PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၆/၂၀၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၆/၂၀၁၈) ၁၁ ရက်၊ အောက်တိုဘာလ၊ ၂၀၁၈ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

နိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေမည့် အရေးယူမှုများကိုကန့်ကွက်ခြင်း

၁။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် Eleven Media Group မှ အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း နှင့် သတင်းထောက်ချုပ် ဖြိုးဝေတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) ခ ဖြင့် တရားစွဲဆိုခဲ့ကာဖမ်းဆီးချုပ်နှောင်ခဲ့ပါသည်။

၂။ PEN Myanmar အနေဖြင့် အသရေဖျက်မှုနှင့်အလားတူသောပုဒ်မများကို ရာဇဝတ်မှုအဖြစ် အရေးယူခြင်းအားအစဉ်တစိုက် ကန့်ကွက်ခဲ့ပါသည်။

၃။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်သည် အစိုးရအဖွဲ့(များ)၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့အတွက် အခြေခံကျသောလိုအပ်ချက်ဖြစ်ပါသည်။ အလားတူ မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ၏ အခြေခံအကျဆုံးသောကျင့်စဉ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လွတ်လပ်သည့် သတင်းမီဒီယာများအားကျင့်ဝတ်နှင့်အညီ ရပ်တည်နိုင်စေရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကိုလည်း သတင်းမီဒီယာဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည်။

၄။ အစိုးရအဖွဲ့(များ)သည် သတင်း (သို့မဟုတ်) သတင်းဆောင်းပါးဖော်ပြမှုကြောင့် နစ်နာသည်ဟုယူဆပါက သတင်းမီဒီယာဥပဒေပုဒ်မ (၂၁) အရအရေးယူဆောင်ရွက်မှုကို ဦးစွာလုပ်ဆောင်ပါမှ တည်ဆဲဥပဒေများကိုလေးစားလိုက်နာနေသည့် အစိုးရ(များ) ဖြစ်ကြောင်းဆိုနိုင်ပါမည်။

၅။ ယခုဖြစ်စဉ်အရ သတင်းမီဒီယာသမားများအား ချက်ချင်းဖမ်းဆီးချုပ်နှောင်နိုင်သည့် ဥပဒေပုဒ်မကိုအသုံးပြု၍တရားစွဲဆိုခြင်းသည် လုပ်ထုံးလုပ်နည်းအရမှားယွင်းနေသည်သာမက နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နစ်နာစေသည့်အတွက် ယခုကဲ့သို့ အရေးယူမှုကို PEN Myanmar ကကန့်ကွက်လိုက်ပါသည်။

ပဲန်မြန်မာစင်တာ     

 

Leave comment

Your email address will not be published. Required fields are marked with *.