၁၄၁ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူဖတ်သူစုန်ဆန်ပွဲ

Covid – 19 ကပ်ရောဂါဖြစ်ပွားနေသော လတ်တလောကာလအတွင်း ပဲန်မြန်မာ၏ ၁၄၁ ကြိမ်မြောက် ရသအစုန်အဆန် ရေးသူ၊ ဖတ်သူ စုန်ဆန်ပွဲကို ၂၀၂၀ ခုနှစ် မေလ ၁၀ ရက် တွင် online မှတဆင့် Zoom Application အားအသုံးပြုကာ ကျင်းပခဲ့ကြပါသည်။ ယခင်အကြိမ်များတွင် ကျင်းပခဲ့သော မျက်နှာချင်းဆိုင် လူချင်းတွေ့ပြီး အတွေး၊အမြင် ရသဖလှယ်သကဲ့သို့ပင် တက်ကြွစွာပါဝင်ပေးကြသူများအား အထူးကျေးဇူးတင်ပါသည်။ Online မှတဆင့်ပြုလုပ်သောကြောင့် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ မကွေး၊ မုံရွာ၊ မြိတ်၊ ကျွန်းလှ၊ ရွှေဘို စသည့်မြန်မာနိုင်ငံ၏ မြို့အသီးသီးနေသူများသာမက အမေရိကန်နိုင်ငံရောက်နေသူများအထိ တကူးတက အချိန်ပေးပါဝင်ကြခြင်း၊ပူးပေါင်းစုန်ဆန်နိုင်ခြင်းကလည်း ဝမ်းမြောက်စရာကောင်းလှသည်။ ၁၄၁ ကြိမ်မြောက် ရသအစုန်အဆန်ပွဲတွင် ပဲန်မြန်မာမှ ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များမှာ ဆရာညီပုလေး၊ ဆရာစောဝေ၊ ဆရာမ မိချမ်းဝေ၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ မြေမှုန်လွင်၊ ဆရာ နေဘုန်းလတ်၊ ဆရာ သူရဿဝါ၊ ဆရာမ နန်းကြာဖြူ (ဘားအံ)၊ ဆရာမ ထက်မြတ်နိုင်ဇင်၊ ဆရာ တည်မှီနှင့် ဆရာမ ဝသုန္ဓရေ တို့ ဖြစ်ပါသည်။ ရသအစုန်အဆန်၏ ပြုလုပ်နေကြပုံစံအတိုင်း ဝတ္ထုတို၊ ကဗျာ များကိုရွတ်ဆိုရာတွင် နောက်ခံတီးလုံးများ၊ Performance များဖြင့် ရသကိုပံ့ပိုးဖန်တီးခဲ့ကြသောကြောင့်ပါဝင်စုန်ဆန်သူများအနေဖြင့် စိတ်ကျေနပ်နှစ်သက်ကြမည်ဟု မျှော်လင့်ပါသည်။ ထို့ပြင် ပူးပေါင်းပါဝင်သူ ပရိသတ်များထဲမှလည်း ရသအဆန်အဖြစ် ပါဝင်ရွတ်ဆိုခဲ့ကြသောကြောင့် Online ပွဲပင်ဖြစ်လင့်ကစား အထူးပင်သက်ဝင်လှုပ်ရှားခဲ့ပါသည်။ နောင်များမှာလည်း ပဲန်မြန်မာက ကျင်းပသွားဦးမည့် “ရသအစုန်အဆန်” အမည်ရသော ရေးသူဖတ်သူစာပေပေါင်းကူးပွဲတွင်ပါဝင်နိုင်ရန် စာပေချစ်သူများအားဖိတ်ခေါ်ရင်း ၁၄၁ ကြိမ်မြောက် ရသအစုန်အဆန် ပွဲကို ပထမဆုံး Online ရသအစုန်အဆန်ပွဲအဖြစ် မှတ်တမ်းတင်လိုက်ရပါသည်။

Leave comment

Your email address will not be published. Required fields are marked with *.