PEN Myanmar ၏ ကြေညာချက် (၁/၂၀၁၇)

PEN Myanmar ၏ ကြေညာချက် (၁/၂၀၁၇)၊ ၃၀ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

တရားမျှတမှုအား နှုတ်ပိတ်စေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းခြင်း

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ယခုလ ၂၂ ရက်မှ စတင်သွားရောက်ခဲ့ကာ ယမန်နေ့ ဇန််နဝါရီ ၂၉ ရက်ညနေတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ယင်းနှင့်အတူ လူသတ်တရားခံအား ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့သော တာဝန်သိပြည်သူတစ်ဦးဖြစ်သည့် အငှားယာဉ်မောင်းသမား ဦးနေဝင်းလည်း ယင်းသေနတ်ဖြင့်ပင် သတ်ဖြတ်ခံခဲ့ရပါသည်။

၂။ ယခုဖြစ်ရပ်တွင် နိုင်ငံတော်ကို ကိုယ်စားပြုကာသွားရောက်သည့် ပြည်ပခရီးစဉ်နောက်ဆုံးအချိန်၌ဖြစ်သဖြင့် နိုင်ငံတာဝန်ထမ်းဆောင်ဆဲသေဆုံးရမှုအဖြစ် သတ်မှတ်ရပါမည်။ အထူးသဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထဲရေဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ အကြီးအကဲအချို့လည်းပါဝင်ရာ ယင်းအဖွဲ့၏လုံခြုံရေးကို အပြည့်အဝတာဝန်မယူနိုင်ခဲ့ခြင်းသည် လွန်စွာကြီးမားသော လုံခြုံရေးဆိုင်ရာ အားနည်းချက်အဖြစ် ရှုမြင်ရမည်ဖြစ်ပါသည်။

၃။ ထို့ပြင် ၁၉၈၈ ခုနှစ်နှောင်းပိုင်းတွင် အရပ်သားများအား သေနတ်လက်နက်များ ကိုင်ဆောင်ခွင့်လိုင်စင်ကို ချပေးခဲ့ခြင်း မရှိတော့ပါလျက် ယခုကဲ့သို့ အရပ်သားတစ်ဦးက လက်နက်များ ကိုင်ဆောင်ကာအနီးကပ်ပစ်ခတ်လုပ်ကြံနိုင်ခြင်းသည် အရပ်သားများ လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာမူဝါဒနှင့် ယင်းအတိုင်း ဆောင်ရွက်သည့် တရားဥပဒေစိုးမိုးနိုင်ခြင်း ရှိ-မရှိကို မေးခွန်းထုတ်ရပါလိမ့်မည်။

၄။ ဥပဒေပညာရှင်တစ်ဦးဖြစ်ရုံသာမက မိမိတရားမျှတ၊ မှန်ကန်သည်ထင်သည့်အရာများကို လွတ်လပ်စွာပြောဆိုတတ်သူဦးကိုနီ လုပ်ကြံခံရခြင်းသည် တရားမျှတမှုအား နှုတ်ပိတ်စေခြင်းအဖြစ် မှတ်ယူနိုင်ပါသည်။

၅။ ထို့ပြင် ဥပဒေနှင့်မညီသော လုပ်ကြံသတ်ဖြတ်မှုကို ကာကွယ်တားဆီးရန်အားထုတ်ခဲ့သည့် ဦးနေဝင်းအနေဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝန်ထမ်းများ၏ အကူအညီသော်မျှမရဘဲ သေဆုံးခဲ့ရခြင်းသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသား အများပြည်သူလူထု၏ အသက်စည်းစိမ်အိုးအိမ်မှာ မည်သည့်နေရာတွင်ဖြစ်စေ လုံခြုံနိုင်ခြင်းမရှိဟု ဆိုလိုရာရောက်နေပါသည်။

၆။ ယခုဖြစ်ရပ်တွင် အမှုမှန်ပေါ်ပေါက်ရေးနှင့် လုပ်ကြံသတ်ဖြတ်မှုအား ကြံစည်သူ၊ ဆောင်ရွက်သူ၊ အားပေးကူညီသူအားလုံးအား ဖော်ထုတ်အရေးယူနိုင်ရေးမှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဖမ််းဆီးရမိထားသော လုပ်ကြံသတ်ဖြတ်သူအား နှုတ်ပိတ်မှု(သို့)ကိုယ်တိုင်နှုတ်ပိတ်မှုမျိုး မဖြစ်စေရန် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း အထူးဂရုစိုက်သင့်ပါသည်။

၇။ ပဲန်မြန်မာအနေဖြင့် ဥပဒေသမားကောင်းဖြစ်သည့် ဦးကိုနီနှင့် ပြည်သူကောင်းဖြစ်သည့် ဦးနေဝင်းတို့ သေဆုံးရခြင်းကို အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် လက်ရှိနိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့များဖြစ်သော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူထားသော တရားရေးဌာနများအား နိုင်ငံ၏အရေးကြီးသော ခေါင်းဆောင်များနှင့် ပညာရှင်များအပါအဝင် ပြည်သူလူထု၏ အသက်အိုးအိမ်အား အချိန်နေရာမရွေး ကာကွယ်စောင့်ရှောက်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.