ကျွန်တော်နှင့် မစံပယ်ဖြူ – ၁ (ဆောင်းပါး)၊ စာရေးဆရာ နိုင်မွန်အောင်သွင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ နိုင်မွန်အောင်သွင်၏ ကျွန်တော်နှင့် မစံပယ်ဖြူ-၁ ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ပန်းချီ ကိုကိုနိုင်က ရေးဆွဲပါသည်။

ကျွန်တော်နှင့် မစံပယ်ဖြူ-၁

ငါ့မှာ ချစ်သူ မရှိပါ… မစံပယ်။
မရှိခိုးနိုး မျက်နှာမျိုးနဲ့
မိုးမကြည့်ရန် တောင်းပန်တယ်။

(တာရာမင်းဝေ စာမျက်နှာ ၇၄ ကဗျာပေါင်းချုပ်။)
တာရာမင်းဝေ ကဗျာတွေကို နူးညံ့သိမ်မွေ့စွာ နက်ရှိုင်းခြင်း၌ ကျွန်တော် ဝင်စားမိနေသည်မှာ
ကြာပါပြီ။ သူ့ လောကအမြင်က နက်ရှိုင်းသည်။ သူ့ခံစားမှုက နူးညံ့ထက်ရှသည်။ သူ ပြန်တင်ပြသည်က ဆန်းကြယ်ရှင်းလင်းလှသည်။ ကျွန်တော်တို့ရင်ထဲ တိုးလျှိုပေါက်။ ကျွန်တော်တို့မြန်မာစကားပုံ ရှိသည်။ မရှိခိုးနိုး မလှစုန်းယိုး။ ငွေမရှိ ကြေးမရှိသူကို
ခိုးသူ ဟု ခပ်လွယ်လွယ် စွပ်စွဲလိုသည့်လောက။ မလှမပ အကျည်းတန်သူကို စုန်းအဖြစ် ယိုးစွပ်
လိုသည့် လောက။ မြေနိမ့်ရာ လှံစိုက်လိုသည့် လူတွေ၏ သဘောသဘာဝကို ဖော်ပြထားသည့်စကားပုံလေးပါ။ မရှိခိုးနိုး မလှစုန်းယိုး တွဲမှစပ်မှ ပြည့်စုံသည့်အနက်နှင့် လှပသည့် စကားပုံလေးပါ။ ထိုစကားပုံလေးကို တာရာမင်းဝေက သေသပ်စွာ ဖြတ်ထုတ်လိုက်သည်။ ပထမ ငါ့မှာ
ချစ်သူမရှိပါ မစံပယ်…ဟု သူ့မရှိခြင်းကို စ ပြောသည်။ ငွေ၊ ကြေး မရှိခြင်း မဟုတ်။ ချစ်သူ မရှိခြင်းပါ။ ပြီးတော့ စကားပုံ၏ ပထမပိုဒ်ကို ယူလိုက်သည်။ မရှိခိုးနိုး၊ သူ့မရှိ ခိုးနိုးက ငွေမဟုတ် ကြေးမဟုတ်။ ချစ်သူ မရှိခြင်း။ ခိုးနိုးက နှလုံးသားနှင့် တိုက်ရိုက်ပတ်သက်လာပြီ။ နှလုံးသားကို ခိုးယူ နိုး။ ချစ်သူမရှိသူမို့ နှလုံးသားကို ခိုးယူနိုးပေါ့။ သူက တောင်းပန်တိုးလျှိုးဟန် လေသံနှင့် ပြောနေသည်။ အထက်စီးနှင့် မကြည့်ရန်ကိုပါ မိုးမကြည့်ဖို့ ပြောနေဟန်ကို ကျွန်တော် မြင် ယောင်နေမိသည်။ မိုး မကြည့်ရန် တောင်းပန်တယ်… တဲ့လား။ တာရာမင်းဝေ ကဗျာများတွင် တစ်မူထူးခြားလေသည်က ကာရန်များ။ အသံများ။ ထိထိမိမိနှင့် အလွန်သာသည်။ ကိုယ်ပိုင်ဟန်စကားလုံးများနှင့်မို့ ရင်ထဲ နားထဲ အလွန်ချိုသာ လှသည်။ ရှေ့အပိုဒ်မှ မစံပယ်ကို တောင်းပန်တယ်နှင့် ဖွဲ့ခဲ့ သည်။ (ချစ်သူ မရှိသူမို့…) မရှိခိုးနိုး မျက်နှာမျိုးနဲ့ မိုးမကြည့်ရန် တောင်းပန်တယ်… တဲ့။ သိပ်မရှည်သည့် (ကျွန်တော်နှင့် မစံပယ်ဖြူ -၁) ကဗျာ လေးဖြင့် တာရာမင်းဝေကို ဖွဲ့ကြည့် ရန် ကျွန်တော် ကြိုးစားခဲ့ခြင်းဖြစ်ရာ မလုံလောက် မပြည့်စုံသည်ဖြစ်ငြား… ကျွန်တော့်ကို မိုး မကြည့်ရန် တောင်းပန်အပ်ပါသည်။

နိုင်မွန်အောင်သွင်

Leave comment

Your email address will not be published. Required fields are marked with *.