PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၁/၂ဝ၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၁/၂ဝ၁၈)

၁၈ ရက် ဧပြီ ၂ဝ၁၈ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

၁။မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကြောင့် အကျဉ်းချခံရသော နိုင်ငံရေးအကျဉ်းသားများကို ခေတ်အဆက် ဆက်အစိုးရများက အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်မဟုတ်ဘဲ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ကာ အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

၂။ဆိုင်းငံ့ပြစ်ဒဏ်များနှင့်ဆက်စပ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား လေးနှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်သော အခြေခံ လူ့ရပိုင်ခွင့်ဆိုင်ရာ အကြံပြုသုံးသပ်ခြင်း အစည်းအဝေးသို့ ပဲန်မြန်မာက ၂ဝ၁၅ ခု၊ မတ်လ ၂၅ ရက်နေ့တွင် ပေးပို့သော အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။

၃။အဆိုပါ အစီရင်ခံစာတွင် လွတ်ငြိမ်းသက်သာခွင့်ရသော စာရေးဆရာများ၊ သတင်းထောက်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးလိုလိုသည် စည်းကမ်းသတ်မှတ်ချက်မထားဘဲ အကျဉ်းထောင်များမှ လွတ်မြောက်ရသည်မဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄ဝ၁)အရ ဆိုင်းငံ့ပြစ်ဒဏ်များအဖြစ် ကျန်ရှိနေသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်သော ဥပဒေများ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် နောက်ထပ်တဖန် အရေးယူခံရပါက ကျန်ရှိနေသော ဆိုင်းငံ့ထားသည့် ပြစ်ဒဏ်ကိုပါ ပူးပေါင်းကျခံရမည်ဖြစ်ကြောင်း၊ မိမိအမြင်ကို လွတ်လပ်စွာရေးသားထုတ်ဖော်ပြော ဆိုခဲ့သောကြောင့် အကျဉ်းချခံခဲ့ရသော ပဲန်မြန်မာအဖွဲ့ဝင်များမှာလည်း ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်ခံနေရဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

၄။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်အမှတ် (၁၆/၂ဝ၁၈)အဖြစ် ဧပြီလ ၁၇ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ရာမှာ နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမှုအခွင့်အရေးများကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါသတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့်ထုတ်ပြန် သည့်နေ့မှစ၍ ပယ်ဖျက်လိုက်သည် ဟုဖော်ပြပါရှိပါသည်။

၅။နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်ကြေညာချက်သည် ဆိုင်းငံ့ပြစ်ဒဏ်များကြောင့် မိမိကိုယ်မိမိ ဆင်ဆာဖြတ်တောက်မှုများမှ ကင်းလွတ်ပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ပြည့်ဝစွာသုံးစွဲ အကောင်အထည်ဖော်နိုင်စေမည်ဖြစ်ကြောင်း ပဲန်မြန်မာက ရှုမြင်ပါသည်။

၆။သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်ချက်အမှတ် (၁၆/၂ဝ၁၈)ကို ပဲန်မြန်မာက လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားများအပေါ် စာနာမှုအပြည့်ဖြင့် ဆောင်ရွက်မှုအပေါ် အထူးကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.