ခွန်အားခုနစ်ဘ၀(ရသစာတမ်း)၊ စာရေးဆရာ စောဝေ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ စောဝေ၏ ခွန်အားခုနစ်ဘဝ ရသစာတမ်းကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပန်းချီကို ပန်းချီဆရာ ဆန်နီညိမ်းက ရေးဆွဲပါသည်။

ခွန်အားခုနစ်ဘ၀

ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်လည်းမဟုတ်။ ရုန်းထွက်လိုစိတ်၊ ရုန်းထွက်မှုမဲ့။ ညင်သာစေးပိုင်စွာ ဆုပ်ကိုင်ပြီး အသက်ဓာတ်ကို ရှည်စေ တိုစေသူ။ မျက်ဝန်းအကြည့်ကို စေ့စေ့ငုငုကြည့်တော့ ဝင်းပလင်းလက် အားအင်ကို တွေ့ရ။ ဒီအားတွေကပဲ လျှပ်ပန်းခက်ဝေလို့ ဖြူဝင်းရွှန်းလဲ့လို့ ရင်တွင်းသို့ စီးဝင်။ ညာဘက်လက် လက်ချောင်း၊ လက်ဖဝါးများမှသည် ခိုင်ကျည်မြဲမြံတဲ့ ငြိမ်းချမ်းရေးသွေးများ ဧရာဝတီရေအလျဉ်စီးသလို။ ဝမ်းသာစိတ်နှင့် သတိလက်လွတ်ဖျစ်ညှစ်မိမည်စိုးသဖြင့် ဘယ်ဘက်လက်ဖဝါးက ဖေးမညင်သာ ဆုပ်ထားမိသည်။

အသက်ခြောက်ဆယ့်နှစ်နှစ်မှာ ကွယ်လွန်သွားခဲ့ပြီး အမေ့လက်မှရခဲ့သော သတ္တိ၊ အား၊ ရင်ဆိုင်လိုစိတ်တို့ ထပ်မံ တိုးပွားရရှိခဲ့ပြီ။ ရွှန်းမြလှပလွန်းလှသည့် ဒီမျက်ဝန်းပိုင်ရှင်ဟာ လူတော့လူပဲ၊ လူမဟုတ်ဘူး။ ဘယ်သူဖြစ်မလဲ၊ သိချင်စိတ်တို့သည် နက်မှောင်လင်းပ ခန်းမထဲမှာ ဝဲလှည့်စေ့ငုနေမိသည်။ ဘယ်သူပါလိမ့်။

ကျားကျားမမ အားပါလှသည့် အပြုံးပန်းကိုယ်စီနှင့် စီစီညီညီ ချစ်ချစ်ခင်ခင်။ နတ်ဒေဝတာတစ်ပါး၏ ကောင်းချီး ပေးမှုကို စောင့်ယူနေသလိုမျိုး။ စိုးစဉ်းတိတ်ဆိတ်။

ကမ္ဘာကြီးပေါ် ဝဲလှည့်နေသော နေ့တွေ ညတွေထဲမှာတော့ ဒီညဟာ အဓိပ္ပာယ်လှသောညလို့ သူသူကိုယ်ကိုယ် ဖွဲ့နွဲ့ကြသည်။ အတိတ်၏အနာတချို့လည်း ကျက်သွားသယောင်ယောင်။ ပစ္စုပ္ပန်ကတော့ လွတ်လပ်စွာ ကွဲလွဲခွင့်နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး တည်ဆောက်နေချိန်။ အနာဂတ်ကတော့ မျိုးဆက်သစ်များအတွက် လမ်းကို မြင်နေရချိန်။ ကြိုးစားမှု၊ တီထွင်မှု၊ ဇွဲလုံ့လတို့ဖြင့် လမ်းအတိုင်း စိန်ခေါ်မှုကို ရင်ဆိုင်၍ လျှောက်ရုံဟု စိတ်မှာ ပြတ်သားသိ သိရသည်။

ချလပ် ချလပ် ချလပ် ချလပ် အိုင်တီဖွံ့ဖြိုးတိုးတက်မှု၏ သုတ သံစဉ်။ လူတိုင်းက ချလပ် ချလပ် နိုင်ကြပြီ။ ခန်းမကြီးတစ်ခုလုံး ချလပ်ချလပ်သံများဖြင့် ဝေစည်မြည်ဟည်း။ အများကို မထိခိုက်စေမယ့် ကိုယ်လုပ်ချင်ရာလုပ်ခြင်းများဖြင့် အနု ပညာဘဝကို တည်ဆောက်လာခဲ့သူ မိမိ။ ကိုယ့်အတွက် ဘာပေးပါလို့ ဘယ်သူ့ထံမှ မတောင်းခဲ့သလို ကိုယ်ယုံကြည်ရာ မြတ်နိုးရာ လုပ်ခဲ့လို့၊ လုပ်ပေးလို့ ဘာတစ်ခုခု ပြန်ရ ရပါစေ ဆိုသည့်စိတ်လည်း ဘယ်တုန်းကမှ ရှိမနေခဲ့။ ရှိမနေခဲ့စိတ်နှင့် အတူ နှလုံးထဲမှာလည်း ငယ်ဘဝတွေ့ရချိန်မှ ယခုအချိန်ထိ မေးတာဖြေမယ်၊ ခိုင်းတာ လုပ်ပေးမယ်၊ ပြောသမျှ လိုက်နာ ကျင့်ကြံနေထိုင်မယ်ဆိုသည့် ယတိပြတ်ခြင်းဟာ ကိုယ်ရော စိတ်မှာပါ မြဲမြံခိုင်မတ်လျက် တိကျပြတ်သားသည့် အပြုံးနှုတ် ခမ်းနှင့် ရွှန်းလဲ့တည်ကြည် မျက်ဝန်းအစုံအရှေ့အရောက်။

“ကဗျာဆရာ ဘာလုပ်နေလဲ”

မင်းခမ်းမင်းနားလို တွေ့ရတာမျိုးမဟုတ်ဘဲ အချေမှုန်းခံဘဝကနေ ချိန်ထားသည့် သေနတ်တွေက ကာရံပေးသည့် သေနတ်တွေဖြစ်ရသည့်ဘဝ အခုအခြေအနေထိ ခရီးသွားဟန်လွဲအခမ်းအနားတွေမှာ လှမ်းတွေ့တာနှင့် မမေ့သည့် မှတ်မိနေသည့်၊ လူတွေကို သိနေသည့် ဒီသတိဟာလည်း နတ်ဒေဝတာတစ်ပါးပဲ ဖြစ်နေမှာပါ။

“လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တာနဲ့ မြှင့်တင်တာ လုပ်နေပါတယ်”

“ဘာလို့ မြှင့်တင်ဖို့ လိုတာလဲ”

“တချို့အသိုင်းအဝိုင်းတွေက မြှင့်တင်ဖို့ လိုကိုလိုနေလို့ပါ”

“မြှင့်တင်တယ်ဆို တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်၊ ရှိလာဖို့ဆို စာပေအနုပညာသမားတွေက ရသပါအောင် ရေးသားပြောဆိုဖန်တီးဖို့ လိုတယ်၊ လူ့အသိုင်းအဝိုင်းရဲ့ လုံခြုံမှုဆိုတာ ရုပ်တင်လုံခြုံလို့ မပြည့်စုံဘူး။ စိတ်ပါ လုံခြုံမှု ရှိရမယ်။ စိတ်လုံခြုံမှုရှိအောင် လုပ်ပေးတယ်ဆိုတာ အစိုးရက ကြည့်လုပ်ပေးနိုင်တာ မဟုတ်ဘူး။ စာပေသမားတွေ၊ အနုပညာသမားတွေကသာ အဓိက လုပ်ပေးနိုင်ဆုံးလူတွေ ဖြစ်တယ်… … …”

“အမေ လွတ်လပ်လုံခြုံ ငြိမ်းချမ်း၊ ကျန်းမာ၊ ချမ်းသာ၊ အသက်ရှည်ပါစေ”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”

“ဆရာ့ကို ပြောသွားတာ ခုနစ်မိနစ်။ ချလပ်” သိနေသည့် စာပေကင်ပေတိုင်ရုံးဟောင်းက အရာရှိမလေး။

၂၀၁၂ ခုနှစ်ထိ အမေလို့ တပြီးရေးသည့်စာမှန်သမျှ ဖြုတ်သည့်ဌာနက ယခုတော့ အမေ ပြောသမျှ အကုန်အသံဖမ်း။ မှတ်တမ်းတင်။ ပြန်လွှင့်။ စားပွဲမှာ ပြန်ထိုင်တော့ ၂၀ဝဝ ပြည့်နှစ်က ရေးခဲ့သည့် အာဇာနည်နေ့ ဂုဏ်ပြုကဗျာ သားတစ်ယောက်ရဲ့အား ကဗျာလေးကို ဆယ့်နှစ်နှစ်လုံးဖြုတ်ပယ်ခံခဲ့ရ။ စာပေကင်ပေတိုင်ကြီး ပြုတ်သွားပါမှ ပါခွင့်ရခဲ့လေသည့်အဖြစ်ကို ခါးသီးစွာ သတိရမိ။ ညသည် သာယာစွာ၊ ခိုင်မာစွာ၊ လင်းရှင်းစွာ နောက်နေ့များစွာဆီ ကူးခဲ့ပြီ။

ခုနစ်မိနစ်

ဖြန့်၍ ကမ်းသောလက်မှာ

ယမ်းနံ့ကို စင်အောင်ဆေး၍ ဆုပ်ကိုင်ပါ

မနားသော ပေးဆပ်မှုနဲ့

ကြီးရင့်ခြင်းကို ကိုင်းညွတ်ပါ

ဥာဏ်ပညာရဲ့အရိပ်မှာ သာယာကြပါ

အသက်ကို အသက်ဖြင့် ကာကွယ်ပါ

လည်နေတဲ့ ကမ္ဘာကြီးထဲက

ကွယ်နေတဲ့ ငြိမ်းချမ်းရေး

ကွယ်နေတဲ့ တရားဥပဒေ

တို့မြေအတွက်

သူမနဲ့အတူ

သတ္တိသွေးလို့ ရှာဖွေကြ။ ။

(၁၇ ဇူလိုင် ၂၀၁၉ ရန်ကုန်)

စောဝေ

Leave comment

Your email address will not be published. Required fields are marked with *.