(၁၀၄) ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲ

ပဲန်မြန်မာ၏ ၁၀၄ ကြိမ်မြေက် ရသအစုန်အဆန် ရေးသူဖတ်သူဆွေးနွေးပွဲကို နွားထိုးကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၏ ဖိတ်ကြားမှုဖြင့် ရန်ကုန်မှ ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသော ဆရာ မျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာ စောဝေနှင့် ဆရာမ စုမီအောင်၊ မန္တလေးမှ ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်ကြသော ဆရာညီပုလေး၊ ဆရာမ ချောအိမာန် (မန္တလေး)နှင့် မန္တလေးအခြေစိုက် ကဗျာဆရာများဖြစ်ကြသော ဆရာ မောင်ဖြိုးဝေ၊ ဆရာ အာကာမိုးမြင့်နှင့် ဆရာ မိုးစဲနှင်းတို့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက် မနက် ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့၌ ပြုလုပ်ခဲ့သည်။
အောက်တိုဘာလ ၁၃ရက်နေ့သည် စနေနေ့ဖြစ်သော်လည်း ၀ါတွင်းကာလဖြစ်ရာ ကျောင်းဖွင့်ရက်နှင့်တိုက်ဆိုင်နေသည်။ သို့သော် နွားထိုးကြီးမြို့ရှိ ကျောင်းများ၏ ပူးပေါင်းပါဝင်မှု၊ ကျောင်းသားလူငယ်များ၏ စာပေဝါသနာတို့က ရသအစုန်အဆန်ပွဲကို ပို၍ သက်ဝင်လှုပ်ရှားစေသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က အမှတ်တရစကားပြောကြားပြီး ပဲန်မြန်မာဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်း မိတ်ဆက်စကားပြောကြားခဲ့သည်။


(၁၀၄)ကြိမ်မြောက် ရသအစုန်အဆန်ကို ဆရာမ ချောအိမာန်(မန္တလေး)၏ “မန္တလေးကိုပျံသွားသလား” ဝတ္ထုတိုရွတ်ဖတ်မှုဖြင့် စတင်ခဲ့သည်။ ဆရာမ ချောအိမာန်၏ ဝတ္ထုတို ရွတ်ဖတ်မှုအပြီးမှာပင် တက်ရောက်လာသူများ၏ အဆန်မှာ အားရစရာကောင်းလှသည်။

ဆရာမ ချောအိမာန်(မန္တလေး)၏ ဝတ္ထုတိုရွတ်ဖတ်မှုအပြီးတွင် ဆရာမောင်ဖြိုးဝေက ကဗျာတစ်ပုဒ်ရွတ်သည်။ ယင်းနောက် ဆရာမ မသီတာ(စမ်းချောင်း)၏ အက်ဆေးရွတ်ဖတ်မှု၊ ဆရာ အာကာမိုးမြင့်၏ ကဗျာရွတ်ဖတ်မှု၊ ဆရာမ စုမီအောင်နှင့် တက်ရောက်လာသော ကျောင်းသားလူငယ်များ၏ reading performance၊ ဆရာ မိုးစဲနှင်း၏ ကဗျာရွတ်ဆိုမှုတို့ ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်များတွင်လည်း တက်ရောက်လာသူများ၏ ရသဖလှယ်မှု၊ ရသဆန်မှုမှာ ကျေနပ်စရာပင်။


ယင်းနောက် ဆရာညီပုလေး၏ တင်ဆက်မှုအနုပညာ (performance)ကို စီးမျောခံစားခဲ့ကြသည်။ Moderator ဆရာစောဝေ၏ ကဗျာရွတ်ဆိုမှုအပြီးတွင် နိုင်ငံတော်သီချင်းကို ပြိုင်တူရွတ်ဆိုကာ (၁၀၄)ကြိမ်မြောက်ရသအစုန်အဆန်ပွဲကို အဆုံးသတ်ခဲ့သည်။