PEN Myanmar ၏ထုတ်ပြန်ကြေညာချက်(၃/၂၀၂၀)

PEN Myanmar ၏ထုတ်ပြန်ကြေညာချက်(၃/၂၀၂၀)
၁၇ ရက်၊ ဧပြီလ၊ ၂၀၂၀ ပြည့်နှစ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
သတင်းအတု၊ သတင်းအမှား၊ လုပ်ကြံသတင်း၊ အမုန်းနှင့်အန္တရာယ်ရှိသော စကားများကို ဝိုင်းဝန်းကာကွယ်တားဆီးရန် တိုက်တွန်းခြင်း
၁။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID 19 နှင့်ပတ်သက်သော ထုတ်ဖော်ပြောဆိုချက်များတွင် သတင်းအတုများ၊ သတင်းအမှားများနှင့် လုပ်ကြံသတင်းများ ပါဝင်နေသည်ကို တွေ့မြင်ရပါသည်။ ထို့အတူ ကပ်ရောဂါအကြောင်းပြု၍ ဖြစ်ပေါ်လာသောကိစ္စရပ်များ ပြောဆိုရေးသားရာတွင်လည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့်လိင်စိတ်ခံယူမှုစုံလင်ကွဲပြားမှုအား ငြင်းပယ်ပြီး ခွဲခြားဆက်ဆံကာ အမုန်းနှင့်အန္တရာယ်ရှိသောစကားများကို ထုတ်ဖော်ရေးသားပြောဆိုလာသည်ကိုလည်း တွေ့ရပါသည်။ ထို့အတူ ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများကိုလည်း ခွဲခြားဆက်ဆံသည့်အပြုအမူများကို မြင်တွေ့ကြားသိလာရပါသည်။
၂။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် အပိုဒ် ၁၉ အရ လူတိုင်း၏ ရပိုင်ခွင့်ဖြစ်ပြီး ယင်းကို ကျင့်သုံးရာတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည့်အပြင် တစ်ပါးသူ၏ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လူအများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်သဟဇာတဖြစ်နေမှုများကို မထိခိုက်စေရန် ကျင့်သုံးရမည်ဖြစ်ကြောင်း နိုင်ငံတကာစံနှုန်းများ၊ သဘောတူညီချက်များနှင့် စာချုပ်များတွင် အတိအလင်း ပြဋ္ဌာန်းထားပါသည်။
၃။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID 19 ကို ဝိုင်းဝန်းတိုက်ဖျက်နေချိန်တွင် သတင်းအတု၊ သတင်းအမှား၊ လုပ်ကြံသတင်း၊ အမုန်းနှင့်အန္တရာယ်ရှိသောစကားများကို လူတိုင်းသည် သတိပြုချင့်ချိန်စွာ လက်ခံသင့်ပြီး သေချာမှန်ကန်သော သတင်းကိုသာ ပြန်လည်မျှဝေသင့်ကြောင်း၊ သတင်းများကို လွယ်လင့်တကူ လက်ခံယုံကြည်ခြင်း မရှိပါဘဲ သတင်း၏မူလရင်းမြစ်ဖြင့် တိုက်ဆိုင်စစ်ဆေးသင့်ကြောင်း၊ သတင်းများကိုထုတ်ပြန်ပေးရသော အာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသည် သတင်းအချက်အလက်များကို ရှင်းလင်းတိကျမှန်ကန်စွာ အချိန်မီထုတ်ပြန်သင့်ပါကြောင်းနှင့် မိမိတို့၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မှန်ကန်စွာကျင့်သုံးပြီး သတင်းအတု၊ သတင်းအမှား၊ လုပ်ကြံသတင်း၊ အမုန်းနှင့်အန္တရာယ်ရှိသော စကားများ၏ အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်တားဆီးသင့်ပါကြောင်း ပဲန်မြန်မာက တိုက်တွန်းလိုက်ပါသည်။
ပဲန်မြန်မာစင်တာ