PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၁/၂၀၂၀)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၁/၂၀၂၀)
၂၈ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၀ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသော အရေးယူမှုအား ပြန်လည်သုံးသပ်ရန် တိုက်တွန်းခြင်း
၁။ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြေညာစာအမှတ်(၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၁၈)ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဆောင်ရွက်မှုများအား ထောက်ခံပွဲကို ကော့သောင်းမြို့၌ ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဦးနေမျိုးဇင်နှင့် ပဲန်မြန်မာအဖွဲ့ဝင် ကဗျာဆရာ စောဝေတို့က ပြည်သူလူထုအား ဟောပြောခဲ့ပါသည်။
၂။အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ ယင်းတို့အား တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ ကမ်းရိုးတန်းစစ်ဌာနချုပ် စကခ ၂၀ မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က ကော့သောင်းမြို့နယ် တရားရုံး၌ ရာဇဝတ်ကြီးမှု အမှတ် ၉၂၃ ဖြင့် အမှုဖွင့်ပြီး တရားရုံးက ပုဒ်မ ၅၀၅(က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
၃။ပဲန်မြန်မာသည် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့်မြှင့်တင်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကဗျာဆရာ စောဝေသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ပဲန်မြန်မာ၏ ရွေးကောက်ခံဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
၄။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခြင်းအား တရားစွဲဆိုအရေးယူခြင်းဖြင့် တပ်မတော်၏ဂုဏ်သိက္ခာ တိုးမြင့်ဖွယ်မရှိမည်မှာ ထင်ရှားပါသည်။ လူတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပေးခြင်းကသာ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တိုးမြင့်စေမည်ဟု ပဲန်မြန်မာက ခံယူပါသည်။
၅။ဤသို့ ဆောင်ရွက်မှုအပေါ် ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်၏ တိုင်ကြားမှုနှင့်ပတ်သက်၍ တရားရုံးက ဆောင်ရွက် မှုများသည်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိရပါသည်။
၆။ကဗျာဆရာ စောဝေအား တရားဝင်ဆင့်ခေါ်စာ ပေးပို့ခြင်းမရှိဘဲ ဝရမ်းထုတ်ပြန်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မဟုတ်သည်ကို တွေ့ရှိရသကဲ့သို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်အား အရေးယူမှုများမှာလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိသည်ကို တွေ့ရှိရသည်။
၇။တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်း၏ လုပ်ရပ်များကို သက်ဆိုင်ရာ များက ပြန်လည်သုံးသပ်ရန် တိုက်တွန်းလိုက်သည်။
ပဲန်မြန်မာစင်တာ