ဇွန်ရဲ့မိုးစက်များနှင့်အတူ(ကဗျာ)၊ ကဗျာဆရာ ခရမ်းပြာနေမင်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ ခရမ်းပြာနေမင်း၏ ဇွန်ရဲ့မိုးစက်များနှင့်အတူ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။
ဇွန်ရဲ့မိုးစက်များနှင့်အတူ
မိုးစက်လေးတို့ရေ….
ဒီလမ်းလျှောက်ရင်
ဒီနေရာမှာ ရပ်ရမယ်ဆိုတာ သိပါတယ်
သုံးနှစ်သုံးမိုး
လျှောက်လာခဲ့တဲ့လမ်းတွေ
နောက်ပြန်လှည့်ကြည့်မိတော့
လွမ်းဆွတ်နေမိသလို
ဂုဏ်ယူကျေနပ်နေမိတယ်
ရှေ့ဆက်ခွင့်မရှိတဲ့ ခြေလှမ်းတွေနဲ့
ငါ့ရဲ့ပထမဆုံးသော ခရီးဟာ
မပြီးခင် ဆုံးခဲ့ပြီလား
မိုးစက်လေးတို့ရေ
တန်ဖိုးမြင့်မြင့်အရာတွေကို
ချနင်းရင်း
အတူတူလျှောက်ခဲ့တဲ့လမ်းမှာ
မမေ့နိုင်တော့မယ့် ပျော်ရွှင်ခြင်းတွေ
မမေ့နိုင်တော့မယ့် ကြည်နူးခြင်းတွေ
မမေ့နိုင်တော့မယ့် ပုံရိပ်တွေ
မမေ့နိုင်တော့မယ့် လွဲချော်မှုတွေ
အရာအားလုံးအတွက်
ထာဝရကျေးဇူးတင်နေမှာပါ
မိုးစက်လေးတို့ရေ
မတူညီတဲ့ ဘဝတွေရယ်
မတူညီတဲ့ ဝန်းကျင်ရယ်
မတူညီတဲ့ အခွင့်အလမ်းတွေရယ်
မတူညီတဲ့ အားနည်းချက်တွေရယ်
ပေါင်းစပ်လိုက်တဲ့အဖြေက
လွမ်းစရာတွေဖြစ်လာမယ်ဆိုတာ
ဟိုးအဝေးကြီးကတည်းက
ကြိုတွေးထားပြီးသားပါကွာ
မိုးစက်လေးတို့ရေ
ဘဝနဲ့ရင်းပြီး သူရဲကောင်းဆန်ပြဖို့
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးတဲ့နောက်
ဖြစ်သင့်တာတွေအတွက်လည်း
အခွင့်အရေးတွေ ပေးဖို့
ဒီထက်ပိုလှတဲ့ ဘဝတစ်ခုအတွက်
မင်းသင်ပေးထားတဲ့ တရားဓမ္မတွေနဲ့
ငါဖြေသိမ့်လို့ ရနေပါပြီ
မိုးစက်လေးတို့ရေ
ကြည်ဖြူစွာနဲ့
ခွင့်လွှတ်ပြီးသားပါ
လျှောက်သင့်တဲ့လမ်းတွေအပေါ်
ရဲရဲဝံ့ဝံ့
ရှေ့ဆက်လျှောက်လိုက်ပါနော်
မိုးစက်လေးတို့ရေ
အရင့်အရင်ကထက်
ပိုလှပပြည့်စုံတဲ့နွေးထွေးမှုတွေနဲ့
အတူမခွဲရှိနေမှာပါ
အရင့်အရင်ထက်
ပိုအေးချမ်းတဲ့မိုးစက်တွေ
ငါ့အပေါ်ထာဝရရွာသွန်းပေးပါ
ချစ်စွာသောမိုးစက်လေးတို့ရေ…။
ခရမ်းပြာနေမင်း
