PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၀)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၀)
၁ ရက်၊ ဧပြီလ၊ ၂၀၂၀ ခုနှစ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
သတင်းမီဒီယာ ဥပဒေဖြင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းခြင်း

၁။ Voice of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် CEO ဖြစ်သူ ဦးနေလင်း (ခ) ဦးနေမျိုးလင်းအား စုံစမ်းမေးမြန်းရန်ရှိသည်ဟုဆိုကာ မတ်လ ၃၀ရက်နေ့ ညပိုင်းတွင် လူတစ်စုက လာရောက်ခေါ်ဆောင်သွားသည်ဟု ကြားသိရသည်။ AA အဖွဲ့နှင့် ပတ်သက်သော သတင်းများ၊ AA ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခ ၏ အင်တာဗျူးများကို ထည့်သွင်းဖော်ပြခြင်းကြောင့် ဦးနေလင်း (ခ) ဦးနေမျိုးလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကြောင်း ကြားသိရသည်။ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော နရဥ္စရာသတင်းဌာန၏ အယ်ဒီတာချုပ်နှင့် သတင်းမီဒီယာကောင်စီဝင် ဦးခိုင်မြတ်ကျော်ကိုလည်း အလားတူဖြစ်ရပ်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ၂ ဦးသာလွန်ဇောင်းထက် (ခ) ဦးလှိုင်းသစ်ဇင်ဝေ၏ နေအိမ်သို့ မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများလုပ်ဆောင်ခြင်း၊ ကိုယ်ရေးအချက်အလက်များ စစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုများ စာရင်းကောက်ခံခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ကြားသိရသည်။

၂။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသော သတင်းမီဒီယာကျင့်ဝတ် အခန်း (၁) တိကျမှု၊ ဘက်မလိုက်မှု နှင့် မျှတမှု အပိုဒ်ခွဲ (၁.၁)တွင် “သတင်းများ၊ မျက်မှောက်ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဘက်မလိုက်ဘဲ ဟန်ချက်ညီညီ မျှတစွာ ကိုင်တွယ်ဆောင်ရွက်ရမည်။ သတင်းနှင့် မျက်မှောက်ဖြစ်စဉ်များအား ရေးသားတင်ပြခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို ရိုးသားစွာဆောင်ရွက်ရမည်။ မတိကျသော၊ အနက်ကောက်လွဲစေသော၊ ပုံဖျက်ထားသော အချက်အလက်များကို ရေးသားထုတ်လွှင့်ခြင်း မပြုလုပ်ရပါ။” ဟုဖော်ပြပါရှိသည်။

၃။ ၂၀၁၄ခုနှစ်တွင် ပြဌာန်းခဲ့သော သတင်းမီဒီယာဥပဒေ အခန်း (၄) သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များ ၊ ပုဒ်မ ၉ (က) တွင် “သတင်းတိုင်း အချက်အလက် တိကျမှန်ကန်စေရန်နှင့်် တတ်နိုင်သမျှ  ပြည့်စုံစေရန် စိစစ်ခြင်း၊” ဟူ၍လည်းကောင်း၊ ပုဒ်မ ၉ (ဈ)တွင် “ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများ ကို လိုက်နာခြင်း။” ဟူ၍လည်းကောင်း ဖော်ပြထားသည်။ အခန်း (၈) အရေးယူခြင်း၊ ပုဒ်မ (၂၁)တွင်လည်း “နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမား တစ်ဦးက  ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်။” ဟု ပြဌာန်းထားပါသည်။

၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၀)တွင်လည်း သတင်းသမားများအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားရန်တိုက်တွန်းထားသည်ကို တွေ့ရှိရသည်။ သတင်းသမားများကို အရေးယူမှုနှင့် စပ်လျဉ်း၍ ပဲန်မြန်မာက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေညာချက်များတွင်လည်း သတင်းသမားများနှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ရှေးဦးစွာ သတင်းမီဒီယာဥပဒေဖြင့်သာ တိုင်ကြားရန် တိုက်တွန်းခဲ့သည်။

၅။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အားပေးနိုင်ရန်အတွက်သော်လည်းကောင်း၊ သတင်းမီဒီယာကျင့်ဝတ် အပိုဒ် (၁)၊ အပိုဒ်ခွဲ (၁.၁) နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဟန်ချက်ညီညီ မျှတစွာ သတင်းလုပ်ငန်းကို ဆောင်ရွက်နေသော သတင်းသမားများကို အားပေးရန်အတွက်သော်လည်းကောင်း သတင်းသမားများ၏ သတင်းရေးသားမှုများနှင့် ပတ်သက်၍ အငြင်းပွားမှု တစ်စုံတရာဖြစ်ပေါ်သည်ဟု ထင်မြင်ယူဆပါက သတင်းမီဒီယာဥပဒေဖြင့်သာ သတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာတိုင်ကြားရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား တိုက်တွန်းလိုက်ပါသည်။

ဆက်သွယ်မေးမြန်းလိုပါက ဟန်ဇော်၊ ဒါရိုက်တာ
ဖုန်း – ၀၉၄၄၃၀၈၁၃၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.