PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂၀၁၉)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၅/၂၀၁၉)

၂၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူ လူငယ်နှစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း

၁။မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ၈ နှစ်ပြည့်အဖြစ် ၂၀၁၉ ဇွန် ၁၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် စစ်ရပ်စဲရေးနှင့် စစ်ရှောင်ဒုက္ခသည်များအရေး သရုပ်ဖော်တင်ဆက်ခဲ့သူ လူငယ်နှစ်ဦးဖြစ်သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်ကို ၂၀၁၉ ခုနှစ် ဇွန် ၁၁ ရက်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် ငြိစွန်းသည်ဆိုကာ မြစ်ကြီးနားရဲစခန်းက တရားစွဲဆိုခဲ့ပါသည်။

၂။ကိုပေါလုနှင့် မဆိုင်းနူးပန်တို့သည် စစ်ဘေးရှောင်ဒုက္ခသည်များအရေးကို ပြဇာတ်အသွင်သရုပ်ဖော်ပြသခဲ့ကြရာ တွင် စစ်ဘေးရှောင်စခန်းမှ အခက်အခဲများ၊ စားဝတ်နေရေး၊ အသက်ရှင်နေထိုင်ရေး၊ လူသားချင်းစာနာမှု အကူအညီများ တားမြစ်ပိတ်ပင်မှုမရှိစေရေး၊ မူရင်းနေရပ်ဒေသသို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လည်နေထိုင်နိုင်ရေးနှင့် စစ်ပွဲများ အပြီးသတ် ရပ်ဆိုင်းရေးတို့ကို တောင်းဆိုတင်ဆက်ခဲ့ပါသည်။

၃။၂၀၁၉ စက်တင်ဘာ ၂ရက်နေ့၌ ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ် သုံး သောင်း (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချမှတ်ခဲ့ရာ လူငယ်နှစ်ဦးက ထောင်ဒဏ်ကျခံခဲ့ပါသည်။

၄။တရားစီရင်မှုအပြီးတွင် လူငယ် ကိုပေါလုက တရားစီရင်ခဲ့သော မြို့နယ်တရားသူကြီးအား ပျက်နေသည့် ချိန်ခွင်ငယ် တစ်ခုပေးအပ်ခဲ့သည်နှင့်စပ်လျဉ်းပြီး မြို့နယ်တရားသူကြီးက မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ ဖြင့် ဦးတိုက်လျှောက်ထားခဲ့သည်။ စက်တင်ဘာ ၆ ရက်တွင် တွဲဖက်မြို့နယ်တရားသူကြီးက ကိုပေါလုကို ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပါသည်။

၅။လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုရာတွင် နိုင်ငံရေးဆိုင်ရာ ရေးသားပြောဆိုချက်များအပါအဝင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏အကြောင်းကိုသော်လည်းကောင်း၊ အများပြည်သူဆိုင်ရာကိစ္စရပ်အပေါ် သုံးသပ်ဝေဖန်ရာတွင်သော်လည်းကောင်း၊ မိမိနှစ်သက်ရာနည်းလမ်းဖြင့် ထုတ်ဖော်ကျင့်သုံးနိုင်သည်။ နှုတ်ဖြင့်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ သည့်နည်းဖြင့်ဖြစ်စေ၊ အနုပညာတင်ဆက်မှုဖြင့်ဖြစ်စေ ထုတ်ဖော်တင်ပြနိုင်သည်။

၆။လူငယ်များဖြစ်ကြသည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့သည် ကချင်ပြည်သူများ လက်တွေ့ရင်ဆိုင်နေကြရသည့် စစ်ဘေးဒဏ်များကို အများပြည်သူ သိရှိနိုင်ရန် အနုပညာတင်ဆက်မှုသဏ္ဌာန်ဖြင့် မိမိ၏လွတ်လပ်စွာထုတ်ဖော်တင်ပြခွင့် ကို ထူးချွန်စွာကျင့်သုံးကာ ပြသခဲ့ကြခြင်းဖြစ်သည်။ ဤသို့ ထုတ်ဖော်တင်ပြခြင်း၏နောက်ဆက်တွဲရလဒ်ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဟု ကြိုတင်ခန့်မှန်းသိရှိပါလျက် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ကာ လွတ်လပ်စွာ ထုတ်ဖော်တင်ဆက်ခဲ့မှုအတွက် ပဲန်မြန်မာက ၂၀၁၉ ခုနှစ်အတွက် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံး သူများအဖြစ် ဂုဏ်ပြုဆုချီးမြှင့်လိုက်သည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.