မေမေ မှားတယ်(ဝတ္ထုတို)၊ စာရေးဆရာမ ထက်မြတ်နိုင်ဇင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ထက်မြတ်နိုင်ဇင်၏ မေမေ မှားတယ် (ဝတ္ထုတို)ကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ ဝင်းတင့်က ရေးဆွဲပါသည်။

မေမေ မှားတယ်ထက်မြတ်နိုင်ဇင်

(၁)

မေမေ့ကို ကြည့်ရတာ ကျွန်မ မပျော်ဘူး။ မေမေဟာ ဘယ်တော့မှ လုံလုံလောက်လောက် မပြုံးသလို ဘယ်တော့မှလဲ ဟက်ဟက်ပက်ပက် မရယ်မောဘူး။ ပန်းလေးတွေ ပွင့်လာရင်ပဲ ဖြစ်ဖြစ်၊ သစ်ရွက်လေးတွေ ဝေ့ဝဲ ကြွေကျလာရင်ပဲ ဖြစ်ဖြစ် ရင်ဘတ်အဝါရောင်နဲ့ ဆောင်းခိုငှက်လေးတွေ ကျွန်မတို့ခြံထဲကို ရောက်လာရင်ပဲ ဖြစ်ဖြစ် မေမေ့မျက်လုံးတွေဟာ ပကတိအတိုင်း အရောင်မဲ့နေတယ်။ နွေရာသီတိမ်တွေ တောက်ပလာရင်ပဲ ဖြစ်ဖြစ်၊ မိုးရာသီ ခတ္တာပန်းတွေ ဖွေးနေအောင် ပွင့်လာရင်ပဲဖြစ်ဖြစ် မေမေ့မှာ ထူးထူးခြားခြား ဘာခံစားချက်မှ ရှိမနေဘူး။ မေမေဟာ ပန်းပွင့်နဲ့ တိမ်တိုက်တွေအကြောင်း၊ လေပြည်ညင်းနဲ့ မိုးရေစက်တွေအကြောင်း၊ ငှက်ကလေးနဲ့ သစ်ရွက်တွေအကြောင်း ကျွန်မကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး။ အဲဒီအစား မေမေက-

“သမီး… လောကကြီးမှာ ဘယ်သူမှ မကောင်းဘူး။ လူတွေဟာ မြေနိမ့်ရာကို လှံစိုက်ချင်ကြတယ်။ ဟောဒီ လောကကြီးမှာလေ မယုံရဆုံး သတ္တဝါဟာ လူပဲ။ သမီးလည်း ဘယ်သူ့ကိုမှ မယုံနဲ့၊ အမြဲသံသယနဲ့ ကြည့်ရမယ် ဟုတ်ပြီလား”

လို့ ညအိပ်ရာဝင်ပုံပြင်လို တတွတ်တွတ် ပြောခဲ့သလို တစ်ခါတလေကျတော့ မေမေက ကျွန်မနဲ့အတူ ယှဉ်လျက် အိပ်နေရင်းနဲ့ ဘာကိုတွေးမိသွားလဲ မသိဘူး။ ကောက်ကာငင်ကာ ဆိုသလို-

“သမီးကိုလေ မေမေက ဒုက္ခတွေ ခံပြီး မွေးခဲ့ရတာ။ လိမ်လိမ်မာမာ နေရမယ်နော်”

လို့ပြောရင်း မျက်ရည်တစ်ပေါက် နှစ်ပေါက် ကျတဲ့အခါကျ၊ တစ်ခါတစ်ရံ ကျွန်မကို ရင်ခွင်ထဲ တင်းကျပ်နေအောင် ဖက်ပြီး ရှိုက်ကြီးတငင် ငိုတဲ့အခါ ငိုနေတတ်တယ်။ ငယ်ငယ်ကတည်းက မေမေနဲ့ပတ်သက်ပြီး ကျွန်မ ကျင့်သား ရလာခဲ့တာကတော့ ဘာကိုမှန်းမသိ နာကြည်းမုန်းတီးနေပုံရတဲ့ မေမေ့စကားလုံးတွေရယ်၊ ကိုယ့်ကိုယ်ကို စိတ် ပျက်နေပုံရတဲ့ မျက်နှာနဲ့ မျက်ရည်တွေရယ်ပါပဲ။ ကျွန်မကတော့ ဘာမှ နားမလည်ပါဘူး။ မေမေရဲ့နာကျင်နေတဲ့ မျက်လုံးတွေကိုလည်း နားမလည်ဘူး။ မေမေရဲ့ ရှိုက်သံစွက်နေတဲ့ စကားလုံးတွေရဲ့ ဘာသာဗေဒကိုလည်း ကျွန်မ အဲဒီအချိန်တုန်းက နားမလည်ခဲ့တာ အမှန်ပါပဲ။ ဟုတ်တယ်။ ကျွန်မမေမေ့ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး မေမေရယ်။

(၂)

ကျွန်မ KG တန်း ကျောင်းစတက်တော့ ကျောင်းကသူငယ်ချင်းတွေက-

“နင့်ဖေဖေ နာမည်က ဘယ်သူလဲ”

လို့ ကျွန်မကို မေးတယ်။ ရုတ်တရက် ကျွန်မ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ကျွန်မရဲ့အသိဉာဏ်ထဲမှာ ဖေဖေ ဆိုတာ ရှိမနေဘူး။ မေမေက ကျွန်မကို ပြောပြထားဖူးလားလို့ ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ ဟင့်အင်း မေမေ ကျွန်မကို ဘယ်တုန်းကမှ ပြောပြမထားခဲ့ဖူးဘူး။ ဒါနဲ့-            “ငါ့မှာ ဖေဖေ ဆိုတာ မရှိဘူး” လို့ ကျွန်မ ယုံယုံကြည်ကြည်နဲ့ ပြန်ပြောလိုက်တယ်။ အဲဒီအခါ ကျွန်မရဲ့အတန်းဖော်သူငယ်ချင်းက အံ့ဩသွားပြီး-

“မဟုတ်တာ ယွန်းမီရယ်။ ကလေးတိုင်း ကလေးတိုင်းမှာ အဖေ ဆိုတာ ရှိတယ်ဟဲ့။ နင် ရူးနေလား။ ဒါမှမဟုတ် နင့်ဖေဖေက ဟိုလေ သေသွားလို့လားဟင်”တဲ့။

ကျွန်မက-

“မဟုတ်ပါဘူး။ ငါ့မှာ အစကတည်းက ဖေဖေဆိုတာ မရှိတာ။ ငါ့မှာ မေမေ တစ်ယောက်တည်းပဲ ရှိတယ်”

လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ အတန်းဖော်သူငယ်ချင်းက ကျွန်မကို လှောင်ပြောင်ပြီး တဟားဟား အော်ရယ် နေလေရဲ့။ သူ့မျက်နှာပေးနဲ့ သူ့ရယ်သံကို ကျွန်မ စိတ်ထဲမကြိုက် ဖြစ်သွားမိတယ်။ ဒါနဲ့ ညနေကျောင်းဆင်းတော့ ထုံးစံအတိုင်း မေမေက အစောကြီးကတည်းက ကြိုပြီး ကျောင်းရှေ့မှာ ကျွန်မကို စောင့်နေပြီ။ အဲဒီနေ့ကမှ ကျွန်မ သတိထားမိကြည့်လိုက်တယ်။ ကျွန်မ သူငယ်ချင်းတွေကိုတော့ သူတို့အဖေတွေက လာကြိုကြတယ်။ အိမ်ပြန်ရောက်တော့ မေမေ့ကို ကျွန်မ မေးလိုက်တယ်။

“မေမေ… သမီးဖေဖေ ဆိုတာ ရှိလား။ နာမည် ဘယ်လိုခေါ်လဲဟင်”

ကျွန်မ မေးခွန်းဆုံးတော့ မေမေက တင်းမာခက်ထန်သွားတဲ့မျက်လုံးတွေနဲ့ ကျွန်မကို ဆတ်ခနဲ ကြည့်လိုက်တယ်။ ပြီးတော့ မေမေက ကျွန်မ ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး-

“အဲဒီမေးခွန်းကို ဘယ်တော့မှ မမေးနဲ့ ယွန်းမီ၊ သမီးမှာ အဖေ ဆိုတာ မရှိဘူး”

“ဟာ… မဟုတ်ပါဘူး မေမေရယ်။ သမီးရဲ့အတန်းထဲက သူငယ်ချင်းတွေအားလုံးဆီမှာ အဖေတွေ ရှိကြတယ် မေမေရဲ့။ လူတိုင်းလူတိုင်းမှာ အဖေ ဆိုတာရှိတယ် မဟုတ်လား မေမေရယ်။ သမီးဖေဖေ ဘယ်သူလဲဟင်”

“ညည်းကို မရှိဘူးလို့ ငါ ပြောနေတယ် မဟုတ်လား”

“သေသွားတာလား မေမေ”

“ယွန်းမီမီ”

မေမေက ကျွန်မနာမည်ကို အကျယ်ကြီး အော်‌ခေါ်လိုက်တယ်။ မေမေ ဒီလောက်အသံကျယ်ဖို့ လိုလို့လား။ ကျွန်မ နားမလည်ဘူး။ ကျွန်မ အကျိုးအကြောင်းသိချင်လို့ မေးနေတာကို မေမေ့မှာ ဘာလို့ အဖြေမရှိရတာလဲ။ မေမေ ဘာလို့ ဒီလောက်စိတ်ဆိုးရတာလဲ ကျွန်မ တကယ်ကို နားမလည်ခဲ့ပါဘူး။ မေမေဟာ ကျွန်မကို အမှန်တရားကို ရင်ဆိုင်ရဲအောင် သင်ပေးရမယ့်အစား အမှန်တရားကို လက်စဖျောက် ထားတယ်။ ကျွန်မရဲ့ငယ်ဘဝဟာ မေမေ့အရိပ်တွေရဲ့နောက်နားကနေ ခပ်ယို့ယို့လေးနဲ့ မျက်နှာအရိပ်အကဲကို အကဲခတ်ရင်း ကြီးပြင်းလာခဲ့ရတယ်။ မေမေ့ မျက်နှာပြင်ရဲ့ပြောင်းလဲမှုဟာ ကျွန်မရဲပျော်ရွှင်မှုနဲ့ အဆင်ပြေမှုကို ဆုံးဖြတ်ပေးတဲ့ ကံကြမ္မာလိုပဲ။

တခြားကလေးတွေ ကစားတဲ့ အခါလည်း ကျွန်မ သူတို့နဲ့ ပါဝင်ကစားခွင့် မရခဲ့ဘူး။ မေမေဟာ ကျွန်မကို သူ့မျက်စိအောက်က ခဏလေးတောင် အပျောက်မခံနိုင်ဘူး။ ကျွန်မက မိုးရေထဲ ထွက်ပြီး ကစားချင်တယ်၊ မေမေက အအေးမိမှာစိုးလို့ ကျွန်မကို ခွင့်မပြုဘူး။ ကျွန်မဘာသာလိပ်ပြာလေးတွေနောက် လျှောက်လိုက်နေရင်ပဲ ဖြစ်ဖြစ်၊ ရောင်စုံကြယ်တွေကို ခေါက်နေရင်ပဲဖြစ်ဖြစ် မေမေက-

“သမီး အဲဒါတွေ လျှောက်လုပ်မနေနဲ့။ မဟုတ်တာတွေနဲ့ပဲ အချိန်ကုန်နေတယ်၊ စာကျက်”

လို့ ပြောတယ်။ အစကတော့ ဒါဟာ မေမေရဲ့ချစ်ခြင်းမေတ္တာပဲလို့ ထင်မိတယ်။ နောက်မှ ကျွန်မ စိတ်ထဲ ခံစားလာရတာ ချစ်ခြင်းမေတ္တာမဟုတ်ဘူး။ မေမေဟာ ကျွန်မရဲ့လွတ်လပ်ခွင့်တွေ၊ ကျွန်မရဲ့လှပတဲ့အရာတွေကို သူ့အတ္တနဲ့ ချုပ်နှောင်နေတာ။ ပုံစံသွင်းနေတာ။ မေမေဟာ ကလေးတစ်ယောက်ရဲ့ တန်ဖိုးထားတဲ့အရာနဲ့ လူကြီးတစ်ယောက်ရဲ့တန်ဖိုးထားပုံချင်း မတူတာကို သူသိပုံမရဘူး။

ပြီးတော့ အိမ်ထဲတင်မကဘူး၊ ကျောင်းအထိပါ မေမေက ကျွန်မကို ရွေးချယ်ခွင့် မပေးဘူး။ ကျွန်မကို အတန်းထဲမှာ ယောကျာ်းလေး သူငယ်ချင်း မထားခိုင်းဘူး။ ယောကျာ်းလေးတွေနဲ့အတူတူ မကစားခိုင်းဘူး။ ငယ်ငယ်ကတည်းက-

“သမီး ယောကျာ်းတွေဟာ မကောင်းဘူး။ တတ်နိုင်သမျှ မပတ်သက်အောင်နေစမ်းပါ။ မေမေ့စကား နားမထောင်လို့ကတော့ မလွယ်ဘူး မှတ်”

လို့ ကျွန်မကို မေမေ အမြဲပြောတယ်။ အဲဒီစကားတွေကို ပြောနေတဲ့ မေမေ့မျက်လုံးတွေဟာ အမုန်းတရားရဲ့ နာကျင်မှုကြောင့် ရောင်ရမ်းနေတာကို ကျွန်မ သတိထားလိုက်မိတယ်။ အဲဒီစကားကြောင့်ပဲ အတန်းထဲမှာ ကျွန်မ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်မိ တော့သလို ကျွန်မ အပြုံးတွေလည်း သိသိသာသာနည်းသွားရတယ်။ ကျွန်မ မရယ်တတ် မပြုံးတတ်တော့ဘူး။ နောက်ပြီး ရှိသေးတယ်။ ကျွန်မ ငယ်ငယ်ကတည်းက မေမေက ကျွန်မကို ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးတယ်။ ဥပမာ ကျွန်မ အတန်းထဲမှာ အဆင့် ၁ ကနေ ၅ အတွင်းဝင်ရင် ကျွန်မ လိုချင်တာ ဝယ်ပေးပြီးတော့၊ တကယ်လို့ ၅ ကနေ အဆင့်ကျော်ပြီး ခြောက်၊ ခုနစ်၊ ရှစ် အဲဒီလိုဖြစ်သွားရင် ညနေစာ ထမင်းမကျွေးသလို နောက်နေ့ မနက်ကျောင်းသွားရင် မုန့်ဖိုးမပေးတော့ဘူး။ ကျွန်မ ကြီးလာတော့မှ သိသွားတာက မေမေဟာ ကျွန်မ စာထဲမှာဖတ်ဖူးတဲ့အပြုအမူဝါဒီသမား “ဘီအပ်ဖ် စကင်းနား” တို့လိုလူမျိုးပဲ။  အဲဒီလူတွေက ခိုတွေကို ပင်ပေါင် ကစားတတ်အောင် သင်ပေးတယ်။ ခိုက ကစားတဲ့အခါ ဆုပေးတဲ့အနေနဲ့ အစာဝဝ ကျွေးတယ်။ ခိုတွေက ပေကတ်ကတ်လုပ်ပြီး မကစားတဲ့အခါ လျှပ်စစ်နဲ့ ရှော့တိုက်တယ်တဲ့။ မေမေဟာ ကျွန်မကို ခိုတွေလို၊ ဆပ်ကပ်ထဲက ကျားတွေ ခြင်္သေ့တွေလိုမျိုး တိရစ္ဆာန်တွေကို လေ့ကျင့်ပေးတဲ့စနစ် သုံးတယ်။

(၃)

ကျွန်မ အတော်အတန် အသက်ကြီးလာမှ သိလိုက်ရတာက ကျွန်မကို မေမေက အရပ်အခေါ် လင်ကောင် မပေါ်ဘဲ မွေးခဲ့တာတဲ့။ တက္ကသိုလ်တက်ကြရင်း မေမေ့ချစ်သူက မေမေ့ကို တာဝန်မယူဘဲ ပစ်ထားခဲ့တာတဲ့။ အဲဒီတုန်းက မေမေ့အသက်က ၂၀ ကျော်ရုံပဲ ရှိသေးတာတဲ့။ ဒါကြောင့် မေမေဟာ ဘဝတစ်လျှောက်လုံး မကျေနပ်မှုတွေကို ရင်ဘတ်ထဲထည့်ပြီး နေထိုင်နေခဲ့တာကိုး။ ဒါကြောင့် မေမေရဲ့တင်းမာမှုတွေဟာ သူ့ဘဝတစ်ခုလုံးတင်မကဘူး ကျွန်မဘဝထဲထိကိုပါ ကူးစက်စေခဲ့တာကိုး။ မေးပါရစေ မေမေရယ် အဲဒါတွေဟာ သမီးနဲ့ ဘာဆိုင်လို့လဲ။ မေမေ့ရဲ့ အမုန်းတရားတွေကို သမီး ရင်ဘတ်ထဲ ဆက်ပြီး ထည့်ပေးဖို့ လိုလို့လား။ ကျွန်မ အပျိုဖော်ဝင်တော့ မေမေ ပြောနေကျစကား ရှိတယ်။

“သမီး ယောကျာ်းတွေကို ဘယ်တော့မှ မယုံရဘူးကြားလား။ ကျောင်းမှာ ယောကျာ်းလေးတစ်ယောက်ယောက်က သမီးကို မရိုးမသား ဆက်ဆံရင် မေမေ့ကို ပြန်ပြောရမယ်နော်။ ပြီးတော့ ယောကျာ်းတွေအားလုံးဟာ အတူတူပဲသမီးရဲ့” တဲ့။

တစ်ခါတစ်ခါကျတော့လည်း မေမေက ငိုပြီးတော့-

“သင်းက ယောကျာ်းဖြစ်ပြီး တာဝန်မယူဘူး။ မေမေလေ အဲဒီတုန်းကဆိုရင် ကိုယ့်ကိုယ်ကို သတ်သေချင် လိုက်တာ။ ဒါပေမဲ့ မေမေက မခံချင်စိတ်နဲ့ ဟောဒီသမီးရဲ့ကိုယ်ဝန်ကို မဖျက်ချဘဲ သတ္တိရှိရှိ မွေးခဲ့တာ။ ပတ်ဝန်းကျင်က ကဲ့ရဲ့တဲ့ အပြောအဆိုတွေကို မေမေ ဘယ်လောက် ရင်ဆိုင်ခဲ့ရတယ်ထင်လဲ။ မေမေ့မှာ ကျောင်းလည်း ဆက်တက်လို့မရတော့ဘူး။ အခက်အခဲမျိုးစုံနဲ့ ဒုက္ခတွေ ရောက်လိုက်တာ။ ဒါကြောင့်မို့လို့ သမီးက လိမ်လိမ်မာမာနေပြီး မေမေ့ပြောစကား နားထောင်ရမယ်နော်” တဲ့။

မဟုတ်ပါဘူး။ မေမေ လိမ်တာ။  သတ္တိရှိချင်ဟန်ဆောင်ထားတာပါ။ ဘာလို့လဲဆိုတော့ မေမေရဲ့ရင်ထဲကနေ မသိမသာ စိမ့်ထွက်နေတဲ့အကြောက်တရားကို သမီး မြင်နေသားပဲ။ တစ်မနက် ကျွန်မနဲ့မေမေ အတူတူ မနက်စာ စားရင်း မေမေက ကောက်ကာငင်ကာနဲ့  “သမီး ညက ဘာတွေ အိပ်မက်မက်လဲ။ မေမေ့ကို ပြောပြစမ်း”တဲ့လေ။

မေမေဟာ ကျွန်မရဲ့ အိပ်မက်ထဲထိပါ မလွတ်လပ်စေခဲ့သူပါ။

တကယ်တော့ မေမေဟာ ကျွန်မကို မဖျက်ချဘဲ မွေးဖို့ဆုံးဖြတ်လို့ သတ္တိရှိတယ်သာ ပြောတာ၊ ကျွန်မကို ကိုယ် ဝန်ဆောင်ကတည်းက အမှန်တကယ် စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့ နေထိုင်မှုမျိုးကိုတော့ မဖန်တီးနိုင်ခဲ့ပါဘူး။

(၄)

ကျွန်မ တက္ကသိုလ်စတက်တော့ ဒုတိယနှစ်လောက်မှာပဲ ချစ်သူ ရသွားတယ်။ ငယ်ငယ်က ဘာကိုမှ မဖုံးကွယ် တတ်အောင် မေမေက သင်ထားတော့ အခု ကျွန်မ ချစ်သူရတဲ့ကိစ္စမှာလည်း မေမေ့ကို ရိုးရိုးသားသား ဖွင့်ပြောခဲ့ တယ်။ ကျွန်မ မေမေ ဘာဖြစ်သွားတယ်ထင်လဲ။ မေမေဟာ ကျွန်မအပြောကို ကြားကြားချင်း ကျွန်မဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိတဲ့ လူအဖြစ် ခံစားသွားစေတဲ့ မေမေ့မျက်နှာရဲ့ ယူကျုံးမရခြင်း၊ ဝမ်းနည်းနာကျင်ခြင်းနဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်းတွေကို ကျွန်မ တစ်ပြိုင်နက်တည်း ခံစားသွားရတယ်။

မေမေဟာ တော်တော်ကို ရှော့ရသွားသလိုပဲ။ ဒုတိယနှစ်သမီးတစ်ယောက် ရည်းစားထားတဲ့ကိစ္စဟာ မေမေ ဒီလောက်ထိဖြစ်သွားဖို့ လိုလို့လား။ မေမေဟာ ကျွန်မပခုံးကို ဆတ်ခနဲ ကိုင်ပြီး “ပြောစမ်း… ညည်းတို့ ဘယ်အဆင့်ထိ ရောက်ပြီးကြပြီလဲ။ မှန်မှန်ပြောစမ်း သမီး” လို့ သွေးပျက်နေတဲ့အသံနဲ့ မေးတယ်။ အဲဒီခဏမှာ မေမေက သူ့ရဲ့အနှစ်နှစ်အလလ အောင်းထားတဲ့ ပုပ်သိုးနေတဲ့အကြောက်တရားတွေကို ကျွန်မအပေါ် သွန်ချလိုက်သလိုပဲ။

ကျွန်မ အံ့ဩသွားတယ်။ မေမေ့ စကားက ဘာကြီးလဲ။ ကျွန်မက-

“ဘာလဲ မေမေရဲ့ လူငယ်သဘာဝ ရည်းစားထားကြတာလေ။ ဘယ်အဆင့် ရောက်ရမှာလဲ”

“ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့။ ညည်း မှားမှာစိုးလို့ ပြောနေတာ။ ယောကျာ်းဆိုတာ ဘယ်ယောကျာ်းမှ မကောင်းဘူး။ သစ္စာလည်း မရှိဘူး။ အဲဒါ ညည်း နားလည်လား။ ငါ ပြောတာ ယုံစမ်းပါ”

ကျွန်မ နောက်မှ သဘောပေါက်သွားတယ်။ မေမေဟာ ကျွန်မကို သူ့လို ဖြစ်မှာကြောက်နေတာ။ သူ့လိုမျိုး တာဝန်မယူတတ်တဲ့ ယောကျာ်းမျိုးနဲ့ တွေ့မှာကြောက်နေတာ။ မေမေက ကျွန်မရဲ့အမှန်တရားကို သိဖို့ စူးစမ်းချင် မှုကို ဖျက်ဆီးပြီး အမှန်တရားဆိုတဲ့ အတွေးအခေါ်ကိုပေးတဲ့ အိုင်ဒီအိုလော်ဂျီကြီးကို လာပြောပြပေးနေတာ။

ယောကျာ်းဆို ဘယ်ယောကျာ်းမှ မကောင်းဘူးတဲ့လား။ သစ္စာမရှိဘူးတဲ့လား။ အဲဒီနောက်ပိုင်းကစပြီး မေမေက ကျွန်မရဲ့ တစ်နေ့တာ လှုပ်ရှားပြုမူတာတွေကို အသေးစိတ် မေးတော့တာပဲ။ ဥပမာ ကျွန်မ ကျောင်းမှာ ဘယ်အချိန် ဘာလုပ်တယ်။ ဘယ်အချိန် ရည်းစားနဲ့ တွေ့တယ်။ နောက်ဆုံး ရည်းစားနဲ့ ဘာတွေပြောတယ် ဆိုတာအထိ မေမေ မေးလာတယ်။ ကျွန်မ နေရတာ ပိုပြီးမလွတ်လပ်တော့ဘူး။ မေမေရဲ့အပြုအမူတွေဟာ ကျွန်မအပေါ် ခေါင်းပုံဖြတ်တယ်လို့ ခံစားလာရတယ်။ တစ်နည်းအားဖြင့် မေမေဟာ သူမွေးထားတဲ့ ကလေး (ကျွန်မ)ကို ကျွန်ပြုနေတာပဲ။

“ဒါ သမီးရဲ့ကိုယ်ရေးကိုယ်တာပါ မေမေ။ မေမေ မသိလည်း ဘာမှ မဖြစ်တဲ့ သမီးရဲ့လွတ်လပ်ခွင့်ပါ” လို့ ကျွန်မ ပြောတော့ မေမေက “သမီးကို မေမေ လူဖြစ်လာအောင် မွေးခဲ့တာလေ။ မေမေ့မှာ သမီးနဲ့ပတ်သက်ပြီး ဘာမဆို သိပိုင်ခွင့်ရှိတယ်” တဲ့။

ကျွန်မ သည်းမခံနိုင်တော့ဘူး။ မေမေဟာ သူ့ကိုယ်သူ မချစ်တော့တာ ကြာပါပြီ။ လူတစ်ယောက်ဟာ ကိုယ့် ကိုယ်ကို မချစ်နိုင်ဘဲ တခြားဘယ်သူကိုမှ ချစ်တယ်ဆိုတာ ကျွန်မ မယုံကြည်နိုင်ဘူး။ ကိုယ့်ကိုယ်ကို မလေးစားဘဲ ဘယ်သူ့ကိုမှလည်း လေးစားနိုင်မှာ မဟုတ်ဘူး။ မေမေဟာ ကျွန်မကို စမွေးကတည်းက ချစ်ခြင်းမေတ္တာမှ မပါတာ။ သူ့စိတ်ထဲ တစ်ချိန်လုံး မုန်းတီးနေတာ တာဝန်မဲ့တဲ့ယောကျာ်းတစ်ယောက်ကိုပဲ။ ပြီးတော့ မကျေမချမ်းနိုင်ဖြစ်နေတာက ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ပြစ်တင်တဲ့စကားသံတွေကိုပဲ။ အဲဒီအမုန်းတွေနဲ့ပဲ ကျွန်မကို ကိုယ်ဝန်ဆောင်တယ်။ အဲဒီအမုန်းတွေကို ထမ်းပိုးရင်းပဲ ကျွန်မကို မွေးဖွားတယ်။ အဲဒီလိုအမုန်းတွေသာရှိပြီး သူ့ရင်ထဲမှာ ငြိမ်းအေးတဲ့ ချစ်ခြင်းမေတ္တာ မရှိမှတော့ ဘယ်သူ့အတွက်များ အလင်းဖြာနေနိုင်ဦးမှာတဲ့လဲ။ မေမေ့ မျက်နှာကို တည့်တည့်ကြည့်ပြီး-

“တကယ်တော့ မေမေက သမီးကို လွယ်ထားရတဲ့ကိုယ်ဝန်ကို မမွေးဘဲ ဖျက်ချပစ်ခဲ့ရမှာ”

ကျွန်မ နာနာကြည်းကြည်း ပြောလိုက်တယ်။ မျှော်လင့်မထားတဲ့ စကားမို့လို့ မေမေ အံ့ဩသွားတယ်။

“ဘယ်လို”

“ဟုတ်တယ်။ မေမေ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်မချခဲ့တာ မေမေ မှားတယ်”

“ဘာ ငါမှားတယ်ဟုတ်လား”

“ဟုတ်တယ်၊ မှားတယ်။ မေမေ မှားတာတွေ အများကြီးပဲ။ မေမေသာ ဖျက်ချခဲ့ရင် သမီးဟာ မေမေ့ထက် ချစ်ခြင်းမေတ္တာရှိတဲ့ဝမ်းထဲ ဝင်စားနေမှာ။ မေမေက ကလေးမွေးထားလို့သာ မိခင်တစ်ယောက်ဖြစ်နေတာ၊ မိခင် တစ်ယောက်ဖြစ်ချင်တဲ့ဆန္ဒ မေမေ့မှာ ရှိမနေဘူး။ မေမေဟာ တစ်သက်လုံး မေမေရဲ့မကျေနပ်ချက်တွေ၊ တင်းမာ မှုတွေ၊ အငြိုးနဲ့ အမုန်းတရားတွေကို သမီးဆီ လက်ဆင့်ကမ်းတယ်။ အဲဒီအတိုင်း တစ်ထပ်တည်း သမီး ခံစားရအောင် မေမေ အားထုတ်တယ်။ အဲဒါကြောင့် မေမေ မှားတယ်။ သမီးဟာ မေမေ့အတွက် အပြစ်။ ဒုက္ခ။ မေမေ့အမှားရဲ့ကြားခံပစ္စည်း။ မေမေ့အမုန်းတရားရဲ့ သက်သေဖြစ်အောင် မေမေ သမီးကို မွေးထုတ်ခဲ့လို့ မေမေ သိပ်မှားတယ်}

ကျွန်မက ရင်ထဲရှိသမျှ သွန်ချပြီး ထွက်လာခဲ့တယ်။

(၅)

မြေနီလမ်းလေးအတိုင်း ကျွန်မ ခြေဦးတည့်ရာ လျှောက်လာနေမိတယ်။ ကျွန်မ ဘေးဝဲယာ တစ်ဖက်တစ်ချက်စီမှာ ပန်းပွင့်ရောင်စုံနဲ့ လိပ်ပြာလေးတွေ အများကြီးပဲ။ ပန်းပွင့်တွေပေါ် နေရောင်ထိုးကျတဲ့အခါ ဝတ်ဆံအဝါလေးဟာ ရွှေရောင်အဖြစ် လင်းသွားတယ်။ ကျွန်မ အကြာကြီးငေးကြည့်နေမိတယ်။ ကျွန်မဘဝမှာ ဟောဒီပန်းပွင့်လေးကို ကြည့်ရလို့ ခံစားရတဲ့ ငြိမ်းအေးမှုမျိုး မေမေ့မျက်နှာကိုကြည့်မိတဲ့အခါတိုင်း ကျွန်မ တစ်ခါမှ မခံစားခဲ့ရဖူးဘူး။

တကယ်တော့ လူတွေဟာ ကိုယ်ဝန်ဖျက်ချတာကို အပြစ်လို့ ထင်နေကြတယ်။ စိတ်ဓာတ်အင်အားပြည့်ဝ ကျန်း မာတဲ့ ဖြစ်တည်မှုတစ်ခုကို မပေးနိုင်ဘဲ ကလေးတစ်ယောက်ကို လူ့လောကထဲ ခေါ်လာတာကမှ တကယ့် ပြစ်မှုအကြီးကြီးဆိုတာ မိဘတွေ မသိကြဘူး။ ဟောဒီကမ္ဘာမှာ ကိုယ် မွေးလာမယ့် ကလေးကို ဘာပေးမှာလဲ၊ ဘာတွေပေးဖို့ရှိလဲဆိုတာ ဘယ်မိဘကမှ မစဉ်းစားထားခဲ့ကြတာ သိပ်ကို ဝမ်းနည်းစရာကောင်းတယ်။ မိဘတွေဟာ ကလေးကို သူတို့နေထိုင်ခဲ့တဲ့ဘဝအတိုင်း နေထိုင်သွားဖို့ကိုပဲ သူတို့ စဉ်းစားတော့တယ်။ ကျွန်မ အထင်တော့ မိဘတွေဟာ ကလေးကို မေတ္တာပဲ ပေးရမှာ။ ကိုယ့်ရဲ့ဘဝထင်မြင်ယူဆချက်တွေကို အဲဒီကလေးရဲ့ရင်ဘတ်ပေါ် ပြဋ္ဌာန်းပေးလို့မရဘူး။ ကိုယ့်ထင်မြင်ချက်တွေ၊ ကိုယ့်အတိတ်က ခံစားရတဲ့ ဝေဒနာတွေအတိုင်း ပုံသွင်းတဲ့အခါ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှုဟာ ပုံပျက်သွားတော့တာပဲ။ ကျွန်မလိုပေါ့။

မိခင်က သူကိုယ်တိုင်ကတောင် ကျိန်စာဖြစ်နေမှတော့ အဲဒီမိခင်ဟာ ကလေးတစ်ယောက်အတွက် ကောင်းချီး မင်္ဂလာ ဘယ်ဖြစ်နိုင်ပါ့တော့မလဲ။ ကြားဖူးတာတစ်ခုရှိတယ်။ ကလေးမွေးထားတဲ့ မိန်းမတစ်ယောက်ဟာ မိခင် တစ်ယောက်ဖြစ်ရတာကို ပျော်ရွှင်ဝမ်းမြောက်နေမှ ကလေးတစ်ယောက်ကလည်း အဲဒီလို မိခင်မျိုးကိုရတာ ကံ ကောင်းတာတဲ့။

အင်း ကျွန်မအတွက်ကရော။ ကျွန်မကို ကိုယ်ဝန်ဆောင်ခဲ့ရလို့ မေမေ ပျော်ရွှင်ခဲ့ရဲ့လား။ ဟင့်အင်း… မေမေဟာ ကျွန်မကို လိုလိုချင်ချင် မွေးခဲ့တာမှ မဟုတ်ပဲ။ ဒါပေမဲ့ သူ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်မချဘဲ သတ္တိရှိချင်ဟန် ဆောင်ပြီး မွေးတော့မွေးခဲ့တယ် မဟုတ်လား။ ဒါဆို ကျွန်မအတွက် ကျွန်မအမေဟာ ကောင်းချီးမင်္ဂလာလား၊ ကျိန်စာလား။ ကျွန်မကရော ကျွန်မ မိခင်အတွက် ဆုလာဘ်လား၊ ပြစ်ဒဏ်လား။ ပြန်စဉ်းစားကြည့်တော့ အရာရာ ဟာ ကျွန်မအတွက် ဝေဝေဝါးဝါးပါပဲ။ ဟိုးခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့ လမ်းမကြီးဟာ ဘယ်တော့မှ မဆုံးနိုင်တဲ့ ခရီးတစ်ခုကို အစပြုနေလေရဲ့။

ထက်မြတ်နိုင်ဇင်

Leave comment

Your email address will not be published. Required fields are marked with *.