PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၇/၂ဝ၁၈)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၇/၂ဝ၁၈) ၂၂ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၈ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ နိုင်ငံ့ဝန်ထမ်း(ဟောင်း) ဦးမိုးရန်နိုင်အား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း

၁။လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရာတွင် လက်တွေ့ကျင့်သုံးခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်၊
၂။သတင်းမီဒီယာသမားများ၊ စာရေးဆရာများအနေဖြင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခြင်းသည် အလုပ် တာဝန်တစ်ခုအဖြစ်ပင် ထင်ရှားသော်လည်း တင်းကြပ်သောဥပဒေနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကြားတွင် လုပ်ကိုင် ဆောင်ရွက်နေရသော နိုင်င့ံဝန်ထမ်းများအတွက်မူ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခြင်းသည် အထူးတလည် အားစိုက် မှ ဆောင်ရွက်နိုင်သည့် အလုပ်တစ်ခုဖြစ်သည်။
၃။ဒု-ရဲမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်စဉ်ကို သိရှိခဲ့သူပီပီ ဦးမိုးရန်နိုင်သည် ရဲ(နိုင်ငံ့)ဝန်ထမ်းတစ်ဦး၏ မာနနှင့်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ဖြစ်ရပ်မှန်ကို ကျမ်းကျိန် ထွက်ဆိုထုတ်ဖော်ပြောကြားခဲ့ပါသည်။
၄။ထိုသို့ ထုတ်ဖော်ပြောကြားသည့်အတွက် နောက်ဆက်တွဲသက်ရောက်မှုအားဖြင့် ယင်း၏ တာဝန်က ရပ်စဲခံရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း၊ မိသားစုများအား ဝန်ထမ်းအိမ်ရာမှ ချက်ချင်းပြောင်းရွှေ့စေခိုင်းခံရခြင်းစသည့် ဖြစ်ရပ်ဆိုး များ ကြုံတွေ့ခဲ့ရပါသည်။
၅။သို့ရာတွင် ယင်း၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အား ကျင့်သုံးခဲ့မှုကြောင့် လက်ရှိမြန်မာ့တရားစီရင်ရေး စနစ်၏ အားနည်းချက်များ၊ မတရားမှုများကို ရှာဖွေဖော်ထုတ်ရန်ထက် ဖုံးကွယ်လျှို့ဝှက်ထားရန် အားထုတ်မှုများနှင့် သတင်းမီဒီယာသမားများအား ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုများကို ထင်ရှားစေခဲ့ပါသည်။
၆။ထို့ကြောင့် နောက်ဆက်တွဲရလဒ်ဆိုးများကို ရင်ဆိုင်ရမည်ဟု ကြိုတင်ခန့်မှန်းသိရှိနိုင်ပါလျက် မိမိ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အား ထူးချွန်စွာ ကျင့်သုံးခဲ့သူ နိုင်ငံ့ဝန်ထမ်းဟောင်း ဦးမိုးရန်နိုင်အား ပဲန်မြန်မာက လေးစားစွာ ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါသည်။
၇။နိုင်ငံ့ဝန်ထမ်းအားလုံးအားလည်း မိမိ၏ကိုယ်ကျိုးစီးပွားထက် နိုင်ငံ့အကျိုးနှင့် တရားမျှတမှုအတွက် မိမိတို့၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အား ကျင့်သုံးအားထုတ်ကာကွယ်ပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။
ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.