PEN Myanmar ၏ ကြေညာချက် (၈/၂ဝ၁၆)

PEN Myanmar ၏ ကြေညာချက် (၈/၂ဝ၁၆)၊ ၂၈ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၆ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ပြည်သူလူထု၏ သတင်းအမှန်သိပိုင်ခွင့်ကို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဖြည့်စွမ်းပေးရန် တိုက်တွန်းခြင်း

၁။ The Daily Eleven သတင်းစာတွင်ဖော်ပြပါရှိသော ”ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်နှင့်ဆက်စပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group မှ CEO  ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဝေဖြိုးတို့အား ပုဒ်မ-၆၆(ဃ) ဖြင့် တရားစွဲဆိုထားပါသည်။

၂။ အမှုရင်ဆိုင်ဆဲကာလ၌ပင် ၂ဝ၁၆ ဒီဇင်ဘာ ၂၇ Daily Eleven သတင်းစာမှာ”အနူးအညွှတ်တောင်းပန်ခြင်း” ခေါင်းစီးတပ်၍ တောင်းပန်စာဖော်ပြလာပါသည်။

၃။ အဆိုပါတောင်းပန်စာ၌ ”အယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက်အချို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိဖော်ပြထားသော လွဲမှားသည့်အချက်အလက်များ ဖြစ်နေခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်” ဟု ဖော်ပြပါရှိပါသည်။

၄။ ဆက်လက်ဖော်ပြထားရာမှာ ”အဆိုပါရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာထိခိုက်နစ်နာစေမှုဖြစ်ပေါ်စေခဲ့သူအားလုံးကို Eleven Media Group ၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင် ဤသို့မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့်အတူ အနူးအညွှတ်တောင်းပန်အပ်ပါသည်”ဟု ဖော်ပြပါရှိပါသည်။

၅။ သတင်းအချက်အလက်များကို တိကျသေချာမှုမရှိဘဲ ရေးသားထုတ်ပြန်ခြင်းသည် စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်သည်သာမက သတင်းဖတ်သော လူထု၏ သိပိုင်ခွင့်ကို မလေးစားမလိုက်နာခြင်းဖြစ်ပါသည်။ မှားယွင်းသည်ဟု သိလျင်သိချင်း ဝန်ခံထုတ်ဖော်ကာ စာဖတ်သူလူထုအား တောင်းပန်သင့်ပါလျက် အချိန်ကြာမြင့်စွာ ဆိတ်ဆိတ်နေခြင်းသည်လည်း စာနယ်ဇင်းတို့၏ ကျင့်ဝတ်တစ်ခုဖြစ်သော မှန်ကန်သောသတင်းကို မြန်ဆန်စွာထုတ်ပြန် အသိပေးခြင်းအား မလိုက်နာခြင်းဖြစ်ပါသည်။ စာနယ်ဇင်းသမားများအနေဖြင့် ကျင့်ဝတ်သိက္ခာပြည့်ဝစွာ ရပ်တည်နိုင်ရန် အမှားကင်းစွာဖြင့် သတင်းများ ထုတ်ပြန်ခြင်းအပြင် မှားယွင်းမှုကို အလျင်အမြန် တာဝန်ယူရဲစွာ ဖော်ထုတ်ဝန်ခံခြင်းသည်လည်း မဖြစ်မနေလိုအပ်ပါသည်။

၆။ သတင်းမီဒီယာသမားများက သတင်းမှားယွင်းဖော်ပြလျှင် သက်ဆိုင်ရာကာယကံရှင်၏ အငြိုအငြင်နှင့် တရားစွဲဆိုမှုကိုသာ ကြောက်ရွံ့ရမည်မဟုတ်ဘဲ သတင်းသိပိုင်ခွင့်အစစ်အမှန်ကို မဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် သတင်းစာဖတ်သူလူထု၏ ယုံကြည်မှု ပျက်ယွင်းမည့်အရေးကို ဦးစားပေး စိုးရိမ်သင့်သည်။

၇။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှထုတ်ပြန်သော သတင်းမီဒီယာကျင့်ဝတ်၊ မီဒီယာအစီအစဉ်များဆိုင်ရာကျင့်ဝတ်များ (၁.၂)။ တွင် အကယ်၍မတိကျသော၊ အနက်ကောက်လွဲစေသော၊ ပုံဖျက်ထားသော အချက်အလက်များကို ဖော်ပြမိပါကလည်း အချိန်မဆိုင်းဘဲ ပြင်ဆင်ချက်ထုတ်ပြန်ရမည်။ ထိုသို့ပြင်ဆင်ချက်ထုတ်ပြန်ရာတွင်လည်း မူလဖော်ပြချက်နှင့် အနီးစပ်ဆုံးနေရာတွင် ပေါ်လွင်ထင်ရှားစွာ အမြန်ဆုံးပြင်ဆင်ဖော်ပြပေးရမည်။ ထိုမတိကျမှုကြောင့် ထိခိုက်နိုင်သော လူ/အဖွဲ့အစည်းများအားလုံးကိုလည်း ပြန်လည်ဖြေရှင်း တုံ့ပြန်ဆောင်ရွက် ခွင့်ပေးရမည် ဟု ဖော်ပြပါရှိပါသည်။

၈။ သို့ဖြစ်ပါ၍ Eleven Media Group အပါအဝင် သတင်းမီဒီယာနှင့်သက်ဆိုင်သောအဖွဲ့အစည်းအားလုံးသည် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည်ကြရန်နှင့် ပြည်သူလူထု၏ သတင်းအမှန်သိပိုင်ခွင့်ကို ဖြည့်စွမ်းပေးကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.