PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၃/၂၀၁၉)

PEN Myanamr ၏ ထုတ်ပြန်ကြေညာချက် (၃/၂၀၁၉)
၂၃ ရက် မေလ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
မီဒီယာသမားများအပါအဝင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေသူများအား
အရေးယူဖမ်းဆီးမှုအပေါ် သဘောထားကြေညာချက်
၁။ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်သည် နိုင်ငံသားတိုင်း၏ အခြေခံရပိုင်ခွင့်ဖြစ်ကာ ယင်းတွင် အခြားတစ်ပါးသူများ မနှစ်သက်နိုင် သော အတွေးအခေါ်၊ အယူအဆများကို ထုတ်ဖော်ပြောဆိုရေးသားပိုင်ခွင့်နှင့် ထိုသို့သော အတွေးအခေါ် ထင်မြင်ယူဆချက်များကြောင့် ခွဲခြားဆက်ဆံဖိနှိပ်ခြင်း မခံရဘဲ စိတ်အေးချမ်းသာစွာ နေပိုင်ခွင့်များပါ အကျုံးဝင်ပါသည်။
၂။ သို့ရာတွင် မြန်မာ့ရိုးရာသင်္ကြန်ကာလမတိုင်မီကတည်းက မီဒီယာသမားများအပါအဝင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေသူများအား အရေးယူဖမ်းဆီးမှုများ ဆက်တိုက်ထွက်ပေါ်နေ သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
၃။ ယင်းတို့မှာ (၁) ဒါရိုက်တာ မင်းထင်ကိုကိုကြီး – ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်တွင် တပ်မတော်က ပုဒ်မ ၆၆(ဃ)နှင့် ၅၀၅(က) တို့ဖြင့် စွဲဆို၊ (၂) ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦး – ၂၀၁၉ ခုနှစ် ဧပြီလတွင် တပ်မတော်က ပုဒ်မ ၆၆(ဃ)နှင့် ၅၀၅(က)တို့ဖြင့် စွဲဆို၊ (၃) ဧရာဝတီသတင်းဌာန၏ အကြီးတန်းအယ်ဒီတာ ရဲနည် – ၂၀၁၉ ခုနှစ် ဧပြီလတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆို၊ (၄) Development Media Group ၏ အယ်ဒီတာချုပ် အောင်မင်းဦး – ၂၀၁၉ ခုနှစ် မေလ ၁ ရက်တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ပုဒ်မ ၁၇(၂)ဖြင့် စွဲဆိုနှင့် (၅) Channel Mandalay News မှ နန္ဒ(တစ်ကိုယ်တော်) – ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်တွင် ပုသိမ်ကြီးမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်း – အစရှိသူများ ဖြစ်ကြပါသည်။
၄။ နှစ်သစ်ကူးအကြိုအဖြစ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ရိုက်တာသတင်း ထောက်နှစ်ဦးတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းကို ပဲန်မြန်မာက ကြိုဆိုခဲ့ပြီး ဖြစ်ပါ သည်။
၅။ သို့ရာတွင် အပိုဒ် ၃ တွင် ဖော်ပြခဲ့သည့်အတိုင်း လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေသူများအား ပုဒ်မအမျိုးမျိုးဖြင့် တပ်မတော်ကလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်းကောင်း တရားစွဲဖမ်းဆီးအရေးယူနေခြင်းများသည် အကျည်းတန်စွာ ဖြစ်ပေါ်နေဆဲပင် ဖြစ်ပါသည်။
၆။ ယင်းတို့အား မည်သည့်ဌာနက တရားစွဲဆိုသည်ဖြစ်စေ နိုင်ငံတော်၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို လျော့ပါးနိမ့်ကျစေသည့်အတွက် တည်ဆဲအစိုးရအနေဖြင့် ယင်းအမှုများအား ဆန်းစစ်လေ့လာသုံးသပ်ကာ တာဝန်ယူဖြေရှင်းသင့်ပါကြောင်း ပဲန်မြန်မာက အလေးအနက် တိုက်တွန်းပါသည်။
ပဲန်မြန်မာ