PEN Myanmar ၏ ကြေညာချက် (၅/၂ဝ၁၆)

PEN Myanmar ၏ ကြေညာချက် (၅/၂ဝ၁၆)၊ ၁ဝ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၆ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ရသစာပေဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားပြုနေသော တည်ဆဲဥပဒေများနှင့် တရားရုံးစီရင်ထုံးများကို ပြန်လည်စိစစ်သုံးသပ်ပြင်ဆင်ပေးပါရန် တိုက်တွန်းတောင်းဆိုခြင်း

၁။ ရသစာပေဆိုသည်နှင့် ပတ်သက်၍ မြန်မာစာပေပညာရှင် မောင်ခင်မင်(ဓနုဖြူ)က(တက္ကသိုလ်ပညာပဒေသာစာစောင် အတွဲ ၁၃၊ အပိုင်း ၆၊ ၁၉၇၉ ခု ဒီဇင်ဘာလ)၌ ဖွင့်ဆိုရှင်းပြထားရာမှာ-စာရေးရာတွင် အခြေခံအားဖြင့် ရည်ရွယ်ချက်နှစ်မျိုးရှိသည်ဟု ပညာရှင်တို့ ဆိုကြပါသည်။ တစ်မျိုးသည် စာရေးသူ သိထားသော အကြောင်းအရာ၊ အချက်အလက်တို့ကို စာဖတ်သူလည်း သိလာအောင် အသိပညာဗဟုသုတပေးလိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ‘အသိပညာ ရည်ရွယ်ချက်’ဟု ခေါ်နိုင်ပါသည်။ နောက်တစ်မျိုးမှာမူ စာရေးသူ၏ စိတ်တွင်ပေါ်ပေါက်လာသော ချစ်ခင်မှု၊ ရွှင်မြူးသနားမှု၊ ကြောက်ရွံ့မှုစသည့် စေတနာ တို့ကို အခြေခံ၍ စာဖတ်သူ၏ စိတ်တွင်လည်း အလားတူစေတနာမျိုးပေါ်ပေါက်လာအောင် နှိုးဆော်ပေးလိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ‘စေတနာရည် ရွယ်ချက်’ဟု ခေါ်နိုင်ပါသည်။ အသိပေးရည်ရွယ်ချက်ဖြင့် ရေးသောစာကို ‘သုတစာ’ ဟုခေါ်၍ စေတနာရည်ရွယ်ချက်ဖြင့် ရေးသောစာကို ‘ရသစာ’ဟု ခေါ်ပါသည်ဟု ဖော်ပြပါရှိပါသည်။

၂။ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် တစ်ပါတီအာဏာရှင်လက်ထက်မှစ၍ ရသစာပေဖန်တီးသူ စာပေအနုပညာရှင်များကို အသရေဖျက်မှု ပုဒ်မများဖြင့် လည်းကောင်း၊ တင်းကျပ်သော ဆင်ဆာစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်းဖြင့်လည်းကောင်း ဖိနှိပ်ချုပ်ချယ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် ရသစာပေရေးသားသူ စာရေးဆရာများ ၊ ခေတ်ကို တို့ထိသရော်သူစာရေးဆရာ ၊ ကဗျာဆရာများစွာကို တည်ဆဲဥပဒေများဖြင့် ပြင်းထန်စွာအရေးယူခဲ့သည်။

၃။ ယခုအခါ လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန်ကြိုးပမ်းနေသည့် ခေတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ပြည်သူတို့၏လွတ်လပ်သော စိတ်ဆန္ဒဖြင့်တစ်ခဲနက် ရွေးချယ်လိုက်သော ဒီမိုကရေစီနည်းကျ အစိုးရသစ်တစ်ရပ်လည်း ပေါ်ထွန်းလာပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစနစ်၏ အခြေခံစံနှုန်းများဖြစ်သော  ပြည်သူတို့၏ အခြေခံလူ့ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားနိုင်ခွင့်ကို အကာအကွယ် ပေးရန် လိုအပ်လျက်ရှိနေဆဲပင်ဖြစ်ပါသည်။

၄။  ရသစာပေ၏ သဘောသဘာဝကို နားလည်သဘောပေါက်နိုင်စွမ်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိမ့်ကျလျက်ရှိရာ ရသစာပေအပေါ် တိုက်ခိုက်ထိုးနှက်စာအဖြစ် သဘောထားသောဓလေ့သည် လူထုကြားတွင်သာမက တရားစီရင်ရေး မဏ္ဍိုင်ကိုပါ ရိုက်ခတ်နေသည်ဟုဆိုရန် ရှိလာပါသည်။  ၂ဝ၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့ထုတ် တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံ ရသအက်ဆေးကို သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့ပါသည်။ တရားရုံးကလည်း ဂုဏ်အသရေညှိုးနွမ်းစေကြောင်း ထင်ရှားပေါ်ပေါက်သည်ဟု အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ ယခုဖြစ်ရပ်မှာ ရသစာပေကို ခံစားနားလည်နိုင်စွမ်း နည်းပါးနေကြောင်းသက်သေဟု ဆိုနိုင်မည်ဖြစ်သကဲ့သို့ ရသ စာပေရေးသားသူ စာရေးဆရာများ၏ ကလောင်သွားကို တုံ့ဆိုင်းစေတော့မည်ဖြစ်ပါသည်။ ယင်းအချက်သည် မြန်မာစာပေလောကအတွက် ကောင်းမွန်သော ပုံရိပ်လက္ခဏာတစ်ရပ် မဟုတ်ပေ။  ရသစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဟန့်အတားဖြစ်စေပါသည်။ လွတ်လပ်စွာ တွေးခေါ်မြော်မြင်ပိုင်ခွင့်ဟူသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၏ အသက်လည်းဖြစ်ရာ ယခုဖြစ်ရပ်သည် အနုပညာစိတ်ကူးစွမ်းရည် ကွန့်မြူးခွင့်ကိုသာမက လွတ်လပ်စွာ တွေးခေါ် မြော်မြင်ပိုင်ခွင့်ကိုပါ တစ်နည်းတစ်ဖုံ ထိခိုက်နစ်နာစေသည့်ဖြစ်ရပ် ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ ရသစာပေဖန်တီးမှုကို အဟန့်အတားဖြစ်အောင် တည်ဆဲဥပဒေပုဒ်မများအား လိုသလိုစွဲယူအသုံးပြု၍ တရားစွဲဆိုခြင်း၊ လက်ခံကြားနာခြင်း၊ အပြစ်ပေးခြင်းများကို ပဲန်မြန်မာက သဘောမတူပါကြောင်းနှင့် မြန်မာ့ရသစာပေ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားပြုနေသော ခေတ်နှင့်မလျော်ညီတော့သည့် တည်ဆဲဥပဒေများနှင့်တရားရုံးစီရင်ထုံးများကို ပြန်လည်စိစစ်သုံးသပ်ပြင်ဆင်ပေးပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.