ပဲန်မြန်မာ၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံ ကျင်းပ

ပဲန်မြန်မာ၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်ရှိ ပုဂံခန်းမဆောင်၌ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားမှူး ကဗျာဆရာစောဝေ

အခမ်းအနားကို မနက် ၉နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ပဲန်မြန်မာ၏ အမာခံအဖွဲ့ဝင် ကဗျာဆရာ စောဝေက တာဝန်ယူခဲ့သည်။ အခမ်းအနားမစတင်မီ တက်ရောက်လာသူများကို မနက်စာအဖြစ် မုန့်ဟင်းခါး၊ ကော်ဖီ/လက်ဖက်ရည်များဖြင့် ဧည့်ခံခဲ့သည်။ ထို့နောက် ပဲန်မြန်မာ၏ ဥက္ကဋ္ဌ ဆရာမျိုးမြင့်ညိမ်းက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ၂၀၁၈တစ်နှစ်တာအတွင်း ပဲန်မြန်မာ၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၈တစ်နှစ်တာ ပဲန်မြန်မာ၏လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြနေသော ပဲန်မြန်မာဥက္ကဋ္ဌ မျိုးမြင့်ညိမ်း

ပဲန်မြန်မာ၏ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဆရာ ဟန်ဇော်/ဟန်ဆန်းက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း)က ပဲန်မြန်မာ၏ အနာဂတ်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြနေသော ပဲန်မြန်မာ၏ အတွင်းရေးမှူး/ ဘဏ္ဍာရေးမှူး ဟန်ဇော်

 

ဆရာမ မသီတာ (စမ်းချောင်း)က ပဲန်မြန်မာ၏ အနာဂတ်အစီအစဉ်များကို ရှင်းလင်းတင်ပြစဉ်

ယင်းနောက် ညီလာခံသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ဆရာမ ရာသက်ပန် (တောင်ငူဆောင်)က ပဲန်မြန်မာမှထုတ်ဝေထားသော “ငြိမ်းချမ်းရေးကဗျာ သရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ ပြိုင်ပွဲဝင်ကဗျာများ” ကို မကွေးတက္ကသိုလ် မြန်မာစာဌာန မဟာဝိဇ္ဇာသင်တန်းတွင် ကျမ်းပြုစုရာ၌ အသုံးပြုရန်ခွင့်တောင်းခဲ့ရာ ညီလာခံတက်ရောက်သူအားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

ဆရာမ ရာသက်ပန် (တောင်ငူဆောင်)

ပဲန်မြန်မာ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ မြင့်ခေါင်ကြည်က ပဲန်မြန်မာအဖွဲ့ဝင်များ စုပေါင်း၍ ဝတ္ထုတိုပေါင်းချုပ်ကဲ့သို့ စာအုပ်တစ်အုပ် ထုတ်ဝေရန် အကြံပြုခဲ့သည်။

ဆရာ မြင့်ခေါင်ကြည်

ယင်းနောက် ပဲန်မြန်မာအဖွဲ့ဝင်များက ပဲန်မြန်မာ၏ လှုပ်ရှားမှုများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ပဲန်မြန်မာ၏ အထွေထွေရန်ပုံငွေအတွက် ရွှေတွံတေးဆရာတော် (စာပဒေသာမောင်လှထွေး)က ငါးသိန်းနှစ်ထောင်ကျပ်၊ ဆရာမ နှင်းသီရိကျက်သရေက တစ်သိန်းကျပ်၊ ပဲန်မြန်မာအဖွဲ့ဝင်များ စုပေါင်း၍ စာအုပ်ထုတ်ဝေရန်အတွက် ရွှေတွံတေးဆရာတော် (စာပေဒသာမောင်လှထွေး)က ငါးသိန်းကျပ်၊ ကော့မှူးဆရာတော်၊ ဆရာမ ရာသက်ပန် (တောင်ငူဆောင်) ဆရာ ဦးဘုန်း(ဓာတု) နှင့် ဆရာ သထုံငယ်ငယ်တို့က တစ်သိန်းကျပ်စီ လှူဒါန်းခဲ့ကြသည်။

ပဲန်မြန်မာအတွက် ရန်ပုံငွေများ ပေးအပ်လှူဒါန်းသော ရွှေတွံတေးဆရာတော် (စာပဒေသာမောင်လှထွေး)နှင့် ကော့မှူးဆရာတော်၊ အလှူငွေလက်ခံပေးသော ဆရာ ဟန်ဇော်နှင့် ဆရာမ ငွေကြယ်စင်

နေ့လယ်စာသုံးဆောင်ပြီးနောက် ပဲန်မြန်မာ၏ အမာခံအဖွဲ့ဝင် ဆရာမ ပန်ဒိုရာက ပဲန်မြန်မာ၏ ရေးဆွဲပြီးသော မူဝါဒများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပဲန်မြန်မာ၏ စီမံကိန်းမန်နေဂျာ ကိုလဆိုင်းက ၂၀၁ရခုနှစ် မဟာဗျူဟာရေးဆွဲရေး အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သော ကော်မတီများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ပဲန်မြန်မာ၏မူဝါဒများကို ရှင်းလင်းတင်ပြနေသော ဆရာမ ပန်ဒိုရာ

 

ပဲန်မြန်မာ၏ စီမံကိန်းမန်နေဂျာ ကိုလဆိုင်း

ပဲန်မြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဆရာညီပုလေးက ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်အဖြစ် ပူးပေါင်းပါဝင်လိုသူများကို ဖိတ်ခေါ်ခဲ့သည်။

၁။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကော်မတီ
(က) အကျဉ်းကျစာရေးဆရာများဆိုင်ရာ ဆပ်ကော်မတီ
(ခ) ငြိမ်းချမ်းရေးစာရေးဆရာများဆိုင်ရာ ဆပ်ကော်မတီ
၂။ စာပေယဉ်ကျေးမှုဆိုင်ရာ ကော်မတီ
(က) ဘာသာပြန်နှင့် ဘာသာစကားရပိုင်ခွင့်ဆိုင်ရာ ဆပ်ကော်မတီ
(ခ) စာပေဆိုင်ရာ ဆပ်ကော်မတီ
၃။ စာပေနှင့်ပညာရေးဆိုင်ရာ ကော်မတီ
၄။ အမျိုးသမီးစာရေးဆရာများဆိုင်ရာ ကော်မတီ

ကော်မတီများအကြောင်းရှင်းလင်းတင်ပြနေသော ဆရာညီပုလေး

ထို့နောက် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ခဲ့သော နိုင်ငံဝန်ထမ်း(ဟောင်း) ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ဂုဏ်ပြုဆုနှင့် ဆုငွေ ၁၅သိန်း၆သောင်းကျပ် ပေးအပ်ရာ ဦးမိုးရန်နိုင်၏ ညီဖြစ်သူ ဦးရဲဝင့်နိုင်က လက်ခံရယူခဲ့သည်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၏ ညီဖြစ်သူ ဦးရဲဝင့်နိုင်က ဂုဏ်ပြုဆု လက်ခံရယူစဉ်

ယင်းနောက် အခမ်းအနား၏ နောက်ဆုံးအစီအစဉ်အဖြစ် ကဗျာဆရာစောဝေ၏ “ရစ်မယ်”ကဗျာ ရွတ်ဆိုကာ တက်ရောက်လာသူများပါ ပါဝင်နိုင်သော တင်ဆက်မှုအနုပညာတစ်ရပ်ကို ပုံဖော်ခဲ့သည်။

ဆရာစောဝေ၏ “ရစ်မယ်”ကဗျာ တင်ဆက်မှုအနုပညာ

 

ပဲန်မြန်မာ၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံသို့ ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့၊ အမာခံအဖွဲ့ဝင်များ၊ အဖွဲ့ဝင်များနှင့် လေ့လာသူများ၊ မီဒီယာများ (၁၂၀)ဦးခန့် တက်ရောက်ခဲ့သည်။

 

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.