၁၂၀ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

မိုးကုတ်မြို့ ရေပူရပ်ရှိ Mogok Royal Treasure Private School နှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဉ်သည့် ၁၂၀ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက် ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ MRT ကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ အခမ်းအနားမှူး ကဗျာဆရာ စောဝေက ပဲန်မြန်မာက လိုက်ပါလာကြသည့် စာရေးဆရာ/ဆရာမများကို တက်ရောက်လာကြသူများနှင့် မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် ပဲန်မြန်မာအတွင်းရေးမှူး စာရေးဆရာ ဟန်ဆန်း/ဟန်ဇော်က သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်းများကို တက်ရောက်လာကြသူများအား ဆွေးနွေးပြောြ ကားခဲ့ပါသည်။ ဆက်လက်ပြီး ရသအစုန်အဆန်အစီအစဉ်ကို စတင်ရာ အခမ်းအနားမှူး ကဗျာဆရာ စောဝေက ပဲန်မြန်မာဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မိချမ်းဝေကို ဖိတ်ခေါ်ခဲ့ပါသည်။ ဆရာမ မိချမ်းဝေက ဆရာ နိုင်မြင့်(လူထုစာကြည့်တိုက်)၏ အမေစာကြည့်တိုက် လာပြီ ကဗျာကို ရွတ်ဖတ်ခဲ့ပါသည်။ ဆရာမ ကဗျာရွတ်ဆိုမှုပြီးနောက် ပြန်လည်စုန်ဆန်ကြသူများက နဝမတန်းကျောင်းသူလေး မသဲစုစုကျော်နှင့် ဒသမတန်းကျောင်းသားလေး ကိုလွင်မင်းကို တို့ဖြစ်ပါသည်။ ဆရာမ မိချမ်းဝေအလှည့်ပြီးနောက် ဆရာ စောဝေက MRT ကျောင်းအုပ်ဆရာကြီး စာရေးဆရာ ထက်နိုင်(တလုပ်မြို့)က စာရေးဆရာကြီး မင်းသုဝဏ်၏ သပြေညို ကဗျာကို ရွတ်ဆိုပြီး ရသအစုန်အဆန်အစီအစဉ်မှာ ပါဝင်ခဲ့ပါသည်။ ထို့နောက် စာရေးဆရာ သူရဿဝါက အာဒံ၊ ဧဝနဲ့ ဗယ်လင်တိုင်းဒေး ဆိုသည့် သရော်စာကို ဖတ်ပြရာ တက်ရောက်လာကြသူများ၊ ကျောင်းသားကျောင်းသူများ သဘောကျနှစ်ခြိုက်ရယ်မောပျော်ရွှင်စေခဲ့ပါသည်။ ဆက်လက်ပြီးတော့ စာရေးဆရာမ ထက်မြတ်နိုင်ဇင်က ဝတ္ထုတို ဖတ်ကြားခြင်း၊ ဆရာမ ပျိုဇန်နှင့် ကဗျာဆရာ တည်မှီတို့က ဂီတကဗျာ ပေါင်းစပ်ရွတ်ဆိုမှု၊ ဆရာမ ညိုအလင်္ကာက ကဗျာရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် မန္တလေးအခြေစိုက် ပဲန်မြန်မာဒါရိုက်တာဘုတ်အဖွဲ့ဝင် စာရေးဆရာမ ချောအိမာန်(မန္တလေး)က ဝတ္ထုတိုတစ်ပုဒ် ဖတ်ကြားခဲ့ပြီး မန္တလေးအခြေစိုက် ပဲန်မြန်မာအဖွဲ့ဝင် စာရေးဆရာ နွေမွန်(မန်း)က ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရသည့် ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ကြားခဲ့ပါသည်။ နောက်ဆုံးအစီအစဉ်များ ဖြစ်သည့် ပဲန်မြန်မာဒါရိုက်တာဘုတ်အဖွဲ့ဝင် စာရေးဆရာမ စုမီအောင် ဦးဆောင်ပြီး ပဲန်မြန်မာအဖွဲ့သားအားလုံး ပါဝင်သည့် တင်ဆက်မှုအနုပညာတစ်ခုကို ကဗျာဆရာ တည်မှီ၏ ဂစ်တာတီးခတ်ပံ့ပိုးမှုနှင့်အတူ ပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ကြကာ ကဗျာဆရာ စောဝေ၏ မိုးကုတ် ဆိုသည့်ကဗျာကို ရွတ်ဆိုပြီး ၁၂၀ ကြိမ်မြောက် ရသအစုန်အဆန်ရေးသူဖတ်သူစုန်ဆန်ပွဲကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။

စာရေးဆရာမ ထက်မြတ်နိုင်ဇင်၏ ဝတ္ထုကို ပြန်လည်စုန်ဆန်သူတစ်ဦး။
ဆရာမ မိချမ်းဝေ၏ ကဗျာရွတ်ဆိုမှု
MRT ကျောင်းအုပ်ဆရာကြီး စာရေးဆရာ ထက်နိုင်(တလုပ်မြို့)
ပြန်လည်စုန်ဆန်သူတစ်ဦး
စာရေးဆရာမ ချောအိမာန်(မန္တလေး)
အမှတ်တရ

Leave comment

Your email address will not be published. Required fields are marked with *.