ကော်ဖီဆိုင်ရှုမျှော်ခင်း(ရသစာတမ်း)၊ စာရေးဆရာ တည်မှီ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ တည်မှီ၏ ကော်ဖီဆိုင်ရှုမျှော်ခင်း ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ဆရာ တည်မှီကိုယ်တိုင် ရေးဆွဲပါသည်။

ကော်ဖီဆိုင်ရှုမျှော်ခင်း

အပေါ်စီးမှ မြင်တွေ့ရသော မြင်ကွင်းများမှာ ပိုမိုလှပကြောင်း ထင်မိသည်။ တစ်ခါတစ်ခါ ကျွန်တော့်စိတ်ကူးတွေက ဂါဝန်အနားစလေးတွေနှင့်တောင် ငြိခက်၍ ပါသွားတတ်သည်။ ခပ်လှမ်းလှမ်းမှ ဖွင့်ထားသော ဓမ္မာရုံမှ ပရိတ်တရားသံကိုလည်း ကြားနေရသည်။ ဆီပူအိုးထဲမှာ ခုန်ပေါက်နေသော အကြော်များ၊ စတိုးဆိုင်တစ်ဆိုင်အတွင်းမှာ ငြိမ်သက်စွာ ရပ်တန့်နေသော အရုပ်များ၊ လီဗာဆွဲပြီး အလျင်စလို မောင်းထွက်သွားသော စက်တပ်ယာဉ်များ၊ လမ်းလျှောက်နေကြသော လောကဓံခရီးသွားများ (တချို့က ရယ်မောလျက်၊ တချို့က တွေးတောလျက်) အဲဒီမြင်ကွင်းတွေအားလုံးဟာ လမ်းမပေါ် ဒါမှမဟုတ် လမ်းမဘေးတစ်ဖက်တစ်ချက်က မြင်ကွင်းများ ဖြစ်သည်။ (ဘေးချင်းယှဉ်ရပ်နေသော မိတ်ဆွေနှင့် စကားပြောရန် သတိရလာသည်။) မီးသေနေသော စီးကရက်များကို ပြိုင်တူ မီးညှိရင်း ကိုယ်တို့စကားစမြည် ပြောဖြစ်ကြပြန်သည်။

စကားပြောနေရင်းပင် သောက်လက်စ ကော်ဖီတွေ အေးစက်ကုန်လောက်ပြီဟု တွေးမိနေသေးသည်။ စားလက်စ အသားညှပ်မုန့်များကိုလည်း လက်စသတ်သင့်သေးသည်။ ဒါပေမဲ့ အတွင်းသို့ ပြန်ဝင်၍ ထိုင်ကြလျှင် ဒီနေရာမှာနေမှပင် ပိုမိုရရှိမည်ဖြစ်သော ညနေခင်းလေပြည်လေညင်းများကိုလည်း နှမြောတသဖြစ်မိသေး၍ ကိုယ်တို့ ဆက်လက်ရပ်မိနေကြခြင်းလည်းဖြစ်နိုင်သည်။ ပြန်မထိုင်သေးဘဲ ကော်ဖီခွက်များကိုသာ အပြင်သို့ ယူလိုက်ကြလျှင် ပို၍အဆင်ပြေလိမ့်မည်။ ထို့ကြောင့် ကော်ဖီခွက်များကို အပြင်သို့ ယူလိုက်ကြသည်။ ကိုယ်တို့သောက်သော ကော်ဖီခွက်များဟာ အလွန်ခါးသက်ပြီး အသားညှပ်မုန့်နှင့် တွဲဖက်စားသောက်လျှင် ပိုမိုလိုက်ဖက်နိုင်သည်။

ဒါပေမဲ့ ကိုယ်တို့ အသားညှပ်မုန့်တွေဆီ မလှမ်းဖြစ်ကြသေး။ ကော်ဖီနှင့်မုန့်များအပြင် ရေသန့်ဘူးတစ်ဘူးကိုပါ ဆိုင်အဝင် ကောင်တာမှ မှာယူခဲ့ကြခြင်း ဖြစ်သည်။ အလုပ်ကိစ္စတချို့နှင့် ဘဝအမောများကို ကိုယ်တို့စကားဝိုင်းအတွင်းသို့ ထည့်သွင်းပြောဆိုကြမိပြန်သည်။ စကားစမြည်ပြောရင်း ကော်ဖီခါးခါးသောက်ရသည်မှာ သဘောတွေ့စရာတစ်ခုပင် ဖြစ်၏။ ပြင်ပမြင်ကွင်းများကို ပြန်ကြည့်မိပြန်တော့ ကလေးတစ်ယောက်ကို လက်ဆွဲလျက် လမ်းလျှောက်သွားသော မိန်းမငယ်ငယ်တစ်ယောက်ကို မြင်ရသည်။ ကားတစ်စီးကို အလျင်အမြန် ကျော်တက်ရင်း မကျေမချမ်း လှည့်ကြည့်သွားသော ဆိုင်ကယ်သမားတစ်ယောက်ကိုလည်း တွေ့လိုက်ရသေးသည်။ ကိုယ်တို့ရပ်နေသော ဝရန်တာမှာ လမ်းမနှင့် အတော်အတန်လှမ်းသဖြင့် ရွေ့လျားနေသော လူများကိုတော့ သဲကွဲစွာ ပုံဖမ်း၍မရပေ။

            ညနေခင်းဆိုသော်လည်း မှောင်ရီပျိုးစအချိန် ဖြစ်နေသဖြင့် ဟိုမှသည်မှ မီးရောင်များ ထွန်းညှိလာပြီ။ မြို့ပြတစ်ခု၏ ညဦးပိုင်းအခြေအနေတစ်ခုဟာ မီးရောင်လဲ့လဲ့ကြားမှာ စတင်လာတော့သည်။ အပေါ်ထပ်ဖြစ်သဖြင့် အနည်းငယ် ခေါင်းမော့ကြည့်လိုက်လျှင် ပြာနှမ်းသော ကောင်းကင်နှင့် တိမ်တိုက်တချို့ မျောလွင့်နေကြပုံကို ပန်းချီကားတစ်ချပ်သဖွယ် မြင်တွေ့နိုင်သေးသည်။ ခေါင်းငုံ့ကြည့်ရှုလိုက်လျှင်လည်း စီးဆင်းနေသော လမ်းမတစ်ခုကို မြင်တွေ့နိုင်သောကြောင့် ဒီနေရာကို ခဏခဏ ရောက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရွေ့လျားနေသော်လည်း တချို့မြင်ကွင်းများမှာ အသက်မဲ့လွန်းသည်။ (ဥပမာ တစ်ခုခုပြောဆို၍ ရယ်မောသွားသောလူများ၊ ယောက်ယက်ခတ် ပျံသန်းနေကြသော ညဉ့်ပျော်ငှက်များ) ဘာသာစကားမဲ့ မြင်ကွင်းတွေ၏ လှုပ်ရှားမှုတွေဟာ အလွန်အသက်မဲ့ကြောင်း တွေးမိခဲ့သေး သည်။ မိတ်ဆွေ လှမ်းတောင်းသော မီးခြစ်ကို ပေးလိုက်ရင်း အိမ်ပြန်ချိန်တစ်ခုကို သတ်မှတ်လိုက်ကြသည်။ ဆက်လက်ပြီး ကိုယ်တို့ ပန်းချီကားတစ်ချပ်အကြောင်း၊ အဆင်မပြေသည့်နေ့ တစ်နေ့အကြောင်း၊ လောကဓမ္မအကြောင်း၊ ကဗျာတစ်ပုဒ် အကြောင်း ပြောခဲ့မိကြသေးပုံလည်း ပေါ်သည်။

ဆေးလိပ်ပြာခွက်မရှိ၍ ကုန်သွားသော စီးကရက်အတိုများကို ခြေဖြင့် နင်းခြေ၍ မီးသတ်လိုက်ရသည်။ အတော် အတန် အလင်းအားနည်းလာသဖြင့် ကိုယ်တို့အတွင်းသို့ ပြန်ဝင်ထိုင်ကြပြန်သည်။ နာရီဝက်ခန့် မတ်တတ် ရပ်ထားသဖြင့် ညောင်းညာဟန်တူသော ခြေထောက်များ နေသာထိုင်သာ ရှိသွားခဲ့လေသည်။ မထိုင်မီ ပြတင်းပေါက်ဖွင့်ထားသဖြင့် တင်နေသော ဖုန်များကို လက်ဖြင့် ရိုက်၍ခါထုတ်လိုက်ရသေးသည်။ ရှန်မွိုင်းသား ဆက်တီခုံများသည် ဖုန်အလွန်တက်၍ စိတ်ပျက်စရာကောင်းသော ဆက်တီခုံများ ဖြစ်လေသည်။

ဒီလိုမြင်တွေ့နိုင်ခြင်းမျိုးနှင့် ကော်ဖီကိုတွဲစပ်၍ ဤဆိုင်လေးက ရောင်းချသည်။ အဲဒီဆိုင်လေးသည် ကိုယ်တို့ရပ်ကွက် ထိပ်လမ်းဆုံလမ်းခွမှာ ဖွင့်လှစ်ထားသည့် ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်လေသည်။ လေအေးပေးစက် တပ်ဆင်ထားသဖြင့် အေးအေးလူလူ ထိုင်နိုင်သော အောက်ထပ်တွင် မထိုင်ဖြစ်ဘဲ လောကဓံမြင်ကွင်းကို အက်စ်ပရက်ဆိုကော်ဖီနှင့် တွဲဖက်သုံးဆောင်ရန် ညှော်နံ့နှင့် ဝရန်တာတို့ ပါဝင်သော အပေါ်ထပ်ကိုသာ အမြဲတမ်းနီးပါး ရွေးချယ်ထိုင်မိခဲ့လေသည်။

အိပ်တန်းဝင်သော ငှက်များနှင့်အတူ ကော်ဖီဆိုင်လေးမှ အိမ်ပြန်ခဲ့သော နေ့ရက်ပေါင်းများစွာ ကိုယ့်ဘဝမှာ ရှိခဲ့သည်။ လူတချို့ပြောကြသော အရေးကြီးသည်ဆိုသောအချိန် (ဘဝ၏အချိန်)များကို ဒီကော်ဖီဆိုင်တွင် ကုန်လွန်ခဲ့စေသည်။ နတ်သုဓာဟု ဘာသာပြန်နိုင်သော အင်္ဂလိပ်အမည်ကို ပေးထားသော်လည်း ဒီကော်ဖီဆိုင်မှာ မှာယူရရှိနိုင်သော အစားအသောက်တို့မှာ ဆိုင်ရှင်၏ဂရုစိုက်မှုနှင့် အတော်အတန်ကင်းဝေးသော အရသာတစ်မျိုးသာ ရရှိလေသည်။ ကိုယ်တို့ဟာ ကော်ဖီကောင်းကောင်းတစ်ခွက်၊ အသားညှပ်မုန့်ကောင်း ကောင်းတစ်ခုကြောင့် မဟုတ်ဘဲ တခြားအကြောင်းပြချက်တို့နှင့်သာ ဒီကော်ဖီဆိုင်လေးဆီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (ကိုယ်တို့ ရွေးချယ်ခဲ့မိသော အရာတချို့မှာ အကောင်းဆုံးတွေ ထဲကတစ်ခု မဟုတ်သော်လည်း အဆင်အပြေဆုံးတစ်ခုလည်း ဖြစ်နိုင်ပေသည်။)

တည်မှီ

Leave comment

Your email address will not be published. Required fields are marked with *.