PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂ဝ၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂ဝ၁၈) ၃ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၈ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း

၁။ 2018 PEN/ Barbey Freedom to Write ဆုရှင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းသမားများ၏ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်ကို အဟန့်အတားဖြစ်စေသည့်အပြင် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ထားသည်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် စံချိန်စံနှုန်းများကို လျော့ကျစေပါသည်။

၂။ သတင်းထောက် ကိုဝလုံးနှင့် သတင်းထောက် ကိုကျော်စိုးဦးတို့အား ကိုလိုနီခေတ်ဥပဒေ ဖြစ်သည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုဖြင့် ၈ လကျော် ထိန်းသိမ်းခဲ့ရာမှ စက်တင်ဘာလ ၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် ယင်းအက်ဥပဒေပုဒ်မ ၃၊၁ (ဂ)ဖြင့်  ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ယခင်တရားရုံးကြားနာမှုများတွင် သတင်းထောက်တို့အား တရားစွဲသော သက်သေအထောက်အထားများ ခိုင်လုံမှုမရှိဟု ပေါ်ပေါက်ပါသည်။ ဒုရဲမှူး မိုးရန်နိုင်၏ထွက်ဆိုချက်အရ ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးအား အထက်အရာရှိများက အမှုဆင်ဖမ်းဆီးခဲ့သည်ဟု သိရပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာကျင့်ဝတ် အပိုဒ် ၃(၁)တွင် မီဒီယာဌာနတစ်ခုသည် ပေါက်ကြားလာသော ဌာနဆိုင်ရာနှင့် တခြားသတင်းအချက်အလက်များ (ဥပမာ-နိုင်ငံရေး သမားများနှင့် ပြည်သူ့ဝန်ထမ်းများထံမှ အချက်အလက်များ)ကို အများပြည်သူအကျိုးစီးပွားဖြစ်စေသည်ဟု ခိုင်လုံပါက လူသိရှင်ကြားထုတ်ဖော်ရမည့် Professional တာဝန်ရှိသည်။ မီဒီယာကျင့်ဝတ်က ဤတာဝန်ဝတ္တရားကို ထောက်ခံသည်ဟု ဖော်ပြပါရှိသည်။

၄။ သတင်းထောက် ကိုဝလုံးနှင့် သတင်းထောက် ကိုကျော်စိုးဦးတို့ထံမှ တွေ့ရှိရသော သတင်းအချက်အလက်များထဲတွင် ရိုက်တာသတင်းဌာန ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ဖော်ပြခဲ့သည့် ရခိုင်ပြည်နယ် အင်းဒင်ရွာဖြစ်ရပ်အကြောင်း ပါဝင်သည်။ ယင်းသတင်းကို အများပြည်သူအကျိုးစီးပွားဖြစ်စေသည်ဟု ယူဆသဖြင့်သာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်ကိုယ်တိုင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၅။ နိုင်ငံတကာလူ့ရပိုင်ခွင့်ကြေညာစာတမ်း အပိုဒ်(၁၉)တွင် လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟတင်ပြပိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးများအရ မိမိတင်ပြယူဆချက်များကို အနှောင့်အယှက် အဟန့်အတားမရှိ ခံယူကျင့်သုံးပိုင်ခွင့်ရှိသည်။ နယ်မြေပိုင်ခြားမှုမရှိဘဲ သတင်းစာနယ်ဇင်းများမှတစ်ဆင့် သတင်းများ၊ အယူအဆများကို ရှာဖွေဆည်းပူးပိုင်ခွင့်၊ လက်ခံပိုင်ခွင့်နှင့် ဖြန့်ဖြူးပိုင်ခွင့်တို့ရှိသည်ဟု ဆိုထားပါသည်။

၆။ သတင်းထောက် ကိုဝလုံးနှင့် သတင်းထောက် ကိုကျော်စိုးဦးတို့အား စစ်ဆေးမေးမြန်းစဉ်ကာလတွင် မည်သည့်ခွင့်ပြုချက်မျှ တောင်းခံရယူခြင်းမရှိဘဲ၊ ယင်းတို့၏ ကိုယ်ပိုင်လက်ကိုင်ဖုန်းများထဲမှ အချက်အလက်အားလုံးကို ရယူခဲ့ကြောင်း ပေါ်ပေါက်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် သတင်းသမား ကျင့်ဝတ်ဖြစ်သော သတင်းရင်းမြစ်ကို ကာကွယ်ပေးခြင်းအား မပြုနိုင်အောင် ဟန့်တားရာရောက်သည့်အပြင် ပုဂ္ဂလိကဆိုင်ရာ သတင်းအချက်အလက်များကို အကာအကွယ်ပေးခြင်း (Data Privacy and Protection) မှလည်း သွေဖည်ရာရောက်ပါသည်။

၇။ သတင်းထောက် ကိုဝလုံးနှင့် သတင်းထောက် ကိုကျော်စိုးဦးတို့သည် လူ့ရပိုင်ခွင့်ဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) အား သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

၈။ 2018 PEN/ Barbey Freedom to Write ဆုရှင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို အဟန့်အတားဖြစ်စေသည့်အပြင် ပြည်သူလူထု၏သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ထားသည်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် စံချိန်စံနှုန်းများကို လျော့ကျစေခြင်းဖြစ်စေသောကြောင့် PEN Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)  အခြေအနေပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်ရပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၏ စက်တင်ဘာ ၃ ရက်နေ့ စီရင်ချက်အား ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.