါသည်။

၅။ လူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းဆောင်ရွက်နေသည့် လွတ်လပ်သော သတင်းမီဒီယာများအား ဆွံ့အတွန့်ဆုတ်သွားစေနိုင်သည့် မည်သို့သော အပြုအမူမျိုးကိုမဆို PEN Myanmar က သဘောမတူပါ။

၆။ ထို့ကြောင့် လူထု၏သတင်းသိပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အစိုးရကဲ့သို့သော အများပြည်သူဆိုင်ရာအစုအဖွဲ့များအနေဖြင့် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို ဝိုင်းဝန်းကာကွယ်မြှင့်တင်စောင့်ရှောက်ကြပါရန် PEN Myanmar က အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.