PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၂/၂၀၁၉)၊ ၇ ရက်၊ မေလ၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ရိုက်တာသတင်းထောက်နှစ်ဦးအား လွတ်မြောက်စေခဲ့သည့် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့် ၁၆/၂၀၁၉ အား ကြိုဆိုထောက်ခံခြင်း

၁။ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့စွဲပါ လွတ်ငြိမ်းသက်သာခွင့်အမိန့် ၁၆/၂၀၁၉ ကို နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်က ထုတ်ပြန်လိုက်ရာ လွတ်မြောက်လာသူ ၆၅၂၀ ဦးအနက် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ဝလုံးနှင့် ကျော်စိုးဦးတို့ ပါဝင်လာပါသည်။

၂။ PEN Myanmar သည် ၂၀၁၈ ခုနှစ် PEN/Barbey Freedom to Write နှင့် ၂၀၁၉ ခုနှစ် UNESCO/Guillermo Cano ဆုရှင်များဖြစ်ကြသည့် သတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ကို ဆက်လက်တရားစွဲဆိုရန် တရားရုံးက ဆုံးဖြတ်ခဲ့ချိန်ကလည်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့စွဲပါ ထုတ်ပြန်ကြေညာချက် ၄/၂၀၁၈ အား ထုတ်ပြန်ကာ တရားရုံးများအနေနှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အလေးအနက်ထားသင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

၃။ တစ်ဖန် ယင်းတို့အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့စဉ်ကလည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့စွဲပါ ထုတ်ပြန်ကြေညာချက် ၅/၂၀၁၈ အား ထုတ်ပြန်ကာ ယင်းလုပ်ရပ်သည် သတင်းသမားများ၏ လွတ်လပ်စွာ သတင်း ရယူပိုင်ခွင့်ကို အဟန့်အတားဖြစ်စေသည့်အပြင် ပြည်သူလူထု၏သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ထားသည်သာမက မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်ရသဖြင့် တရားရုံးအနေနှင့် စီရင်ချက်အား ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

၄။ ယင်းတို့နှစ်ဦးသည် ပြစ်ဒဏ်ချမှတ်ခံထိုက်သူများ မဟုတ်သော်လည်း အကျဉ်းထောင်ထဲတွင် ရက်ပေါင်း ၅၀၀ ကျော် နေထိုင်ခဲ့ရပါသည်။ ထို့အတူ နိုင်ငံတကာမျက်နှာစာတွင်လည်း ယင်းတို့၏အကျဉ်းကျနေမှုက တည်ဆဲအစိုးရအပေါ် ဝေဖန်ပြစ်တင်စရာ ဖြစ်ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် တရားစီရင်ရေးစနစ်ကိုလည်း မေးခွန်းများစွာ ပေါ်ပေါက်စေခဲ့ပြီဟုလည်း ဆိုရပါမည်။

၅။ မည်သို့ပင်ဖြစ်စေကာမူ ““ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်အတွက် လည်းကောင်း”” ရည်ရွယ်ကာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုသည်ဟူသော သမ်္မတ၏အမိန့် သည် သတင်းထောက်နှစ်ဦးအား မိမိတို့၏မိသားစုရင်ခွင်သို့လည်းကောင်း၊ သတင်းလုပ်ငန်းခွင်သို့လည်းကောင်း ပြန်လည် ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

၆။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် ဧပြီလ ၁၇ ရက်၊ ၂၆ ရက်နှင့် မေလ ၇ ရက်တို့တွင် လွတ်ငြိမ်းသက်သာခွင့်ပြုသူစုစုပေါင်း ၂၂၄၀၃ ဦးအနက် သတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးအား ထည့်သွင်းပါဝင်စေ ခဲ့ခြင်းက မြန်မာသတင်းမီဒီယာလောကအတွက်သာမက သတင်းလွတ်လပ်ခွင့်၏အကျိုးကို ခံစားရသူ ပြည်သူလူထုအတွက် ပါ မင်္ဂလာရှိသောသတင်းဖြစ်ပါသဖြင့် PEN Myanmar က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံလိုက်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.