PEN Myanmar ၏ ကြေညာချက် (၄/၂ဝ၁၇)

PEN Myanmar ၏ ကြေညာချက် (၄/၂ဝ၁၇) ၉ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
နိုင်ငံသားများ၏ အသက်နှင့်ခန္ဓာအား ထိခိုက်စေသည့်ကိစ္စရပ်များမှ ကာကွယ်ပေးရန် တိုက်တွန်းခြင်း
၁။ ၂ဝ၁၇၊ အောက်တိုဘာ ၇ ရက် နံနက် ၂ နာရီ ၃ဝ မိနစ်အချိိန်တွင် ရေဦးမြို့မှ မန္တလေးမြို့သို့ စာပေဟောပြောပွဲ ခရီးစဉ်မှ ပြန်လာသော စာရေးဆရာ ညီမင်းညိုနှင့် စာရေးဆရာ ထွဏ်းသွေးအိမ်တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကျောက်ဆည်ရွာထိပ်၌ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရပါသည်။
၂။ အဆိုပါဖြစ်စဉ်၌ စာရေးဆရာ ညီမင်းညိုမှာ မျက်နှာ၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။
၃။ ဤဖြစ်စဉ်သည် စည်းမဲ့ကမ်းမဲ့ မင်းမဲ့စရိုက် အပြုအမူကြောင့် ဖြစ်သကဲ့သို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်သုံး နေသော နိုင်ငံသားများ၏ အသက်နှင့်ခန္ဓာအား ထိခိုက်နစ်နာစေနိုင်လောက်သည့် ပြစ်မှုလည်း ဖြစ်သည်။
၄။ သို့ဖြစ်၍ မည်သည့်ရည်ရွယ်ချက်ကြောင့် ဖြစ်စေ ဤလုပ်ရပ်အား ပဲန်မြန်မာက ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
၅။ ကျူးလွန်သူတရားခံများအား ထိုက်သင့်သည့်အရေးယူမှုကို ဆောင်ရွက်ခြင်းအားဖြင့် နောက်နောင်ဖြစ်ရပ်များကို ဟန့်တားနိုင်မည်ဟု ယူဆပါသည်။
၆။ မြန်မာနိုင်ငံ တစ်နံတစ်လျားသို့ စာပေဟောပြောပွဲအတွက် ခရီးသွားလာနေသော စာရေးဆရာအများအပြား ရှိနေရာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေရန်လည်း အထူးလိုအပ်ပါသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကာကွယ်တားဆီး ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ပဲန်မြန်မာစင်တာ