လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ကနေဒါသံရုံးနှင့် ပဲန်မြန်မာတို့ ပူးပေါင်းစီစဉ်သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့များက ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden Hotel, Bagan Ballroom မှာ ပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ မြို့ပေါင်း ၆ မြို့မှ လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုသူများကို ရွေးချယ်ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ပဲန်မြန်မာသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက် လားရှိုးမြို့မှ စတင်ပြီး မကွေးမြို့၊ မုံရွာမြို့၊ လွိုင်ကော်မြို့၊ မြိတ်မြို့နှင့် ဘားအံမြို့တို့တွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အထူးတလည် စိတ်ဝင်စားသော လူငယ်လူရွယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုသူများအား ရန်ကုန်မြို့သို့ ဖိတ်ခေါ်ကာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ယခုကဲ့သို့ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်၊ တက်ရောက်လာကြသူများကလည်း စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ကြပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ပြဇာတ်တစ်ခုအသွင်ဖြင့်လည်းကောင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ သတင်းများကို စိစစ်လေ့လာမှတ်ချက်ပြု ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ခဲ့ကြပါသည်။ ပဲန်မြန်မာအဖွဲ့ဝင်များ ဖြစ်ကြသည့် ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ ဟန်ဇော်နှင့်အတူ ပဲန်မြန်မာ၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ILAM မှ ဆရာမ ဒေါ်ခင်မိုးမိုး၊ MIDO မှ ကိုဝေမျိုးထွဋ်တို့လည်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် ဆက်စပ်သည့် ဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ညွှန်းကိန်းများအကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပဲန်မြန်မာဥက္ကဌ ဆရာ ညီပုလေးကလည်း နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲကို နှစ်ရက်တာ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ၊ ဖေဖော်ဝါရီ ၂ ရက်တွင် မနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆွေးနွေးခဲ့ကြပါသည်။ မြို့အသီးသီးမှ တက်ရောက်လာကြသူများကို ကနေဒါသံရုံးနှင့် ပဲန်မြန်မာတို့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်
တက်ရောက်လာကြသူများ
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားစဉ်
သတင်းအချက်အလက်ရပိုင်ခွင့်အကြောင်း ပြောကြားနေသည့် ဆရာမ မသီတာ(စမ်းချောင်း)
လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ပြဇာတ်အသွင်ဖြင့်ပုံဖော်ခြင်း

Leave comment

Your email address will not be published. Required fields are marked with *.