သတင်းမှန်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများသို့ ဂုဏ်ပြုသဝဏ်လွှာ

သတင်းမှန်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများသို့ ဂုဏ်ပြုသဝဏ်လွှာ

၃၊ မေ၊ ၂၀၂၀

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ

ယနေ့ မေလ ၃ ရက်သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါသည်။ ကမ္ဘာမှာပင် မကြုံ တွေ့ဖူးကြသည့် COVID 19 ကပ်ရောဂါဆိုးနှင့် ကြုံတွေ့နေကြရသောအချိန်ဖြစ်သည့်အပြင် ကမ္ဘာမှာရော မြန်မာမှာပါ ကြောက်မက်သွေးပျက်ဖွယ် စစ်ပွဲများလည်း ဖြစ်ပွားနေကြသည့်အချိန်လည်း ဖြစ်ပါသည်။

ကမ္ဘာကြီးတစ်ခုလုံးမှာ မရှိမဖြစ်သည့် စာနယ်ဇင်းသမားတို့၏ အခန်းကဏ္ဍကို ကျွန်တော်တို့ လျစ်လျူရှု၍ မရနိုင်ပါ။ သတင်းမှားတစ်ပုဒ်၊ သတင်းတုစာတစ်ကြောင်းကြောင့် လူသားများစွာ ဒုက္ခရောက်သွားနိုင်သကဲ့သို့ အသက်အန္တရာယ်လည်း ထိခိုက်ပျက်စီးသွားနိုင်သည့်အနေအထားကို ရောက်နေပြီ ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ အကြပ်အတည်းမျိုးစုံနှင့် ကြုံတွေ့နေရချိန်ဖြစ်သည်နှင့်အညီ စာနယ်ဇင်းသမားများ သတင်းဦးရဖို့ နေ့မအား ညမအား ကြိုးစားအားထုတ်နေရချိန်လည်း ဖြစ်ပါသည်။ သို့သော်ငြား အချို့စာနယ်ဇင်းသမားများကို လျှော့ပစ်ခြင်း၊ အလုပ်ရပ်စဲပစ်ခြင်း၊ ဖမ်းဆီးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း စသည်များနှင့် ကြုံတွေ့နေရဆဲပင် ဖြစ်ပါသည်။

ယခုလိုအခြေအနေမှာ ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်းသမားများက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မြဲမြံစွာ ကိုင်စွဲပြီး သတင်းမှန်များကို ကြောက်ရွံ့ခြင်းလည်း ကင်း၊ အာဏာဩဇာရှိ သူတို့ အလိုကျ ဘက်လိုက်ခြင်းလည်း ကင်းဟူသည့် သတင်းသမားကောင်းတို့၏ ကျင့်ဝတ်နှင့်အညီ ရေးသားကြကာ လူသားတစ်ရပ်လုံး ကြုံတွေ့နေရသည့် အခက်အခဲမျိုးစုံကို ကျော်လွှားရမည် ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းလုံးရှိ သတင်းသမားများက COVID 19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်၌ မိမိတို့၏ အသက်အန္တရာယ်ကို ဂရုမမူဘဲ လူအများ သတင်းမှန်ရရှိရေးအတွက် စွန့်လွှတ်စွန့်စား သတင်းရယူနေသော သတင်းသမားများအား ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အခါသမယတွင် ပဲန်မြန်မာက ဂုဏ်ပြုဦးညွှတ်လိုက်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.