ပဲန်မြန်မာ၏ ထုတ်ပြန်ကြေညာချက်(၄/၂၀၁၉)

ပဲန်မြန်မာ၏ ထုတ်ပြန်ကြေညာချက်(၄/၂၀၁၉)

၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ဒေါင်းတို့မျိုးဆက်များအား ပြစ်ဒဏ်ချမှတ်ခြင်းသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို လျစ်လျူရှုခြင်းဖြစ်သည်

၁။ ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့မှ စတင်ဖမ်းဆီးအရေးယူခံကြရပြီး တပ်မတော်က ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံခဲ့ကြရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်ကြသည့် ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ဇော်လင်းထွဋ်၊ ကေခိုင်ထွန်းတို့အား မရမ်းကုန်းမြို့နယ်တရားရုံးက အောက်တိုဘာ ၃၀ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်တွင်ထုတ်ပြန်ပြီး မြန်မာနိုင်ငံက ကနဦးလက်မှတ်ရေးထိုးပါဝင်ခဲ့သည့် လူ့ရပိုင်ခွင့် ကြေညာစာတမ်း Universal Declaration of Human Rights အပိုဒ် ၁၉ တွင် ‘’လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟတင်ပြပိုင်ခွင့်ရှိသည်၊ ထိုအခွင့်အရေးများအရ မိမိတင်ပြယူဆချက်များကို အနှောင့်အယှက် အဟန့်အတားမရှိ ခံယူကျင့်သုံးပိုင်ခွင့်ရှိသည်’’ ဟု ဖော်ပြပါရှိသည်။

၃။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ကိုးကွယ်ယုံကြည်ခွင့် မိမိယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့်၊ မိမိတွေးခေါ် ယူဆချက်များကြောင့် ခွဲခြားဆက်ဆံဖိနှိပ်ခြင်းမခံရဘဲ စိတ်အေးချမ်းသာစွာ နေထိုင်ပိုင်ခွင့်၊ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်၊ အသင်းအဖွဲ့တွင် ပါဝင်လုပ်ဆောင်ပိုင်ခွင့်တို့သည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၏ အခြေခံအကျဆုံးကျင့်စဉ်များ ဖြစ်သည်။

၄။ ဤသို့ ကျယ်ပြန့်သော အခြေအနေများ ပါဝင်ခြင်းကြောင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုရာ၌ အခြားတစ်ပါးသူများ မနှစ်သက်နိုင်သော၊ လက်မခံနိုင်သော အတွေးအခေါ်အယူအဆများ ထုတ်ဖော်ပြောဆိုရေးသားခြင်းအထိ ပါဝင်သည်။ သို့ဖြစ်၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခြင်းသည် တစ်ဦးတစ်ယောက်ချင်းနှင့်သာ သက်ဆိုင်သည့် အြွကင်းမဲ့အခွင့်အရေးမဟုတ်ဘဲ အများနှင့်သက်ဆိုင်သည့် စုပေါင်းအခွင့်အရေးဖြစ်သည်။

၅။ သံချပ်ဆိုသည်မှာ အိုးစည်ဒိုးပတ်ဝိုင်းဖြင့် အတိုင်အဖောက်ရွတ်ဆိုရသော ကဗျာဟန်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် အတာနှစ်ကူးကာလတွင် မိမိတို့ရပ်ရွာအတွင်း အမြင်မလျော်သည့်ကိစ္စရပ်များ၊ ပြုပြင်ရေးကိစ္စရပ်များ၊ အများကောင်းကျိုးကို ရည်ရွယ်သောကိစ္စရပ်များကို ဖွဲ့ဆိုရွတ်ဆိုကြရခြင်းဖြစ်ပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့လည်း ဖြစ်သည်။

၆။ ယခု ဒေါင်းတို့မျိုးဆက်များသည် နိုင်ငံအတွင်း အမြင်မလျော်သည့်ကိစ္စများ၊ မိမိတို့အမြင်များ၊ တွေးခေါ်ယူဆချက် များကို တင်ပြရာတွင် အချို့သော ပုဂ္ဂိုလ်အဖွဲ့အစည်းများ လက်ခံနိုင်ဖွယ်မရှိသော အချက်အလက်များ ပါရှိကောင်း ပါရှိနိုင်ပါသည်။

၇။သို့ရာတွင် ဒေါင်းတို့မျိုးဆက်များသည် ကျောင်းသားလူငယ်များသာဖြစ်ပြီး မိမိတို့အမြင်ကို မိမိတို့လွတ်လပ်စွာ ထုတ်ဖော်တင်ပြကာ ဒီမိုကရေစီကျင့်စဉ်အား လက်တွေ့ကျကျ အသုံးချခြင်းဖြစ်သည်ဟု ပဲန်မြန်မာက ယူဆသည်။

၈။သို့ဖြစ်ပါ၍ ဤဖြစ်စဉ်၌ သက်ဆိုင်ရာတရားရေးအဖွဲ့မှ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ဒီမိုကရေစီနိုင်ငံတစ်ခု၏ ကျင့်စဉ်ဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို လျစ်လျူရှုခဲ့သည်ဟု သုံးသပ်ပြီး တရားရုံးတော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.