မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေအကဲဖြတ်ခြင်း (၂၀၁၈ ခုနှစ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်မြောက်သည့်အချိန်တွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် နှင့်စပ်လျဉ်း၍ အပြောင်းအလဲမရှိသကဲ့သို့ စိုးရိမ်ဖွယ်ရာ ဆုတ်ယုတ်ကျဆင်းသွားခြင်းလည်း မရှိသည် ကို ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့တို့က ဆန်းစစ်တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ ၂၀၁၈ ခုနှစ်၊ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်အခြေအနေ အကဲဖြတ်ရာတွင် ရနိုင်ချေအမှတ်ပေါင်း ၆၀ အနက် ၂ မှတ်သာ ပေးခဲ့ကြရာ ၂၀၁၇ ခုနှစ် အကဲဖြတ်ရမှတ် နှင့် နှိုင်းယှဉ်ပါက ရမှတ် ၆ မှတ်အထိ လျော့ကျသွားရပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အတွက် ပြတင်းပေါက်တွေ၊ တံခါးတွေကို ပိတ်ထားတယ် ။ ကျွန်တော်တို့တွေဟာ အရင်ခေတ်ကို နောက်ကြောင်းပြန်သွားနေတာပဲ။ (အကဲဖြတ်အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ဦး၏ မှတ်ချက်)

နိဒါန်း

အသိပေးပြောဆိုမှုကို အားပေးခြင်း၊ လွတ်လပ်စွာဆွေးနွေးငြင်းခုံမှုအား အကာအကွယ်ပေးခြင်း၊ အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ပေးခြင်းစသည့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ပတ်ဝန်းကျင်အခြေအနေသည် ဒီမိုကရေစီ နည်းလမ်းတကျ ပြုပြင်ပြောင်းလဲမှု အတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပဲန်မြန်မာက နယ်ပယ်အလိုက် ကျွမ်းကျင်သည့်မိတ်ဖက် အဖွဲ့အစည်းများကို ဖိတ်ခေါ်စုစည်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်မြောက်သည့်အချိန်၌ မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဤအကဲဖြတ် အစီရင်ခံစာကို နှစ်စဉ် မေလဆန်းတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

ဆန်းစစ်လေ့လာမှုတွင် ပါဝင်ခဲ့ကြသည့် ကျွမ်းကျင်သူတို့က ကာကွယ်စောင့်ရှောက်မှု ခိုင်ခံ့အားကောင်းရန် လိုအပ်နေသော အရေးပါသည့်နယ်ပယ်များဖြစ်သည့် သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ သတင်းအချက် အလက်ရယူပိုင်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်း စသည့်နယ်ပယ်များတွင် ပြည်ထောင်စုအစိုးရ၏ လုပ်ဆောင်မှုတိုးတက်ခြင်း ရှိ/မရှိ ဆွေးနွေးသုံးသပ်အကဲဖြတ်ခဲ့ကြပြီး အရေးပါ သော အကြံပြုချက်များကို အဆိုပြုတင်ပြခဲ့ကြသည်။

အမှတ်ပေါင်း ၆၀ အနက် ၂ မှတ်သာ ရရှိခဲ့သော ၂၀၁၈ ခုနှစ် အကဲဖြတ်ရမှတ်က မြန်မာနိုင်ငံတွင် လွတ်လပ်စွာရေး သားထုတ်ဖော်ပြောဆိုခွင့်အပေါ် ခြိမ်းခြောက်မှုတို့ကို အကာအကွယ်ပြုရန် အရေးပါသော ပြုပြင်ပြောင်းလဲမှုများ အစပျိုးထူထောင် ရာ၌ ထူးထူးခြားခြားပင် တိုးတက်ခြင်းမရှိသည်ကို သာမက ရရှိပြီးဖြစ်သောအဆင့်မှပင် နောက်ပြန်လျော့ကျနေသည်ကိုလည်း ညွှန်းဆိုနေပေသည်။ စစ်အစိုးရအုပ်ချုပ်မှုကာလအတွင်း ဆယ်စုနှစ်များနှင့် ချီသော ဖိနှိပ်ချုပ်ချယ်မှုများနှင့် ပတ်သက်ဆက်နွှယ်နေသည့် စိန်ခေါ်မှုများသည် အရေးပါသောအချက်များဖြစ်သည်ကို သိရှိလက်ခံထားကြသော ဆန်းစစ်အကဲဖြတ်သူတို့က အပြောင်းအလဲ တစ်စုံတစ်ရာမရှိသကဲ့သို့ ထူးထူးခြားခြား ဆုတ်ယုတ်ကျဆင်းမှုလည်း မရှိသော နယ်ပယ်များကို ဖော်ထုတ်ညွှန်ပြခဲ့သည့်အပြင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အပေါ် ခြိမ်းခြောက်သည့် အပြုအမူ အလေ့အထများကို အစိုးရကိုယ်တိုင်ကပင် ပါဝင် ဆောင်ရွက်လျက်ရှိသည့်နယ်ပယ်များကိုပါ ဖော်ထုတ်ညွှန်ပြခဲ့သည်။

ယခုအစီရင်ခံစာသည် ပဲန်မြန်မာက တတိယမြောက်ထုတ်ဝေသည့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေ အကဲဖြတ်အစီရင်ခံစာ ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့သော ရှေ့ပြေးနှစ်ဝက်အကဲဖြတ်အစီရင် ခံစာပြုစုရာတွင် ပါဝင်ခဲ့သည့် ကျွမ်းကျင်သူ မိတ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က အကဲဖြတ်အမှတ်ပေါင်း ၆၀ အနက် ၈ မှတ်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလတွင် ထုတ်ပြန်သော တစ်နှစ်တာအကဲဖြတ် အစီရင်ခံစာတွင် မိတ်ဖက်အဖွဲ့အစည်း ၁၄ ဖွဲ့ကလည်း အလားတူ ပင် အကဲဖြတ်အမှတ် ၈ မှတ်ပေးခဲ့သည်။

အကဲဖြတ်သုံးသပ်သည့်နည်းစနစ်

အကဲဖြတ်သုံးသပ်သည့်နည်းစနစ်အား ချဉ်းကပ်ပုံကို ပဲန်မြန်မာက အစပြုရေးဆွဲဖော်ထုတ်ပေးထားခြင်းဖြစ်ပြီး ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများက အားကောင်းခိုင်မာသော လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ပတ်ဝန်းကျင်အခြေအနေ၏ အဓိက အညွှန်းကိန်း ၆ ရပ်ကို အသုံးပြုကာ အစိုးရ၏ အားထုတ်အကောင်အထည်ဖော်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ၊ ဆုတ်ယုတ်မှုများ၊ ကျရှုံးမှုများနှင့် အကောင်အထည်မဖော်မှုများကို ထည့်သွင်းစဉ်းစား အကဲဖြတ်ကြသည်။ အညွှန်းကိန်းတစ်ရပ်ချင်းစီအတွက် အကဲဖြတ် အမှတ်  ဝ မှ  ၁၀(သုညမှတစ်ဆယ်)အထိ ပေးနိုင်ပြီး ဝ(သုည)ရမှတ်သည် ဆုတ်ယုတ်မှု အတွက် ပေးသည့် အနိမ့်ဆုံးရမှတ်ဖြစ်ကာ အလွန့်အလွန်တိုးတက်ကောင်းမွန်ခြင်း အတွက် အမြင့်ဆုံးအမှတ်မှာ ၁၀(တစ်ဆယ်)ဖြစ်သည်။ ရမှတ်စုစုပေါင်းမှာ ဝ မှ ၆၀အထိ ရှိနိုင်ပြီး အနိမ့်ဆုံးရမှတ် ဝ နှင့်အမြင့်ဆုံးရမှတ် ၆၀ ဖြစ်သည်။ အဆုံးသတ်ရမှတ်ရေတွက်မှု မှာ ကျွမ်းကျင်သူအစုအဖွဲ့ တို့က တင်သွင်းသော စုစုပေါင်းရမှတ်ပင် ဖြစ်သည်။

အကဲဖြတ်ဆန်းစစ်သူတို့က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းရှိ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို  သာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်းရှိအခြေအနေကိုလည်း နှိုင်းယှဉ်ချက်အဖြစ် ထည့်သွင်းစဉ်းစားခဲ့ကြသည်။ ယခင်အစိုးရလက်ထက်က အခြေ အနေအတွက် အခြေပြုရည်ညွှန်းနိုင်မည့် အကဲဖြတ်အစီရင်ခံစာ မရှိသည်ဖြစ်၍ အကဲဖြတ်ဆန်းစစ်သူတို့က ယင်းတို့၏ကျယ်ပြန့် သောအတွေ့အကြုံနှင့် ဗဟုသုတပေါင်းစည်းမှု၊ မီဒီယာအစီရင်ခံစာများနှင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အစီ ရင်ခံစာများအပေါ် အခြေပြုကာ ကောက်ချက်ဆွဲသုံးသပ်ခဲ့ကြသည်။ ပဲန်မြန်မာက ဖိတ်ကြားထားသော နယ်ပယ်အလိုက် ကျွမ်းကျင် သူများပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်း ၁၈ ရပ်ကိုသာ ကန့်သတ်ပါဝင်စေခဲ့ရာ၌ နယ်ပယ်အားဖြင့် ကျယ်ပြန့်သည်ဟု ဆိုနိုင်သော် လည်း ယင်းတို့သည် နိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြသော အစုအဖွဲ့အားလုံး၏အမြင်များကို ကိုယ်စားမပြုပါ။ ရန်ကုန် မြို့အခြေစိုက်အဖွဲ့အစည်းများဖြစ်ကြသည့်အလျောက် အဖွဲ့အစည်းအများအပြားသည် အကဲဖြတ်လုပ်ငန်းစဉ်ကို သာ၍ပင်ကျယ်ကျယ် ပြန့်ပြန့်နှင့် အလုံးစုံခြုံငုံပါဝင်စေနိုင်မည့် အမျိုးသားအဆင့် လုပ်ပိုင်ခွင့်ရရှိထားသော အဖွဲ့အစည်းများဖြစ်ကြသည်။ အနာဂတ်တွင် တိုင်းရင်းသားများ နေထိုင်ရာပြည်နယ်များနှင့် တိုင်းဒေသကြီးတို့မှ ကျွမ်းကျင်သူအစုအဖွဲ့များပါ ပါဝင်လာစေနိုင်ရေးကိုလည်း မျှော်မှန်းထားပါသည်။ ဤအစီရင်ခံစာ၏ရည်ရွယ်ချက်မှာ လက်ရှိအခြေအနေကို အကဲဖြတ်အမှတ်ပေးရန်သာဖြစ်ပြီး အစိုးရ၏ဆောင် ရွက်ချက် သို့မဟုတ် ရွေးချယ်မှုများ၏ရည်ရွယ်ချက် သို့မဟုတ် အခြေအနေကိုရှင်းပြရန် မဟုတ်ပါ။

၂၀၁၈ ခုနှစ် အကဲဖြတ်အစီရင်ခံစာထုတ်ပြန်နိုင်ရန် ပဝင်အကဲဖြတ်ဆောင်ရွက်ပေးခဲ့ကြသော ကျွမ်းကျင်သူအဖွဲ့အစည်းများမှာ –

(၁)      Article 19

(၂)      နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)

(၃)      Athan (အသံ)

(၄)      Burma News International (BNI)

(၅)      ညီမျှခြင်းမြန်မာ(Equality Myanmar)

(၆)      လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(Free Expression Myanmar)

(၇)      Human Rights Defenders Forum(HRDF)

(၈)      မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(Independent Lawyers’ Association of Myanmar)

(၉)     Myanmar IT for Development Organization(MIDO)

(၁၀)    မြန်မာသတင်းပညာသိပ္ပံ (Myanmar Journalism Institute)

(၁၁)    မြန်မာဂျာနယ်လစ်ကွန်ရက်(Myanmar Journalist Network)

(၁၂)    မြန်မာနိုင်ငံသတင်းစာဆရာအသင်း(Myanmar Journalists Association)

(၁၃)    မြန်မာစာနယ်ဇင်းသမဂ္ဂ(Myanmar Journalists Union)

(၁၄)    မြန်မာမီဒီယာရှေ့နေများကွန်ရက်(Myanmar Media Lawyers’ Network)

(၁၅)    မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့(Myanmar Women Journalists Society)

(၁၆)    ပဲန်မြန်မာ(PEN Myanmar)

(၁၇)    မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(Protection Committee for Myanmar Journalists)

(၁၈)    ပြည်ကြီးခင်(Pyi Gyi Khin)

(၁၉)    ရန်ကုန်သတင်းပညာသိပ္ပံ (Yangon Journalism Institute) တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါအဖွဲ့အစည်းများအနက်မှ ၄ ဖွဲ့က ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်သော အကဲဖြတ်လုပ်ငန်းစဉ်အစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသဖြင့် ယင်းတို့၏ အကဲဖြတ်အမှတ်များကို နောက်ပိုင်းတွင် ပေးပို့ခဲ့ကြသည်။ ပွင့်လင်းလွတ် လပ်သောဆွေးနွေးမှုနှင့် လုံခြုံစိတ်ချရသောပတ်ဝန်းကျင်တစ်ရပ်ဖြစ်မြောက်စေရန်အတွက် အကဲဖြတ်ရာတွင် ပါဝင်သည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အမည်နာမများကို ထုတ်ဖော်ခြင်း၊ ကိုးကားညွှန်းဆိုခြင်း ပြုလုပ်မထားပါ။ အကဲဖြတ်လုပ်ငန်းစဉ်ဆောင်ရွက်နေစဉ် အတောအတွင်း အကဲဖြတ်အမှတ်ပေးခြင်းတွင် ပါဝင်သည့်အကြောင်းအရာနှင့် ကိုးကားချက်များသည် ကွဲပြားခြားနားသောအမြင်များ ကို ကိုယ်စားပြုဖော်ပြခဲ့ကြပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီက မလိုအပ်ဘဲ ကြန့်ကြာနေစေခြင်း မရှိပါ။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအညွှန်းကိန်းများ

၁။         ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ

၂။         သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု

၃။         ဒစ်ဂျစ်တယ်လွတ်လပ်မှု

၄။         လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်

၅။         သတင်းအချက်အလက်ရယူပိုင်ခွင့်

၆။         လုံခြုံဘေးကင်းခြင်းနှင့်အကာအကွယ်ရှိခြင်း

တွေ့ရှိချက်များ

ရွေးကောက်ပွဲမတိုင်ခင်တုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒပြတာတို့ ဝေဖန်ရေးလုပ်တာတို့အပေါ် ယုံ ကြည်တယ်။ အားလည်းပေးတယ်။ ဒါပေမဲ့ အခုတော့ သူတို့ပြောသမျှ၊ လုပ်သမျှတွေကို ဆန့်ကျင်ဘက် ပြိုင်ပြောရဲတဲ့လူ ရှိလာ ရင် သူတို့က စိတ်ဆိုးတော့တာပဲ ။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

အစိုးရသက်တမ်း ဒုတိယမြောက်နှစ်အတွင်း လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သောအစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာ၌ အကဲဖြတ်အဖွဲ့က ရနိုင်ချေအမှတ်ပေါင်း ၆၀ အနက်မှ ၂ မှတ်သာပေးခဲ့သည်။ အောက်တွင်ဖော်ပြထားသော အကဲဖြတ်အဆင့်သတ် မှတ်ချက်အရ အမှတ်ပေါင်း ၆၀ အနက် ၂ မှတ်သာရခြင်းသည် ပျှမ်းမျှခြင်းအားဖြင့် အမှတ်ပေါင်း ၁၀ မှတ်တွင် ဝ.၃၂ မှတ်  ရရှိခြင်းနှင့် တူညီသည်။ သို့ဖြစ်၍ အကဲဖြတ်ရမှတ်သည် ပြောင်းလဲမှုမရှိခြင်းနှင့် ဆုတ်ယုတ်ခြင်းအကြားတွင် တည်ရှိသည်။

အညွှန်းကိန်းငါးရပ်တွင်မူ ဆုတ်ယုတ်မှုရှိကြောင်း အကဲဖြတ်စစ်ဆေးရာတွင် ပါဝင်သည့် ကျွမ်းကျင်သူများက တွေ့ရှိခဲ့ကြသည်။

  • ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များအညွှန်းကိန်း (ရမှတ်-ဝ.၁/ဆုတ်ယုတ်)
  • မီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှုအညွှန်းကိန်း (ရမှတ်-ဝ.၄/ဆုတ်ယုတ်)
  • ဒစ်ဂျစ်တယ်လွတ်လပ်မှုအညွှန်းကိန်း (ရမှတ်-ဝ/ဆုတ်ယုတ်)
  • လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့်ထင်မြင်ယူဆခွင့်အညွှန်းကိန်း (ရမှတ်-ဝ.ဝ၇/ဆုတ်ယုတ်)
  • လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်းအညွှန်းကိန်း (ရမှတ်-ဝ.ဝ၇/ဆုတ်ယုတ်)

စသည့် အညွှန်းကိန်းများပင်ဖြစ်သည်။ သတင်းအချက်အလက်ရယူပိုင်ခွင့်အညွှန်းကိန်း(ရမှတ်-၁.၃(ပြောင်းလဲမှုမရှိ)တွင် သာလျှင် ၂၀၁၇ ခုနှစ် အကဲဖြတ်ရမှတ် ၁.ဝ ထက် မဆိုစလောက် မြင့်မားသောအကဲဖြတ်အမှတ်ကို ပေးခဲ့ကြသည်။ အကဲဖြတ် အမှတ်ပေးရာ၌ များစွာသော အချက်အလက်တို့အပေါ် အခြေပြု၍ ပေးခဲ့ကြရာ အများပြည်သူအကျိုးအလို့ငှာ စုံစမ်းဖော်ထုတ်၍ သတင်းရေးသားတင်ဆက်ကြသော သတင်းသမားများအား ဖမ်းဆီးအကျဉ်းချရန်အတွက် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ညီညွတ် ခြင်းမရှိသော ခေတ်ဟောင်းဥပဒေများကို အသုံးပြုခြင်း၊ အထူးသဖြင့် ပုဂ္ဂလိကလုံခြုံမှုဥပဒေမှာ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူ ထံမှ အကြံဉာဏ်တောင်းခံခြင်း မရှိသလောက်အနေအထား အားဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ခြင်း၊ ထိုဥပဒေတွင် ဒစ်ဂျစ်တယ် လွတ်လပ်မှုနှင့် သတင်းအချက်အလက်ကာကွယ်စောင့်ရှောက် မှုဆိုင်ရာအခန်းကဏ္ဍများ ပါဝင်မှုမရှိခြင်း၊ အသရေပျက်ယွင်းစေမှုကို ရာဇဝတ်မှုအဖြစ် ဆက်လက်ကျင့်သုံးခြင်း၊ ဥပဒေကြမ်းများ ရေးသားပြုစုရာ၌ အများပြည်သူအကြံပြုမှုနှင့် ပါဝင်ရေးဆွဲခွင့်များ ယေဘုယျအားဖြင့် ကင်းမဲ့နေခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တို့အပေါ် အလေးပေး အခြေပြုသောဥပဒေတစ်ရပ်ဖြစ်လာစေရေးအတွက် ပြင်ဆင်ရန် လိုအပ်မှု၊ အစိုးရပိုင်မီဒီယာများကို ပိတ်သိမ်းမှုမရှိခြင်း၊ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ရေး၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ် ငန်းဥပဒေကို ဖျက်သိမ်းရေး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်စသည့် ပဋိပက္ခဖြစ်ပွားရာဒေများတွင် သတင်း အချက်အလက်ရယူခွင့် ကန့်သတ်ထားခြင်း၊ ဆိုရှယ်မီဒီယာလှုပ်ရှားမှုများကို စောင့်ကြပ်ကြည့်ရှုရန် အစိုးရက ဆုံးဖြတ်ထားခြင်းစသော အချက်အလက်များ အပါအဝင်ဖြစ်သည်။

အကြံပြုချက်များ

ရမှတ်တွေ တိုးတက်လာအောင် ကျွန်တော်တို့တစ်တွေ အတူလက်တွဲလုပ်ကြဖို့ လိုတယ်။ ဆိုလိုချင်တာက အကဲဖြတ်အစီ ရင်ခံစာအကြောင်း နိုင်ငံတစ်ဝန်း လုံးကို အသိပေးမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့နဲ့ပါ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘာလဲ၊ ဒါက ဘာဖြစ်လို့ အရေးပါရတာလဲ၊ ဒါကို ဘယ်လိုကာကွယ်ပေးကြမလဲ ဆိုတာကို သူတို့တွေ ပိုပြီး နားလည်သွားနိုင်မှာ ဖြစ်တယ် ။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

အကဲဖြတ်ဆန်းစစ်ရာတွင် ပါဝင်ခဲ့သော ကျွမ်းကျင်သူတို့က ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်တို့အနေဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ကာကွယ်စောင့်ရှောက်ရေး ခိုင်မာအားကောင်းလာစေရန်နှင့် ပိုမို၍ ပွင့်လင်းလွတ်လပ်သော ဒီမိုကရက် တစ်လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင် ရေးအတွက် ယင်းတို့၏အာရုံစူးစိုက်ဆောင်ရွက်မှုများကို တိုးချဲ့ကာ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်စေမည့် အကြံပြုချက်များစွာတို့ကို အဆိုပြု တင်ပြခဲ့ကြသည်။

သတင်းအချက်အလက်ရယူနိုင်မှုကို အာမခံသော သတင်းအချက်အလက်ရယူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းပြီး ထိုဥပဒေကို အကောင်အထည်ဖော်နိုင် မည့်ယန္တရားများ ထူထောင်ကာ မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေ(၁၉၂၃(Burma Official Secrets Act, 1923) အပါအဝင် အခြားသော ဆက်စပ်ဥပဒေများကို လွှမ်းမိုးနိုင်စွမ်းရှိစေရန်။ အစိုးရအရာရှိများအနေဖြင့် သတင်းအချက်အလက်ထုတ်ပြန်ဖော်ပြရာ၌ ယင်းတို့၏သဘော ထားအလျောက် ထုတ်ပြန်ပေးခြင်းနှင့် ရလဒ်ကောင်းကို ရှေ့ရှုသော ပွင့်လင်းလွတ်လပ်မှုဆိုင်ရာအကြောင်းအရာများကို ယင်းတို့အား လေ့ကျင့်သင်ကြားပေးရန်။ အစိုးရ၏ဒစ်ဂျစ်တယ် ပလက်ဖောင်းဝက်ဘ်ဆိုက်များကို အကျိုးရှိ၊ ထိရောက်၊ ပွင့်လင်းမြင်သာမှုရှိစေရန် ဖော်ဆောင်ပေးရန်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ မတရားအသင်းဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေ(၁၉၂၃)၊ ဆက်သွယ်ရေးဥပဒေစသည့် ဥပဒေများအား နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အကောင်းဆုံးသောအလေ့အထများ ထည့်သွင်းရေးဆွဲပြင်ဆင်နိုင်ရေးအတွက် ပွင့်လင်းလွတ်လပ်၍ အလုံးစုံပါဝင်သော လူထုအကြံဉာဏ်တောင်းခံမှုများ ဆောင်ရွက်သွားရန်။

တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် (၂၀၁၈ ခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့သော)ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် အသရေပျက်ယွင်းစေမှုကို ရာဇဝတ်မှုအဖြစ် ကျင့်သုံးခြင်းမပြုသည့် အသရေပျက်ယွင်းမှုဆိုင်ရာ တရားမဥပဒေတစ်ရပ် ထုတ်ပြန်ရန်။

နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဟု တရားဝင်အားဖြင့် ခေါ်ဆိုသည့် ပုဂ္ဂလိက လုံခြုံမှုဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံသားအစုအဝေးတစ်ရပ်ကို အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုမပါရှိသော ဒစ်ဂျစ်တယ်လွတ်လပ်မှုကို အာမခံ သည့် ဥပဒေအချက်အလက်တစ်ရပ် ထည့်သွင်းရေးဆွဲရန်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာ၌ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူအများအပြား ပိုမိုပါဝင်လာနိုင်စေရန် ဆောင်ရွက်ရန်။ ဥပဒေများကို ထုတ်ပြန်ခြင်း၊ ပြင်ဆင် ခြင်းများ ပြုလုပ်သည့်အခါ မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်သို့ အများပြည်သူ ပါဝင်နိုင်ရေးနှင့် အကြံဉာဏ်ပြုနိုင်ရေးအတွက် ရှင်းလင်းတိကျ သောလမ်းညွှန်ချက်များ ရေးဆွဲခြင်းအပါအဝင် ပွင့်လင်းမြင်သာသည့် ပါဝင်ဆောင်ရွက်ခွင့်ဆိုင်ရာလုပ်ငန်းစဉ်တစ်ရပ်ကိုလည်း ရေးဆွဲ ထားရှိရန်။

စစ်ပွဲဒေသများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများတွင် သတင်းသမားတို့၏ ဘေးကင်းလုံခြုံမှုကို သေချာစွာရရှိစေရေး ဆောင်ရွက်ရန်။ အလားတူပင် လူထုအကျိုးအလို့ငှာ အရေးပါသောပြဿနာများနှင့် အန္တရာယ်ကြီးမားသော စုံစမ်းဖော် ထုတ်မှုများ ဆောင်ရွက်၍ သတင်းရေးသားဖော်ပြသည့် သတင်းသမားများ၏ ဘေးကင်းလုံခြုံမှုကိုလည်း သေချာစွာရရှိစေရေး ဆောင်ရွက်ရန်။ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်မှ လွတ်မြောက်နေမှုများကို အဆုံးသတ်ရပ်တန့်နိုင်ရေးအတွက် လက်ရှိကာလနှင့် ယခင်က ဖြစ်ပွားခဲ့သောလူသတ်မှု၊ ကာယကံမြောက် တိုက်ခိုက်မှုများကို မြွခင်းမချန်စုံစမ်းဖော်ထုတ်ခြင်း၊ တရားစွဲဆိုခြင်းများကို ဆောင်ရွက်ရန်။

သတင်းမီဒီယာဥပဒေတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အမှီအခိုကင်းစွာ ဆောင်ရွက်ပိုင်ခွင့်ကို သေချာစေမည့် ဥပဒေအရ အကာအကွယ်ပေးထားသော အချက်အလက်များ ထည့်သွင်းရေးဆွဲပြင်ဆင်ရန်။ ဤနည်းအားဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ခိုင်မာအားကောင်းသော ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများနှင့်အကာအကွယ်ပြုပေးနိုင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်လာနိုင်မည် ဖြစ်သည်။ အစိုးရဥပဒေအရာရှိများအား အမှုစွဲဆိုသည့်ဘက်မှ ပံ့ပိုးဆောင်ရွက်ရုံမျှမဟုတ်ဘဲ လူထုအကျိုးစီးပွားကိုသာ အခြေခံကျောရိုးအဖြစ် အသုံးပြုနိုင်မည့်လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန်။ တရားစွဲဆိုရန် တိုင်ကြားလာသည့် တရားလိုများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သို့မဟုတ် တရားမရုံးများဆီသို့ လိုအပ်သည့်အတိုင်း ရည်ညွှန်းစေလွှတ်သင့်ပါသည်။

အစိုးရပိုင်ပုံနှိပ်မီဒီယာများကို ပိတ်သိမ်းရန်။ အစိုးရပိုင်ထုတ်လွှင့်မှုမီဒီယာများကို ပိတ်သိမ်းရန် သို့မဟုတ် ပြည်သူ့ဝန်ဆောင်ထုတ်လွှင့်မှုမီဒီယာ အဖြစ် အသွင်ပြောင်းလဲပေးရန်။ ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရန်။ ကွဲပြားခြားနားသော ပိုင်ဆိုင်မှုဖြစ်ပေါ်စေရေးအမြင်နှင့် လူထုအကျိုးစီးပွားတို့နှင့်အညီ ကြောင်းကျိုးညီညွတ်သော လုပ်ငန်းလိုင်စင်များ ချထားပေးခြင်းဖြစ်ရေး သေချာစွာ ဆောင်ရွက်ရန်။ပုံနှိပ်နှင့်ထုတ်ဝေရေးဥပဒေကို ဖျက်သိမ်းရန်။ ပုဂ္ဂလိကမီဒီယာများအတွက် လုပ်ငန်းလိုင်စင်ချထားခြင်းဆိုင်ရာ အထူးတာဝန်များကို ပယ်ဖျက်ရန်။

အင်တာနက်အွန်လိုင်းပေါ်တွင် ပုဂ္ဂလိကလုံခြုံမှုကာကွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်စွမ်း မြှင့်တင်ရေးအပါအဝင် ဘေးကင်း လုံခြုံသောအပြုအမူ အလေ့အထများကို မြှင့်တင်ပေးရန်။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုတားမြစ် ရေးအကြား ချိန်ခွင်လျှာထိန်းညှိပေးသည့် UN Rabat Plan of Actionနှင့်အညီ စိတ်ရှည်သည်းခံမှုပိုမိုထားရှိရေး အစီအစဉ်တစ်ရပ်ကို ဖော် ဆောင်ရန်။ အထူးသဖြင့် အာဃာတနှင့် မလိုမုန်းထားမှုများအား ချေဖျက်ရင်ဆိုင်စေမည့် ဆွေးနွေးမှုအစီအစဉ်များကို ထုတ်လွှင့်မှုမီဒီယာများ နှင့် အခြားမီဒီယာများတွင် ထည့်သွင်းနိုင်ရန်။

လူထုရပိုင်ခွင့်နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်(International Convenant on Civil and Political Rights-ICCPR) နှင့်ယင်း၏နောက်ဆက်တွဲသဘောတူညီချက်များတွင် ပါဝင်လက်မှတ်ရေးထိုးအတည်ပြုရန်။

၂၀၁၅ ခုနှစ်က အဆိုပြုတင်ပြခဲ့ပြီး ယခင်အစိုးရက သဘောတူလက်ခံထားခဲ့သော ကမ္ဘာလုံးဆိုင်ရာပုံမှန်သုံးသပ်ချက်(Universal Periodic Review-UPR)ပါ ပြုပြင်ပြောင်းလဲရေးအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။

ဧပြီ ၉ ရက်နေ့ အကဲဖြတ်လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အဓိကတွေးဆချက်များ

ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ

ရမှတ် ဝ.၁/၁၀(၂၀၁၇ ရမှတ် ၂ မှတ်မှ လျော့ကျ)

ပြင်ဖို့လိုတဲ့ ဥပဒေတွေက အများကြီးပဲ။ ဒါပေမဲ့ ဒါတွေကို ပြင်ရမယ့်အစား သတင်းသမားတွေကို ထောင်ထဲ ပို့ဖို့ပဲ သုံးနေကြတယ်။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

ပြီးခဲ့သောနှစ်အတွင်း လွှတ်တော်က ဆက်သွယ်ရေးဥပဒေအပါအဝင် ဥပဒေပေါင်း ၂၉ ခုကို ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအသစ်တစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့သည်။

ဥပဒေများနှင့်လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များအကြောင်း သင်က ဆွေးနွေးလိုသည်ဆိုပါက ဤအစိုးရ နှင့်ထိတွေ့ဆက်သွယ်ခွင့်ရရှိ ရန် ခဲယဉ်းပြီး အလုပ်မအားလပ်ကြောင်းသာ ပြောကြလေ့ရှိသည်။ ယခင်အစိုးရက ပို၍သဘောထားပျော့ပြောင်းမှုရှိပေသည်။ ဤအစိုးရအား ဥပဒေပြင်ဆင်ရန် သင် တောင်းဆိုလိုက်ပါက မှားယွင်းသောနည်းလမ်းဖြင့် ပြင်ဆင်ခြင်း သို့မဟုတ် မည်သည့်ဆောင်ရွက်ချက်မျှ မရှိခြင်းကိုသာ မြင်တွေ့ရလေ့ရှိသည်။ ဤအစိုးရသည် ယခင်အစိုးရထက်ပင် ခြိမ်းခြောက်မှုပိုသည်။ ပြင်ဆင်ရန် အကြံပြုထားသောဥပဒေများကို ပြင်ဆင်ရမည့် အစား ယင်းဥပဒေများကို အသုံးချ၍ ခြိမ်းခြောက်ခြင်း၊ သတင်းသမားများကို အကျဉ်းချခြင်းစသည်တို့ကို ဆောင်ရွက်နေကြရာ အထူးသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို အသုံးပြုအကျဉ်းချနေခြင်းမှာ သိသာထင်ရှားလှသည်။

ဒီမိုကရေစီနိုင်ငံတစ်ရပ်နှင့် သင့်လျော်လျောက်ပတ်ခြင်းမရှိသော ရာဇသတ်ကြီးဥပဒေပါ ရာဇဝတ်ပြစ်ဒဏ်များ(ဆူပူအြွုံကစေရန် လှုံ့ဆော်မှုအပါအဝင်)ကို ပြုပြင်ပြောင်းလဲမည့်အစီအစဉ် ထုတ်ပြန်ထားခြင်းမရှိဘဲ ယင်းပြစ်မှုပြစ်ဒဏ်တို့သည် သက်ဆိုင်ရာနိုင်ငံတကာ စံချိန်စံနှုန်းများအရ တရားမမှုဥပဒေဖြင့်သာ ဆောင်ရွက်သင့်ပေသည်။

ပြီးခဲ့သည့်နှစ်အတွင်းက မတရားအသင်းဥပဒေနှင့် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေ(၁၉၂၃)အပါအဝင်ကိုလိုနီခေတ်ဟောင်းဥပဒေများကို အသုံးပြု၍ သတင်းသမားများကို ဖမ်းဆီးအကျဉ်းချခြင်းများ ရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ပုဂ္ဂလိကလုံခြုံမှုဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့သော်လည်း ပွင့်လင်းမြင်သာမှုနှင့်အများပြည်သူထံမှ အကြံဉာဏ်တောင်းခံမှုမှာ မရှိသလောက် နည်းပါးလှသည်။ ထို့အပြင် အဆိုပါဥပဒေတွင် ဒစ်ဂျစ်တယ်လွတ်လပ်မှုနှင့် သတင်းအချက်အလက် ကာကွယ်စောင့်ရှောက်မှုတို့နှင့်သက်ဆိုင်သော အစိတ်အပိုင်းများ ပါဝင်ခြင်း မရှိပေ။

ဥပဒေမူကြမ်းများ ပြုစုရာ၌ အများပြည်သူပါဝင်မှုနှင့် အကြံÓဏ်ပြုမှုရယူခြင်းမှာ မရှိသလောက်ပင် နည်းပါးနေဆဲဖြစ်ပြီး လူထုနှင့်လူမှုအဖွဲ့ အစည်းများ ပါဝင်ပတ်သက်စေနိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်းများလည်း သတ်သတ်မှတ်မှတ် မရှိချေ။

မီဒီယာအမှီအခိုကင်းမှုနှင့်လွတ်လပ်မှု

ရမှတ် ဝ.၄/၁၀(၂၀၁၇ ရမှတ် ၁ မှတ်မှလျော့ကျ)

အစိုးရပိုင်မီဒီယာတွေက အရင်ကထက်တောင် ပိုပြီးတန်ခိုးထွားနေကြတယ်။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

ပြန်ကြားရေးဝန်ကြီးဌာန ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ယင်း၏မီဒီယာလုပ်ငန်းလည်ပတ်မှုများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။ ပုဂ္ဂလိကမီဒီယာနယ်ပယ်မှာ တန်းတူရည်တူစိန်ခေါ်ယှဉ်ပြိုင်မှု သို့တည်းမဟုတ် ပို၍ဆိုးရွားသောအခြေအနေတွင် ကျန်ရှိနေဆဲဖြစ် ကြောင်း မျှော်လင့်ထားသည်နှင့် လုံးဝဆန့်ကျင်စွာပင် နှိုင်းယှဉ်တွေ့ရှိရသည်။ ရွေးကောက်တင်မြှောက်ခြင်းမခံရမီက ဒီမိုကရေစီနိုင်ငံတစ်ရပ် တွင် အစိုးရပိုင်မီဒီယာများအတွက်နေရာမရှိကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အစိုးရပိုင်မီဒီယာများကို ပိတ်သိမ်းရန် လှုပ်ရှားမှုလည်း မပြု၊ အစီအစဉ်ထုတ်ပြန်ကြေညာခြင်းလည်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ယင်း၏ အလှမ်းမီမှုကိုသာ ချဲ့ထွင်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာများ၊ ပုံနှိပ်စက်များ၊ ဖြန့်ချိရေးကွန်ရက်များ၊ အစိုးရသတင်းများအား အထူးအခွင့်အရေး ဖြင့် ရယူပိုင်ခွင့်ကိုလည်း ဆက်လက်ထိန်းသိမ်းထားရှိခဲ့သည်။ အစိုးရ၏ဆောင်ရွက်ချက်များကို ပြည်သူသို့ အသိပေးတင်ပြရန်အတွက် နိုင်ငံပိုင် မီဒီယာများ ထားရှိရန် လိုအပ်သည်ဟု အစိုးရက ဆိုသည်။ ထိုပြောကြားချက်က အမှီအခိုကင်းသော မီဒီယာကဏ္ဍတစ်ရပ်ကို အားပေး ထောက်ခံလိုစိတ် သို့မဟုတ် နားလည်သိရှိမှုကင်းမဲ့ခြင်းအား ပြသသကဲ့သို့ဖြစ်သည်။ မီဒီယာဌာနများအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ချထားပေးပုံကလည်း ထိုအချက်ကိုပင် သရုပ်ဖော်ပြသနေပေသည်။ နိုင်ငံပိုင်မီဒီယာများကို ပိတ်သိမ်းပစ်သင့်သည်။ ထိုသို့မဟုတ်ပါက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သော်လည်းကောင်း၊ ပုဂ္ဂလိကမီဒီယာများအဖြစ်သော်လည်းကောင်း အသွင်ပြောင်းလဲရန် သင့်ပေသည်။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေတွင် ပါရှိသော နိုင်ငံပိုင်မီဒီယာများအား ရည်ညွှန်းဖော်ပြချက်အားလုံးကို ဖယ်ရှားပစ်သင့်သည်။ မျှတ၍ ဘက်လိုက်ခြင်းမရှိသော အစိုးရသတင်းများနှင့် ကြော်ငြာများကို ဖော်ပြရန်အတွက် လမ်းညွှန်ချက်များ ရေးဆွဲချ မှတ်ထားသင့်ပေသည်။

မီဒီယာပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းက အစိုးရနှင့် အလွမ်းသင့်သည့် မီဒီယာတစ်ရပ်ပေါ်ထွန်းစေမည့် ဈေးကွက်လက်ဝါးကြီးအုပ်မှုကို အားပေးရာ ရောက်စေသည်။ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာကဏ္ဍ၌ နိုင်ငံတော်၊ တပ်မတော်နှင့် ယင်းတို့၏ အခွင့်ထူးခံ ခရိုနီများကသာ ကျယ်ပြန့်အား ကောင်းစွာ ဆက်လက်ချုပ်ကိုင်ထားဆဲ ရှိသည်။ ြွခင်းချက်အားဖြင့် ထိုင်းနိုင်ငံ ဆက်သွယ်ရေးဂြိုဟ်တုမှတစ်ဆင့် ထုတ်လွှင့်လျက်ရှိသော မှီခိုမှုကင်းသည့် ီဠြ ရုပ်သံဌာန၊ အွန်လိုင်းသတင်းဌာနများနှင့် ဒစ်ဂျစ်တယ်ရုပ်သံ ထုတ်လုပ်ရေးသဘောတူညီချက်အသစ် ၅ ရပ်ပြုလုပ်ထားခြင်းမျှသာ ရှိပေသည်။ ထိုသဘောတူညီမှုများပြုလုပ်ထားခြင်းက ထုတ်လွှင့်မှုမီဒီယာ ကဏ္ဍတွင် ယခင်ကထက် ပိုမိုလွတ်လပ်ပြီး ကွဲပြားသောမီဒီယာပိုင်ဆိုင်မှုများ ပိုမိုများပြားလာသယောင်လည်း ထင်မှတ်မှားစေနိုင်ပေသည်။

ယခုအခါ တားမြစ်ကန့်သတ်ချက်များမှာ သာ၍ပင် များပြားလာသည်။ သတင်းသမားများက တပ်မတော် သတင်း၊ ပဋိပက္ခသတင်းများကဲ့သို့ သော အထူးတလည် အကဲဆတ်လှသည့်ပြဿနာများကို ရေးသားကြရာ၌ သိရှိထားသမျှ မြွခင်းမချန် ရေးသားဖော်ပြလိုကြသော်လည်း ယင်းတို့ကိုယ်တိုင်ကပင်လျှင် စိစစ်ရေးသားနိုင်ရန် လိုအပ်နေသည်။ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူကိုယ်တိုင်သွားရောက်သတင်း ယူကြရာလည်း ဒုက္ခအခက်အခဲများ ရှိနေပေသည်။

သတင်းသမားများနှင့် အခြားသောမီဒီယာလုပ်ငန်း လုပ်ကိုင်သူတို့အား ယင်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လှုပ်ရှားမှုများနှင့်စပ်လျဉ်း ၍ တိုင်တန်းမှုများ ပြုလုပ်လိုပါက တရားရုံးများတွင် သွားရောက်လျှောက်ထားဖြေရှင်းစေမည့်အစား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သာ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်သင့်ပေသည်။

ဒစ်ဂျစ်တယ်လွတ်လပ်မှု

ရမှတ် ဝ/၁၀(ဝ.၆ ကို အနီးဆုံးယူထားသည့် ၂၀၁၇ ရမှတ် ၁ မှတ်မှ လျော့ကျ)

အစိုးရက ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းပေးဖို့ ကောင်းတယ်။ ဒါပေမဲ့ အဲဒီအစား ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံသားတွေ ဘာလုပ်နေတယ်ဆိုတာကို စောင့်ကြည့်ဖို့အတွက် ငွေတွေ အများကြီး ပုံအောပြီး သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏ မှတ်ချက်)

ဒစ်ဂျစ်တယ်လွတ်လပ်မှုကား ပေါက်ကွဲပွင့်ထွက်လာခဲ့ပြီ ဖြစ်သည်။ အစဉ်အလာအားဖြင့် အာဏာကို ဆုပ်ကိုင်ထားကြသူတို့မှာ ခြိမ်းခြောက်မှု ခံစားနေရပြီး ပြင်းထန်စွာ အရေးယူမှုများလည်း ရှိနေသည်။ အင်တာနက်အွန်လိုင်းပေါ်တွင် ပြည်သူတို့ ဘေးကင်းလုံခြုံမှု မရှိတော့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမပြုရန် တားမြစ်ထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အသရေဖျက်မှုဖြင့် စွဲဆိုထားသော အမှုများ ဒါဇင်နှင့်ချီ၍ ရှိခဲ့သည်။ ပုဒ်မ ၆၆(ဃ)ဖျက်သိမ်းရန် တောင်းဆိုမှုများနှင့် အင်တာနက်အွန်လိုင်းပေါ်တွင် အသရေဖျက်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ရန် တောင်းဆိုမှုများကို အစိုးရနှင့်လွှတ်တော်က လျစ်လျူရှုခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းက ထုတ်ပြန်ပေးခဲ့သော အဆိုပါဥပဒေအား ပြင်ဆင်ချက်မှာလည်း ပြည့်စုံလုံလောက်ခြင်းမရှိပေ။ ပုဒ်မ ၆၆(ဃ)ကို အကြောင်းပြု၍ ပြည်သူများမှာလည်း ယင်းတို့ကိုယ်တိုင်ပင်လျှင် စိစစ်တည်းဖြတ်မှု ပြုလုပ်နေကြရသည်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်မည့် မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ရသေးချေ။

အင်တာနက်အွန်လိုင်းပေါ်တွင် ဂရုတစိုက်ဆွေးနွေးပြောကြားချက်များမှာ သိသာထင်ရှားစွာပင် မြင်တွေ့ရခြင်းမရှိဘဲ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကိစ္စများနှင့် စပ်လျဉ်း၍ ဂရုတစိုက် အလေးထားဆွေး နွေးပြောကြားမှုများ မတွေ့ရပါ။ ဆိုရှယ်မီဒီယာများပေါ်မှ လှုပ်ရှားမှုများကို စောင့်ကြပ်ကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၆ သန်းမျှ ကျခံသုံးစွဲကာ အမုန်းစကားများ၊ သတင်းအမှားများ၊ ပုံဖျက်ထားသောသတင်းများနှင့် ဝါဒဖြန့်ချိရေးသတင်း(သတင်းအတု)များ အပါအဝင် လက်ခံနိုင်ဖွယ်ရာ မရှိသော ရေးသားထုတ်ဖော်ပြောဆိုမှုများကို ဖြိုခွင်းမည်ဟု အစိုးရက ပြောဆိုသည်။ အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်အပေါ် ကျယ်ပြန့်စွာ ဝေဖန်လျက် ရှိကြသည့်အပြင် ထိုကြိုးပမ်းမှုသည် ယင်းအပေါ် ဝေဖန်သူများကို စောင့်ကြည့်ရန်နှင့် အထွေထွေစောင့်ကြည့်စစ်ဆေးရန်သာ ဖြစ်သည်ဟုလည်း ထင်မြင်ကြသည်။ အီလက်ထရောနစ် ဆက်သွယ်မှုကို အသုံးပြု၍ တစ်ဦးတစ်ယောက်အား ဗိုလ်ကျစိုးမိုးခြင်း၊ အင်တာနက်နှင့်ဆိုရှယ်မီဒီယာ တို့ကို အလွဲအသုံးပြုခြင်းတို့အား တားဆီးကာကွယ်နိုင်ရေးအတွက် အင်တာနက်အွန်လိုင်းပေါ်တွင် ပုဂ္ဂလိကလုံခြုံမှုကာကွယ်ပေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်စွမ်း မြှင့်တင်ပေးခြင်းကဲ့သို့သော ဘေးကင်းစိတ်ချရသည့် အလေ့အထ အပြုအမူများ မြှင့်တင်ဆောင်ရွက် ရေးကြိုးပမ်းမှုများ လိုအပ်ပေသည်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင် တောင်းခံဖော်ပြထားသည့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို လက်ရှိဖော်ပြထားသည်ထက်ပို၍ ကျဉ်းမြောင်းသောအဓိပ္ပာယ်ဖွင့်ဆိုချက်တို့ဖြင့်သာ ဖော်ပြသင့်သည်။ အဆိုပါကန့်သတ် ချက်များကို ချိုးဖောက်ခြင်းအတွက် ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်ခြင်းများကိုလည်း ပယ်ဖျက်သင့်သည်။

လွတ်လပ်စွာ စုဝေးခြင်း၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်

ရမှတ် ဝ.ဝ၇/၁၀(၂၀၁၇ ရမှတ် ၂ မှတ်မှ လျော့ကျ)

စုဝေးခွင့်ဖြစ်ဖြစ်၊ ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်ပဲဖြစ်ဖြစ် ဆုတ်ယုတ်မှုကတော့ သုညအဆင့်ကို ရောက်နေတယ်။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်တို့အပေါ် အလေးပေး အခြေပြုသော ဥပဒေတစ်ရပ်ဖြစ်လာစေရေးအတွက် သေချာစွာပြင်ဆင်ရေးဆွဲရန် လိုအပ်သည်။ ထို့အပြင် နိုင်ငံတော်က ထိုအခွင့်အရေးများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးသင့်သည်။ လက်ရှိအချိန်တွင် အများပြည်သူဆိုင်ရာ ပွဲလမ်းအခမ်းအနားများ ကျင်းပရေး အတွက် ခွင့်ပြုချက်တောင်းခံရသည်မှာ ယခင်ကထက်ပင် ပိုမိုခက်ခဲနေပေသည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်တို့ကို ထိပါးစေသည့်အမြင်ကွဲပြားခြင်းကို လက်ခံနိုင်စွမ်းကင်းမဲ့မှုအပေါ် တုံ့ပြန်ရမည့်မူဝါဒများအား UN Rabat Plan of Action  နှင့်အညီ ရေးဆွဲထားသင့်သည်။

တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များအတွင်း တိုင်းရင်းသားဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေခြင်း ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း တို့ကိုဆောင်ရွက်ရာ၌ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ပေးသင့်သည်။

အဆိုပြုတင်ပြထားပြီးဖြစ်သော အမုန်းစကားတားဆီးကာကွယ်ရေးဥပဒေမူကြမ်းသည် တိကျပီပြင်မှုမရှိဘ အလွန်အမင်း ကျယ်ပြန့်နေသည့်အပြင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်တို့အတွက် အကျိုးပြုနိုင်မည် မဟုတ်ပေ။

ပဋိပက္ခဖြစ်ပွားရာဒေသများတွင် သတင်းသမားများကိုယ်တိုင် သွားရောက်၍ သတင်းယူခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာဒေသမှ သတင်းအချက်အလက်ရ ယူခြင်းတို့မှာလည်း ပြင်းထန်စွာကန့်သတ်ခံထားရသည်။

ရိုက်တာသတင်းဌာနမှ သတင်းသမားများ အမှုအပါအဝင် အကဲဆတ်သောအမှုတွဲများကို ကိုင်တွယ်ဆောင်ရွက်နေကြသည့် မီဒီယာရှေ့နေများနှင့် သတင်းသမားများအပေါ် စောင့်ကြပ်ကြည့်ရှုမှုမှာလည်း တိုးပွားလာလျက်ရှိသည်။

ရုပ်ရှင်ရိုက်ကူးသူများသည်လည်း တိုက်ရိုက်ဆင်ဆာဖြတ်တောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။ အနုပညာတင်ဆက်သူများသည်လည်း ဆင်ဆာဖြတ်တောက်မှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးလှုပ်ရှားမှုများကို ထောက်ခံသောအားဖြင့် တင်ဆက်သည့် အနုပညာတင်ဆက်မှု အစီအစဉ်တစ်ရပ်တွင် စစ်ဝတ်စုံများကို ယေဘုယျသဘောအားဖြင့် ဝတ်ဆင်သရုပ်ဖော်ပြသခြင်းကို တပ်မတော်က ပြင်းထန်စွာ ဝေဖန်မှုပြုခဲ့သည့်နည်းတူ ယခုနှစ် ဇန်နဝါရီလအတွင်း ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင် ပြောကြားခဲ့သော မိန့်ခွန်းတစ်ရပ်ကို လည်း တပ်မတော်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ပြည်သူတို့သည် ယင်းတို့၏ထင်မြင်ယူဆချက်များကို ရိုးသားစွာ ဖော်ပြရုံမျှနှင့်ပင် ဖမ်းဆီးခြင်းခံနေကြရသည်။ ဥပမာအားဖြင့် ပြသရပါက ကလေးစစ်သည်ဘဝဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ထမ်းဆောင်ခဲ့ရသော အောင်ကိုထွေးဆိုသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)အရ မတ်လအတွင်းက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါပုဒ်မသည် ပြည်သူလူထု ကြောက်ရွံ့စေရန် သို့မဟုတ် အထိတ်တလန့်ဖြစ်စေရန်၊ သတင်းအချက်အလက် ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိရာတွင် ပါဝင်ပတ်သက်ခြင်းနှင့် ပြည်သူလူထုအား နိုင်ငံတော်နှင့်ဆန့်ကျင်သော ပြစ်မှုများ ကျူးလွန်စေရန်၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးမှုပြုရန် ပြုလုပ်သည့် လှုံ့ဆော်မှုတို့တွင် ပါဝင်ပတ်သက်ခြင်းတို့ကို ပိတ်ပင်ဟန့်တားထားသည့် ဥပဒေပုဒ်မဖြစ်သည်။ အောင်ကိုထွေးပြုလုပ်ခဲ့သည်မှာ Radio Free Asia ၏ မြန်မာဘာသာအစီအစဉ်တစ်ရပ်တွင် သူ၏ဆယ်ကျော်သက်အရွယ်က အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး စစ်မှုထမ်းဖြစ်ခဲ့ရသည့်အကြောင်း ပြောကြားခြင်းမျှသာ ဖြစ်သည်။

သတင်းသမားများအနေဖြင့် တပ်မတော်အကြောင်း သတင်းရေးသားရာ၌ တုံ့ပြန်ရိုက်ခတ်လာမည့်အန္တရာယ်ကို တွေးတောစိုးရွံ့နေကြရသည်။ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း တပ်မတော်အား တောင်းပန်ရခြင်းများ လည်းရှိသည်။ ပြည်သူတို့အနေဖြင့် အစိုးရအား ဝေဖန်နေမည့်အစား အကူအညီပေးကြရန် အစိုးရကထပ်တလဲလဲပြောကြားသည်။ ဒီမိုကရေစီနိုင်ငံတစ်ရပ်တွင် ထိုသို့ပြောကြားမှုများ အသုံးဝင်မည်မဟုတ်ပါ။

သတင်းအချက်အလက်ရယူပိုင်ခွင့်

ရမှတ် ၁.၃/၁၀ (၂၀၁၇ ရမှတ် ၁ မှတ်ထက် မြင့်တက်)

အစိုးရအရာရှိတွေနဲ့ အဆက်အသွယ်ရှိတယ်၊ သိကျွမ်းတယ်လို့ဆိုရင် သူတို့ဆီက သတင်းတွေ ရနိုင်တယ်။ ဒါပေမဲ့ ဒါကဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ။ လူတိုင်းလူတိုင်းဟာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲသိသိ သတင်းအချက်အလက် ရယူပိုင်ခွင့်ရှိရ မယ်။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

အပြုသဘောအားဖြင့် မှတ်ချက်ပြုရပါက သတင်းအချက်အလက်ရယူပိုင်ခွင့်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရေးဆွဲရာ၌ လူမှုအဖွဲ့အစည်းများအနေဖြင့် (ရွှေမန်းကော်မရှင်ဟု ခေါ်ဆိုကြသော)ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့်အတူ တွဲဘက်ပါဝင်ခွင့်ရရှိခဲ့ကြသည်။ သို့ရာတွင် အဆိုပါဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြခြင်းမပြုမီ ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ယူဆရပြီး ထိုသို့ပြင်ဆင်လိုက်သဖြင့်

အဆိုပါသတင်းအချက်အလက်ရယူပိုင်ခွင့်ဆိုင်ရာဥပဒေသည် မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေ (၁၉၂၃) အပါအဝင် အခြားသောဥပဒေများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိမည်ဆိုသည်ကို အာမခံနိုင်ခြင်း မရှိတော့ပေ။ အကယ်၍ ထိုသတင်းမှန်ကန်ပါက နောက်ဆုံးအချိန်တွင် ကပ်၍ပြုလုပ်လိုက်သော ပြင်ဆင်မွမ်းမံချက်သည် ထိုဥပဒေ၏ အနှစ်သာရကို အောက်ခြေမှ ဖြိုဖျက်လိုက်ခြင်းပင် ဖြစ်သည်။

သတင်းမီဒီယာနည်းဥပဒေ အခန်း(၉)ပါ ဥပဒေဖော်ပြချက်များသည် အစိုးရသတင်းများ ရယူရာ၌ သတင်းမီဒီယာသမားများကို အုပ်ချုပ်ထိန်းသိမ်းနိုင်ရန် ဖော်ပြထားသော အချက်အလက်များဖြစ်သော်လည်း လက်တွေ့တွင် ရှေ့နောက်ညီညွတ်မှု အကြီးအကျယ်ကင်းမဲ့နေပေသည်။ အချို့သောကိစ္စရပ်များတွင် သတင်းအချက်အလက်ရယူရန် တွေ့ဆုံခွင့်တောင်းခံရသည်မှာ လွယ်ကူသော်လည်း ယေဘုယျအားဖြင့်မူ ခက်ခဲလေ့ရှိသည်။ အများစုသောဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသည် ထိုသို့သတင်းရယူရန် တွေ့ဆုံခွင့်တောင်းခံခြင်းအား ကိုင်တွယ်ဆောင်ရွက်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တာဝန်ပေး ခန့်အပ်ထားခြင်းမရှိ သို့မဟုတ် တုံ့ပြန်ပြော ကြားခြင်း မရှိကြပေ။ ဝန်ကြီးဌာနအများစုက သတင်းစာရှင်းလင်းပွဲများ ကျင်းပခြင်းမရှိကြဘဲ ရှင်းလင်းပွဲ ပြုလုပ်ရမည့်အစား ယင်းတို့၏ င်္ခေနဘသသု စာမျက်နှာများမှတစ်ဆင့်သာ ကြေညာချက်များ ထုတ်ပြန်ကြသည်။ ထို့အပြင် ယင်းတို့ပေးဝေလိုသည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးဝေခြင်းမရှိကြပေ။ တိုင်းရင်းသားသတင်းသမားများမှာလည်း မကြာခဏဆိုသလိုပင် ညံ့ဖျင်းသော အပြုအမူများဖြင့် ဆက်ဆံခံကြရလေ့ရှိသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို အကြောင်းပြု၍ ထိုစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အစုအဖွဲ့အချို့ထံ သတင်းအချက်အလက်သွားရောက်ရယူမှုများ များပြားလာကြောင်း အချို့က ပြောကြားသည်။

တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုအစီအစဉ်f(The Extractive Industries Transpanency Initiative-EITI)သည် အရေးပါသော သတင်းအချက်အလက်များကို ရယူနိုင်ခြင်းမရှိပုံကို ပြဆိုသည့် ဥပမာကောင်းတစ်ရပ်ဖြစ်သည်။ သတင်းအချက်အလက်များအားလုံးသည် ပွင့်လင်းမြင်သာမှုရှိရမည်ဖြစ်သော်လည်း အချို့သောဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နွှှုှု လိုအပ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။

လုံခြုံဘေးကင်းခြင်းနှင့်အကာအကွယ်ရှိခြင်း

ရမှတ် ဝ.ဝ၇/၁၀(၂၀၁၇ ရမှတ် ၁ မှတ်မှ လျော့ကျ)

ကိုယ့်ရဲ့အမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်တဲ့လူတွေဟာ ဒီနိုင်ငံမှာ လုံခြုံမှုမရှိဘူး။ (အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်တွင် ပါဝင်ခဲ့သူတစ်ဦး၏မှတ်ချက်)

လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင်ဖြစ်သော ပြဿနာအခက်အခဲများကို သတင်းရေးသားဖော်ပြနိုင်ရန်အတွက် သတင်းသမားများအား ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းရယူခွင့်ပြုသင့်သည်။ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် ရှေ့တန်းနယ်မြေများရှိ သတင်းသမားတို့၏ ဘေးကင်းလုံခြုံမှုအတွက် အစိုးရအနေဖြင့် သေချာစွာ ဆောင်ရွက်ပေးထားသင့်သည်။

သတင်းသမားများအပေါ် ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှုများ ကောင်းစွာပြုလုပ်သင့်သည်။ ထိုသို့ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်သူအားလုံးသည် ယင်းတို့၏လုပ်ရပ်အတွက် တာဝန်ခံကြရမည်ဖြစ်သည်။

သတင်းသမားများသည် အမှန်တရားကို ထုတ်ဖော်ရေးသားမှုကြောင့် မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများ တုံ့ပြန်ရိုက်ခတ်မှုမျိုးနှင့် ရင်ဆိုင်စေရန် မသင့်သော်လည်း ပြီးခဲ့သည့်နှစ်အတွင်းက သတင်းသမားအများအပြားမှာ ခေတ်မမီတော့သော ဥပဒေအမျိုးမျိုးဖြင့် အကျဉ်းကျခံခဲ့ကြရသည်။ သတင်းသမားများအနေဖြင့် အန္တရာယ်များသော စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်နေချိန် သို့မဟုတ် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ အလုပ်လုပ်နေချိန်တွင် ဘေးကင်းလုံခြုံမှုမရှိခြင်းကို အထူးသဖြင့် ခံစားကြရသည်။ သတင်းသမားများအား အကာအကွယ်ပေးမည့် ယန္တရားမရှိသည့်အပြင် ဥပဒေများမှာလည်း ယင်းတို့ကို ကာကွယ်ပေးရန်မဟုတ်ဘဲ ခြိမ်းခြောက်ရန်သာဖြစ်ကြောင်း သတင်းသမားများစိတ်တွင် ခံစားကြရသည်။ သတင်းသမားအများအပြားမှာ ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းများ တက်ရောက်ထားခြင်းလည်း မရှိကြပေ။ အလွတ်တန်းသတင်းသမား များသည်လည်း အထူးပင်ထိခိုက်နစ်နာရန် လွယ်ကူလှပေသည်။ ယင်းတို့သည် ဥပဒေကြောင်းအရ အကာအကွယ်မရှိ၊ ဘေးကင်းလုံခြုံမှုမရှိ၊ မည်သည့်အဖွဲ့အစည်း၏ ကာကွယ်စောင့်ရှောက်မှုကိုမျှလည်း မရရှိပေ။ ယင်းတို့ အား သတင်းအချက်အလက်များပေးသူများ(တွေ့ဆုံဖြေကြားပေးသူများ၊ မျက်မြင်သက်သေများနှင့်သတင်းရင်းမြစ်များ)အတွက်လည်း စိုးရိမ်ပူပန်ဖွယ်ရာပင် ဖြစ်သည်။

ပြစ်မှုကျူးလွန်ထားပြီး ပြစ်ဒဏ်မှ လွတ်မြောက်နေခြင်းများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဥပမာအားဖြင့် ဖော်ပြရပါက မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က တပ်မတော်၏ထိန်းသိမ်းထားရှိမှုကာလအတွင်း သေဆုံးခဲ့ရသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီး၏အမှုမှာ တိုးတက်မှုလုံးဝမရှိသည်ကို တွေ့ရှိရသည်။ အလားတူပင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကားလမ်းဘေးတစ်နေရာ၌ အသက်သေဆုံးလျက်တွေ့ရှိရသော သတင်းစုံစမ်းဖော်ထုတ်ရေးသားသူ ကိုစိုးမိုးထွန်း၏အမှုမှာလည်း တိုးတက်မှုတစ်စုံတစ်ရာ မရှိပေ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းသမားများနှင့်မီဒီယာတို့ကို ကာကွယ်နိုင်စွမ်း သို့မဟုတ် အမှီအခိုကင်းမှု မရှိသည်ဖြစ်ရာ ထူးခြားထင်ရှားသောရလဒ်တစ်စုံတစ်ရာ ထိရောက်စွာ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ သတင်းမီဒီယာကောင်စီကို လွှတ်တော်က ရန်ပုံငွေအပြည့်အဝ ထောက်ပံ့ပေးအပ်ထားသည်ဖြစ်ရာ သမ္မတက ကောင်စီအဖွဲ့ဝင်များကို ခန့်အပ်ခွင့်၊ ဖြုတ်ပယ်ခွင့်ရှိပေသည်။ သို့ဖြစ်၍ သတင်းမီဒီယာကောင်စီ အား မှီခိုမှုကင်းသည်ဟု ရှုမြင်၍ မရသကဲ့သို့ ယုံကြည်အားထားနိုင်မည်လည်း မဟုတ်ပေ။

အချို့သောအစိုးရအရာရှိကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ယင်းတို့အား ထောက်ခံအားပေးသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် သတင်းမီဒီယာဌာနတို့သည် ဝေဖန်ရေးသားသူများနှင့်ပတ်သက်၍ အကဲဆတ်လှပြီး တရားမကြောင်းအရလည်းကောင်း၊ ရာဇဝတ်ကြောင်းအရလည်းကောင်း တုံ့ပြန်ဖြေရှင်းကြလေ့ရှိသည်။ ထိုသို့သော တုံ့ပြန်ဆောင်ရွက်မှုများကို ကြောက်ရွံ့ခြင်းကလည်း သတင်းသမားများအား ယင်းတို့ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုပြုလုပ်လာစေသည်။

ပုဂ္ဂလိကလုံခြုံမှုဥပဒေနှင့် ဒစ်ဂျစ်တယ်ထိန်းကျောင်းကြီးကြပ်ရေးကော်မတီသစ်တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ တိုးပွားလာသောစောင့်ကြည့်စစ်ဆေးမှုအပေါ် ကြောက်ရွံ့စိတ်များကိုသာ မြင့်တက်စေသည်။

အမျိုးသမီးသတင်းသမားများအပါအဝင် အမျိုးသမီးများမှာ အရေးပါအရာရောက်ခြင်း မရှိသူများအဖြစ် ဆက်ဆံပြုမူမှုခံကြရသည်။ ထို့အပြင် ယင်းတို့ရင်ဆိုင်ကြုံတွေ့ကြရသော ကာယဣန္ဒြေပျက်ပြားစေသည့် အနှောင့်အယှက်ပေးမှုအကြောင်း ပွင့်လင်းစွာထုတ်ဖော်ပြောကြားလျှင်လည်း ခြိမ်းခြောက်မှုများ၊ နောက်ဆက်တွဲဆိုးကျိုးရိုက် ခတ်မှုများကို ကြုံတွေ့ရနိုင်ချေရှိသည်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေအကြောင်း အကဲဖြတ်ဆွေးနွေးမှုအစီအစဉ်ကို PEN America ၏ ပံ့ပိုးကူညီမှုဖြင့် PEN Myanmar အဖွဲ့က ကမကထပြု ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိ လိုပါက PEN Myanmar အဖွဲ့ အတွင်းရေးမှူး ဟန်ဇော်(ဖုန်း – ဝ၉၄၄၃၀၈၁၃၅၀၊ အီးမေးလ် – hanzaw.media@gmail.com )သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပါဝင်ဆွေးနွေးခဲ့သည့် အဖွဲ့အစည်းများ(အင်္ဂလိပ်အက္ခရာစဉ်အလိုက်)

Article 19
Assistance Association for Political Prisoners
Athan
Burma News International
Equality Myanmar
Free Expression Myanmar
Human Rights Defenders Forum (HRDF)
Independent Lawyers’ Association Myanmar
Myanmar IT for Development Organization
Myanmar Journalism Institute
Myanmar Journalist Network
Myanmar Journalists Association
Myanmar Journalists Union
Myanmar Media Lawyers’ Network
Myanmar Women Journalists Society
PEN Myanmar
Protection Committee for Myanmar Journalists
Pyi Gyi Khin
Yangon Journalism School (YJS)

မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေအကဲဖြတ်ခြင်း (၂၀၁၈ ခုနှစ်)ကို ဤေနရာတြင္ ဒေါင်းလုတ်ခ်ရယူနိုင်ပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.