PEN Mynamar ၏ ထုတ်ပြန်ကြေညာချက်(၂/၂ဝ၁၈)

PEN Mynamar ၏ ထုတ်ပြန်ကြေညာချက်(၂/၂ဝ၁၈) ၂၄ ရက်၊ ဧပြီလ၊ ၂ဝ၁၈ ခုနှစ်

ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနှင့်ပတ်သက်သည့်တိုင်ကြားစာအပေါ် ဆောင်ရွက်ပြီးစီးခြင်း

၁။ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနှင့်ပတ်သက်ပြီး တိုင်ကြားစာတစ်စောင်ကို ၂ဝ၁၇ နိုဝင်ဘာ ၁၄ ရက်နေ့စွဲဖြင့် လက်ခံရရှိခဲ့ပါသည်။ ၂ဝ၁၇ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့များက ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်ခ်တွင် တိုင်ကြားသူ မဇာခြည်ဦးက နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့များတွင် လွှင့်တင်ထားသည့် မူရင်းဖော်ပြချက်အတိုင်း သက်သေခံအထောက်အထားများ မပါဘဲ ပေးပို့တိုင်ကြားစာအဖြစ် လက်ခံရရှိခဲ့သည်ကို ပဲန်မြန်မာ၏ထုတ်ပြန်ကြေညာချက် ၅/၂ဝ၁၇ အဖြစ် ၂ဝ၁၇ နိုဝင်ဘာ ၁၆ ရက် နေ့က ထုတ်ပြန်ခဲ့ပါသည်။

၂။တိုင်ကြားစာတွင် ”ပဲန်မြန်မာတွင် Sexual Harassment လုပ်နေသူအား အရေးယူပေးပါရန်နှင့် ယင်းဖြစ်ရပ်များကို ကာကွယ်ရန်အတွက် တိကျသောစည်းမျဉ်းစည်းကမ်းများ ချမှတ်ပါရန် တိုက်တွန်းခြင်း”ဟု ဖော်ပြပါရှိပါသည်။

၃။အဆိုပါကိစ္စနှင့်ဆက်စပ်၍ ပဲန်မြန်မာ၏ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၆)လုပ်ပိုင်ခွင့် အပိုဒ် (၈)တွင် ဒါရိုက်တာ အဖွဲ့က သင့်လျော်သည်ဟု ယူဆပါက အကြံပေးကော်မတီ သို့မဟုတ် အခြားလိုအပ်သောလုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်သည် ဟူသည့် ပြြာန်းချက်အရ-

(၁) ဒေါ်ခင်မမမျိုး(ဒါရိုက်တာ၊ Myanmar Institute of Peace and Security Studies)

(၂)ဒေါ်ခင်လေး(Triangle Women Support Group)

(၃)ဒေါ်ဆွေဇင်ထိုက်(မန်နေဂျင်းဒါရိုက်တာ၊ CSG Co.,Ltd )

(၄)မောင်လင်းရိပ်(ကဗျာဆရာ)

(၅)မိုဃ်းဇော်(ဥက္ကဌ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ)

(၆)မောင်ရင့်မာ၊ကျောင်းကုန်း၊(စာရေးဆရာ)

(၇)မျိုးမြင့်ညိမ်း(ဥက္ကဌ၊ ပဲန်မြန်မာ)

တို့ဖြင့် ပဲန်မြန်မာက စုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်း ကြေညာချက်အမှတ် ၆/၂ဝ၁၇ ဖြင့် ၂ဝ၁၇ နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

၄။စုံစမ်းရေးကော်မတီက စွပ်စွဲတိုင်ကြားသူ၊ စွပ်စွဲခံရသူ၊ စွပ်စွဲသူက တင်သွင်းသော သက်သေခံလူပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး ထိုတွေ့ဆုံမေးမြန်းမှုများမှ ရရှိသည့်အချက်အလက်များအား အခြေခံ၍ အစီရင်ခံစာတစ်စောင်ကို ပဲန်မြန်မာဒါရိုက် တာဘုတ်အဖွဲ့သို့ ၂ဝ၁၈ ဧပြီ ၁၉ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။

၅။စုံစမ်းရေးကော်မတီအစီရင်ခံစာတွင်-

က။ကွန်ပြူတာထဲသို့ ဦးခင်အောင်အေးက အပြာကားများ ထည့်သွင်းထားခဲ့သည်ဟု မဇာခြည်ဦး၊ မထားဥဿုံတို့က စွပ်စွဲခဲ့စေကာမူ ခိုင်မာသော အထောက်အထားများ မတွေ့ရှိခဲ့ကြောင်း၊ သို့သော် ၄င်းအပေါ် သံသယဖြစ်ဖွယ်ရာအကြောင်းများရှိကြောင်းသုံးသပ်တွေ့ရှိရပေသည်။

ခ။မဇာခြည်ဦး အလုပ်မှနုတ်ထွက်ရခြင်း၊ သို့မဟုတ် ဆက်လက်ခန့်ထားခံရမှုမရှိခြင်းမှာ  ယခုကိစ္စနှင့်စပ်ဆိုင်ကြောင်းပေါ်ပေါက်သည့်အချက်အလက်တစ်စုံတစ်ရာ မတွေ့ရချေ။ ဤကိစ္စကို အကြောင်းပြု၍ ဦးခင်အောင်အေးက မဇာခြည်ဦးအပေါ် ပြဿနာရှာခဲ့သည့် ထွက်ဆိုချက်မရှိချေ။ မဇာခြည်ဦးသည် ပဲန်မြန်မာတွင် တာဝန်ထမ်းဆောင်ခြင်း မပြုတော့သည့်နောက်၊ အချိန်ကာလများစွာ ကွားခြားသည့်အခါတွင်မှ ယခုကိစ္စကို တင်ပြတိုင်ကြားခဲ့ခြင်းဖြစ်ရာ ၄င်းအပေါ် ဦးခင်အောင်အေးက အမျိုးမျိုးပြဿနာရှာခဲ့သည်ဆိုခြင်းကို ယုံကြည်ရန် အကြောင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပေသည်။

ဂ။ဦးခင်အောင်အေးအတွက် ပဲန်မြန်မာသည် အမဲလိုက်စရာ စားကျက်ကြီးသဖွယ်ဖြစ်နေသည်ဆိုခြင်းမှာ ချဲ့ကားပြောဆို၍ စွပ်စွဲခြင်းသက်သက်သာဖြစ်သဖြင့် ဤစွပ်စွဲချက်နှင့်စပ်လျဉ်း၍ ဦးခင်အောင်အေးအပေါ် ငြိစွန်းချက်မရှိကြောင်း တွေ့ရပါသည်။

ဃ။ပဲန်မြန်မာမှထုတ်ပြန်သည့် Sexual Harassament ၏ အဓိပ္ပာယ်သတ်မှတ်ချက် အပိုဒ် ၈(ဂ)(၁)ပါလိင်ကိစ္စကို သိသိသာသာ၊ သို့မဟုတ် အရိပ်အမြွက်ပြသောအရာဝတ္ထုတစ်ခုခုကို ခင်းကျင်းပြသခြင်း ဆိုသည့်အချက်တွင် ငြိစွန်းသည်ဟု သံသယဖြစ်ဖွယ်ရာအကြောင်းများ ရှိကြောင်း သုံးသပ်တွေ့ရှိရပေသည် ဟူ၍ ဖော်ပြပါရှိပါသည်။

၆။ပဲန်မြန်မာသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ဟန့်တားရေးမူဝါဒကို ၂ဝ၁၇ ဒီဇင်ဘာမှစတင် ရေးဆွဲခဲ့ပြီး ၂ဝ၁၈ ဧပြီ ၂၃ ရက်နေ့မှ စတင်၍ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယခုဖြစ်ရပ်မှာ ပဲန်မြန်မာအဖွဲ့ဝင်များအတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ဟန့်တားရေးမူဝါဒ ထုတ်ပြန်ခြင်းမပြုမီ ကာလများက ဖြစ်ပေါ်ခဲ့သောကိစ္စရပ်များဖြစ်သဖြင့် ဤမူဝါဒအရ နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ပါသည်။

၇။သို့ဖြစ်ပါ၍ ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင် ကဗျာဆရာ ခင်အောင်အေးအား စွပ်စွဲတိုင်ကြားခဲ့သည်များနှင့်ပတ်သက်၍ ပဲန်မြန်မာက ကျင့်သုံးသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ဟန့်တားရေးမူဝါဒကို တိကျစွာလိုက်နာရန် တိုက်တွန်းလိုက်ပြီး နောက်နောင် ဤသို့စွပ်စွဲပြစ်တင်မှုများ ပေါ်ပေါက်ခဲ့ပါက ပဲန်မြန်မာက ကျင့်သုံးသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ဟန့်တားရေးမူဝါဒပါ အရေးယူမှုများအတိုင်း ပဲန်မြန်မာ၏ အသင်းအဖွဲ့ဆိုင်ရာစည်းမျဉ်းနှင့်အညီ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ အသင်းဝင်အဖြစ်မှလည်းကောင်း အပြီးတိုင်ထုတ်ပယ်မည်ဖြစ်ကြောင်း ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်ပြီးဖြစ်ပါသည်။

၈။မည်သို့ဆိုစေကာမူ ပဲန်မြန်မာသည် ဝန်ထမ်းများ၊ အသင်းဝင်များ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ အတိုင်ပင်ခံများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် ပဲန်မြန်မာအတွက် အလုပ်လုပ်သူမည်သူမဆိုကို ဂုဏ်သိက္ခာရှိ လေးစားစွာဆက်ဆံခံရပြီး လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်မှုအပါအဝင် မည်သည့်လုပ်ငန်းခွင်နှောင့်ယှက်မှုမျိုးနှင့် ခွဲခြားဆက်ဆံခြင်းမျိုးကိုမဆိုမှ ကင်းဝေးသည့် လုံခြုံစိတ်ချ ရသောပတ်ဝန်းကျင်ကို ဖန်တီးပေးရန် တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.