ပဲန်မြန်မာ၏ ၁၁၀ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်းရှိ Public Community Center တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁ဝရက်နေ့၌ပြုလုပ်ခဲ့ပါသည်။ ပဲန်မြန်မာအဖွဲ့ဝင်များဖြစ်သည့် ဆရာ ဟန်ဇော်၊ ဆရာမ စုမီအောင်၊ ဆရာ စောဝေ၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာ သူရဿဝါနှင့် ဆရာမ ထက်မြတ်နိုင်ဇင်တို့က ကဗျာ၊ ဝတ္ထုဖတ်ကြားခြင်းများဖြင့် ရသစုန်ခဲ့ကြပြီး တက်ရောက်လာသူများက ရသပြန်ဆန်ခဲ့ကြပါသည်။

ပွဲစစချင်းမှာ တက်ရောက်လာသူများကို အခမ်းအနားမှူး ဆရာ စောဝေက ပဲန်မြန်မာမှ လိုက်ပါလာကြသည့်သူများကို တစ်ဦးချင်းမိတ်ဆက်ခဲ့ပါသည်။

အခမ်းအနားမှူး ကဗျာဆရာစောဝေ

ထို့နောက် ဘားအံပညာရေးဖောင်ဒေးရှင်းက ဆရာ ဦးသန်းအောင်က အမှတ်တရစကားပြောကြားပြီး ဆရာ ဟန်ဇော်က ပဲန်မြန်မာအကြောင်းမိတ်ဆက်ပြောကြားခြင်း၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အကြောင်းနှင့် သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အမှတ်တရစကားပြောကြားနေသော ဘားအံပညာရေးဖောင်ဒေးရှင်းမှ ဆရာဦးသန်းအောင်
ပဲန်မြန်မာ အတွင်းရေးမှူး ဆရာဟန်ဇော်

ဆရာ ဟန်ဇော်၏ ဆွေးနွေးမှုအပြီးမှာ ဘားအံအခြေစိုက် ပဲန်မြန်မာအဖွဲ့ဝင် ဆရာမ နန်းကြာဖြူ(ဘားအံ)က ဖော်မဆုံ သုညကလေးများ ဝတ္ထုတိုကို ဖတ်ကြားခဲ့ပါသည်။ ဆရာမ နန်းကြာဖြူ(ဘားအံ)၏ ဝတ္ထုကို တက်ရောက်လာသူများဖြစ်သည့် ဦးသန်းထွဋ်နှင့် စုတာတို့က ပြန်လည်ဆန်ခဲ့ကြပါသည်။

ဖော်မဆုံသုညကလေးများ ဝတ္ထုကိုဖတ်ကြားနေသော ဆရာမ နန်းကြာဖြူ(ဘားအံ)

ဆက်လက်ပြီး ဆရာမ ထက်မြတ်နိုင်ဇင်က စွန့်လွှတ်ကြသူများရဲ့အိပ်မက်ဟာ အရောင်နဲ့လား ဝတ္ထုတိုကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများထဲမှ ကိုမြင့်အောင်က ပြန်လည်စုန်ဆန်ခဲ့ပါသည်။

စာရေးဆရာမ ထက်မြတ်နိုင်ဇင်

ဆရာ သူရဿဝါက ကဗျာတစ်ပုဒ်ကို ဖတ်ကြားပြီး ခေါင်းစဉ်အား တက်ရောက်လာသူများကိုယ်တိုင် ခံစားရသလို ပြောစေပါသည်။ တက်ရောက်လာသူများက တစ်ယောက်တစ်မျိုး မိမိတို့ ခံစားရသလို ခေါင်းစဉ်ပေးကြပါသည်။ ဆရာ သူရဿဝါ၏ ကဗျာခေါင်းစဉ်က ငါတို့နားမှာ ဘုရားရှိလား ဖြစ်ပါသည်။

ဆရာသူရဿဝါက ငါတို့နားမှာ ဘုရားရှိလား ကဗျာကို ဖတ်ကြားစဉ်

ထို့နောက် ဆရာမ စုမီအောင်က သူငယ်ချင်းနှစ်ယောက်နှင့် ပူးပေါင်းပြီး ကဗျာတစ်ပုဒ်ကို တင်ဆက်မှုအနုပညာဖြင့် ပေါင်းစပ်ပြီး ရွတ်ဆိုခဲ့ပါသည်။

ဆရာမ စုမီအောင်က သူငယ်ချင်းနှစ်ယောက်နှင့် ပူးပေါင်းပြီး ကဗျာတစ်ပုဒ်ကို တင်ဆက်မှုအနုပညာဖြင့် ပေါင်းစပ်ပြီး ရွတ်ဆိုစဉ်

နောက်ဆုံးမှာတော့ အခမ်းအနားမှူး ကဗျာဆရာ စောဝေ၏ တို့အားလုံးရဲ့နိုင်ငံတော် ကဗျာကို ရွတ်ဆိုပြီး ၁၁၀ ကြိမ်မြောက် ရသအစုန်အဆန်ပွဲကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။

တက်ရောက်လာသူများနှင့် အမှတ်တရ

ည ၇ နာရီကျော်ကစပြီး စုန်ဆန်လိုက်ကြသည်မှာ ည ၁၀ နာရီနီးနီးအထိ ကြာမြင့်ခဲ့ပြီး အစုန်အဆန်များဖြင့် ရသစာပေကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.