PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၃/၂ဝ၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၃/၂ဝ၁၈) ၂ ရက်၊ မေလ၊ ၂ဝ၁၈ ခုနှစ်
မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေအနေအကဲဖြတ်အစီရင်ခံစာ ထုတ်ပြန်ခြင်း
၁။ ၂ဝ၁၆ ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေအနေ အကဲဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ယခုအခါ တတိယအကြိမ်အဖြစ် ၂ဝ၁၇-၁၈ ခုနှစ်အတွက် အကဲဖြတ်အစီရင်ခံစာကို ထုတ်ပြန်အပ်ပါသည်။
၂။ ယခုအစီအရင်ခံစာကို ပဲန်မြန်မာနှင့်အတူ မိတ်ဖက်အဖွဲ့အစည်း ၁၈ ခုက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် တိုးတက်မှု အဆင့်အတန်းညွှန်းကိန်း ၆ ခုအပေါ် လေ့လာဆန်းစစ်ကာ ပြုစုထားခြင်း ဖြစ်သည်။
၃။ ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဆောင်ပုဒ်မှာ ‘မီဒီယာ၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေး၊ အစိုးရအာဏာကို ထိန်းကျောင်းပေး’ဟု ဖြစ်သည်။
၄။ယခုနှစ်တွင် ကျရောက်သော ၂၅ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယူနက်စ်ကို နှင့်အတူ ဂါနာသမ္မတနိုင်ငံတို့က မေ ၂ ရက်မှ ၃ ရက်အတွင်း ဂါနာနိုင်ငံတွင် ပူးတွဲကျင်းပသည်။
၅။ ကမ္ဘာ့အသိုက်အဝန်းတွင် ရှိသော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သာမက လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်သည် လွန်စွာ အရေးကြီးပါသည်။ ပဲန်မြန်မာအနေဖြင့် ယခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်ကိုလည်း လွန်စွာ သဘောတူယုံကြည်ပါသည်။
၆။ ထို့ကြောင့် ယင်းဆောင်ပုဒ်၏အနှစ်သာရကို ကြိုဆိုထောက်ခံသောအားဖြင့် ယခုအကဲဖြတ်အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သော မီဒီယာနှင့် ထိရောက်သော တရားဥပဒေစိုးမိုးရေးတို့အားဖြင့် တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ရေးအလို့ငှာ အာဏာရှိအစိုးရ၏ ဦးဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပဲန်မြန်မာ တောင်းဆိုဆန္ဒပြုပါသည်။
ပဲန်မြန်မာစင်တာ