PEN Myanmar ၏ ကြေညာချက် (၂/၂၀၁၇)

PEN Myanmar ၏ ကြေညာချက် (၂/၂၀၁၇)၊ ၆ ရက်၊ ဇွန်လ၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဖွဲ့စည်းလိုက်ခြင်းအတွက် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုကြောင်း သဝဏ်လွှာ

၂၀၁၇ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ညီလာခံကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အမှုဆောင် (၁၅)ဦးကို အဖွဲ့ဝင်ကာတွန်းဆရာများ၏ လွတ်လပ်သောမဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း ကြားသိရပါသည်။

မြန်မာနိုင်ငံ စာပေလောကတွင် ကာတွန်းဆရာများသည်လည်း ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကိုလျှောက်သူများပီပီ ခေတ်ကိုထင်ဟပ်သော ပြောင်မြောက်ထိရှသည့် ကာတွန်းများဖြင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ယုံကြည်ကျင့်သုံး အားထုတ်နေသူများဖြစ်ကြောင်း သမိုင်းက သက်သေထူလျက်ရှိပါသည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးပါသော ခေတ်ကိုထင်ဟပ်သည့် ကာတွန်းများဖြင့် ပြည်သူကို အသိအမြင်တိုးပွားစေရန် လုပ်ဆောင်နေသည့် ကာတွန်းဆရာများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပါသည်။ ဤကဲ့သို့ စုစည်းညီညွတ်စွာ အသင်းအဖွဲ့တစ်ခု ခိုင်မာစွာဖွဲ့စည်းနိုင်ခြင်းသည် မြန်မာစာပေလောကအတွက် အင်အားတစ်ခုဖြစ်သည်ဟု ပဲန်မြန်မာက ရှုမြင်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းဖွဲ့စည်းနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးမည့်၊ တန်ဖိုးထားမည့် အဖွဲ့အစည်းသစ်တစ်ခုအဖြစ် ပဲန်မြန်မာက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဥက္ကဋ္ဌ

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.