(၁၀၈)ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲ

ပဲန်မြန်မာ၏ (၁၀၈)ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ကမ္ဘောဇလူငယ်စာကြည့်တိုက်နှင့် စာဖတ်အသင်းတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့၌ ကျင်းပခဲ့သည်။
ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်သော ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ ညီပုလေး၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာ ဟန်ဆန်း၊ ဆရာ စန်းဦး၊ ဆရာ သူရဿဝါတို့ ပါဝင်ခဲ့ပြီး ဆရာ စောဝေက Moderator အဖြစ် တာဝန်ယူခဲ့သည်။

ဆရာ မျိုးမြင့်ညိမ်းက ပဲန်မြန်မာအကြောင်းကို မိတ်ဆက်စကားပြောကာ ပဲန်မြန်မာ၏ (၁၀၈)ကြိမ်မြောက် ရသအစုန်အဆန်ကို စတင်ခဲ့သည်။ ထို့နောက် ဆရာဟန်ဆန်းက “လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘကျော်နိုင်ပါသည်” အက်ဆေးကို ရွတ်ဖတ်ခဲ့သည်။ ဆရာဟန်ဆန်း အက်ဆေးရွတ်ဖတ်မှုအပြီးတွင် ရသအစုန်အဆန်ပွဲသို့ရောက်ရှိနေသော ကဗျာဆရာမ မြူပါးရ်က ကဗျာတစ်ပုဒ်ရွတ်ဆိုခဲ့သည်။


ယင်းနောက် သရော်စာအရေးကောင်းသော ဆရာ သူရဿဝါက သရော်စာများ၊ ဟာသစာပေများကို ပရိတ်သတ်များပွဲကျအောင် ပြောပြခဲ့သည်။
ဆရာ စန်းဦးက စာရေးဆရာ ကြူးနှစ်၏ ဝတ္ထု၃ပုဒ်ကို လက်တန်းပြောပြခဲ့ပြီး ပရိတ်သတ်များကလည်း ဆရာ စန်းဦး ပြောခဲ့သော ဝတ္ထုများကို ပြန်လည် တုံံ့ပြန်ဆွေးနွေးခဲ့သည်။



ထို့နောက် တောင်ကြီးမြို့ရှိ ကဗျာချစ်သူ ကိုအောင်သူ ကဗျာဆရာနိုင်မွန်အောင်သွင်၏ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။
ဆရာမ မသီတာ(စမ်းချောင်း)က အရေးအသားများ စာအုပ်ထဲမှ အက်ဆေးတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ကဗျာဆရာ သွင်သစ်နီက ကဗျာတစ်ပုဒ်ကိုရွတ်ဆိုခဲ့ရာ ဆရာညီပုလေးက အမှတ်တရစကားပြောဆိုခဲ့သည်။
ထို့နောက် ကဗျာဆရာမောင်အောင်ပွင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တက်ရောက်လာသူများက တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။

ယင်းနောက် ဆရာညီပုလေးက တင်ဆက်မှုအနုပညာ (performance) ပြုလုပ်ခဲ့ပြီး ပရိတ်သတ်များကလည်း ဆရာညီပုလေး၏ performance ကို ပြန်လည်ဆွေးနွေးခဲ့သည်။


ပဲန်မြန်မာ၏ (၁၀၈)ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲသည် တောင်ကြီးမြို့ရှိ ကဗျာဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ပြီး ရသများအပြန်အလှန် စုန်ဆန်ဖလှယ်ခဲ့ကြသည့် သက်ဝင်လှုပ်ရှားသော ပွဲတစ်ခု ဖြစ်ခဲ့သည်။