တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်)-ဝတ္ထုတို၊ စာရေးဆရာမ ချိုနွယ်ဉီး

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ ချိုနွယ်ဉီး၏ တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်) ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ စိုးသော်တာက ရေးဆွဲပါသည်။

တစ်ချိန်တုန်းက အင်းစိန်ထောင်(မ-ကျ/တိုက်)

ထောင်ဘဝအစမှာတော့ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှ အကုန်အဆန်းချည်းပါပဲ။ ပုံစံ။ တစ်ဗြူး၊ နှစ်ဗြူး။ အားလုံး ကောင်းပါတယ် ဆရာကြီး။ ဘုရားကန်တော့မယ်။ ထမင်းဘို။ ထမင်းတော့ သိတယ်၊ ဘိုဆိုတာ ဘာပါလိမ့်။ ဘိုထမင်းလား၊ ဗိုလ်လား၊ ဘာလားညာလား၊ ဘာတွေမှန်းကို မသိဘူး။ ဓာတ်လိုက်လည်း အားလုံးကောင်းပါတယ် ဆရာကြီး။ နပန်းသတ်လည်း အားလုံးကောင်းပါတယ် ဆရာကြီး။ ဒီအမျိုးသမီးနှယ် အိပ်တယ်ကို မရှိဘူး။ ဘယ်သူ့များ အော်အော်ပြောနေတာပါလိမ့်။ ဆရာကြီးဆိုတာ ဘယ်သူလဲ။ မေးစရာ လူမရှိ။

လူရေတာတဲ့ တစ်ဗြူး(ပြူး)၊ နှစ်ဗြူး(ပြူး)နဲ့ ငါ့နှယ် ကျောက်ခေတ်များ ပြန်ရောက်သွားသလိုပဲ။ တစ်ပြူး တစ်လံ ညောင်ကန် ထမ်းပိုး အကျိုး။ စာထဲပဲ သင်ဖူးတယ်။ တစ်ခါမှ မသုံးဖူးဘူး။ ဟင်း… တစ်ဗြူး၊ နှစ်ဗြူးကကို မတက်ဘူး။ တခြားနည်း မရှိတော့ဘူးလား မသိ။ တစ်ယောက်တည်း ကြားသမျှအပေါ် ဝင်တဲ့အတွေး။

တစ်နေ့ တိုက်ထဲကနေ လမ်းလျှောက်ထွက်တုန်း၊ ထမင်းဘိုဆိုလို့ တိုက်ရှေ့ထွက်ကြည့်တယ်။ ထဘီကို ဒူးအထက် ဝတ်ထားပြီး တစ်ကိုယ်လုံး ကြွက်သားတွေနဲ့ ရုပ်ရည်ကြမ်းကြမ်းတမ်းတမ်း ကြောက်စရာ မိန်းမကြီးနှစ်ယောက်ကို တွေ့ရတယ်။ ထမင်းတွေ ထည့်ထားတဲ့ စည်ပိုင်းပြတ်ကို ထမ်းပိုးနဲ့လျှိုပြီး ထမ်းထားတယ်။ တစ်ကိုယ်လုံးကလည်း ဘာစာတွေ ရေးထားတယ် မသိဘူး။ အနားကပ်လည်း မြင်ရတာ မဟုတ်။ မျက်နှာ လက်ခြေ ရင်ဘတ် တစ်ကိုယ်လုံး ပြာတာတာ စာလုံးတွေ။ သိချင်စိတ်က အလွန်များ။ နဂိုကတည်းက စပ်စပ်စပ်စပ် လုပ်တာ ဝါသနာ။ ထောင်ထဲရောက်တာတောင် ဝါသနာက မပျောက်သေး။ နောက်တစ်ခါ တွေ့လို့ကတော့ စကားသွားပြောဖြစ်အောင် ပြောမယ် တေးထားလိုက်တယ်။ နောက်တစ်ခါလည်း တွေ့ရော။ ဒီတစ်ခါတစ်ယောက်တည်း။ ရုံးခန်းက ခေါ်လို့။ တိုက်ရှေ့မှာ စောင့်နေတာ။ ကိုယ်က အသာလေး အနားသွားကြည့်တာ။ ပထမ တွေ့တုန်းကထက် ကြောက်စရာ ပိုကောင်းတယ်။ ရှေ့သွားနှစ်ချောင်းက မရှိဘူး။ အဝေးကမြင်တဲ့ ဆေးမင်ကြောင်တွေက စာတွေ။ လူနာမည်တွေ ရေးထားတာ။

အောင်ထွန်း၊ မြင့်သိန်း၊ သိန်းစိန်၊ ထွန်းဝင်း၊ ပြောင်ကြီး၊ လှထွန်း၊ သန်းရွှေ၊ မြဦး၊ လူလှ၊ ခင်ညွှန့်၊ နေဝင်း၊ အောင်သောင်း၊ မူတူး၊ ဆာမိ၊ အလျှောင်၊ ဗိုက်ကြီး၊ ဂျိမ်းစဘွန်း၊ ခင်ရွှေ၊ ဇော်ထူး အဲဒီလိုမျိုးပေါ့။

တချို့နာမည်တွေဆိုရင် သုံးလေးခါ ရေးထားတာ တွေ့တယ်။ ဒါနဲ့ မရဲတရဲ အနားသွားပြီး “အစ်မကြီး အဲဒီနာမည်တွေက ဘာတွေလဲဟင်” လို့ မေးကြည့် လိုက်တော့။ ခပ်တည်တည်ကြီးနဲ့ တစ်ခွန်းပဲ ဖြေလိုက်တယ်။

“လင်တွေ” တဲ့။

စပ်စုတဲ့ ဂြိုဟ်သားလည်း တစ်ကြိုးတည်း လစ်တော့တာပဲ။ (ဂြိုဟ်သားဆိုတာ ကိုယ့်ကို မွှေလွန်းလို့ ချစ်စနိုး ခေါ်တာ) နောက်တစ်ယောက်က ဒေါ်ဘု(အမည်လွှဲ) ထောင်တစ်သက် လွတ်ရက်မရှိ။ အမှုက ဘိန်းချက်၊ ဘိန်းရောင်းအကြီးအကျယ်ပေါ့။ အင်းစိန်မှာ။

အဲဒီခေတ်မှာတော့ အခုခေတ်လို ပိုင်ရှင်မဲ့ ကွန်တိန်နာလိုက်ဟာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီခေတ်နဲ့ယှဉ်လိုက်လို့ကတော့ အာလောက်လောက်ပါလို့ ထောင်စကားနဲ့ ပြောရပေလိမ့်မယ်။

မိသားစုလိုက် အင်းစိန်ထောင်ကို ရောက်လာတာ။ အမျိုးသားထောင်ကျဆောင်တွေမှာ ဒေါ်ဘုရဲ့မောင်၊ ခင်ပွန်း၊ သား၊ မြေး အကုန်ရှိတယ်။ ထောင်တစ်သက်လွတ်ရက်မရှိ (အပေါင်းသေဒဏ်) စတဲ့ အပြစ်ဒဏ်ကျတယ်။

ဒီဘက် အမျိုးသမီးဆောင်မှာတော့ ဒေါ်ဘုရဲ့သမီးနဲ့ နောက်ဘယ်သူထပ်ပါသေးလဲတော့ မသိ။ ဒေါ်ဘုက ကိုယ်တို့ တိုက်နဲ့ကပ်လျက်ကရုံးခန်းမှာ အလုပ်လုပ်ရတယ်။ ဘိန်းကို အကြီးအကျယ်ချက်ရောင်းတာ ဆိုပေမဲ့ ဒေါ်ဘုက စာတောင် တယ်ပြီး မတတ်ဘူး။

သူတို့ကို ဖမ်းတုန်းကဆိုရင် မွေ့ရာထဲထည့်ထားတဲ့ ရွှေတွေတောင် အသိမ်းခံရသတဲ့။ ပိုက်ဆံတွေလည်း အများ ကြီး သိမ်းခံရတာပေါ့။ မော်တော်ကားတွေလည်း အသိမ်းခံရတယ်တဲ့။ ဘယ်နှစီးလဲတော့ မသိပါဘူး။

ဒေါ်ဘုရဲ့အမျိုးတွေကလည်း ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ဘိန်းဘုရင်ဆိုပြီး လည်သာဂျာကင်ကြီးတွေ၊ နေကာမျက်မှန်တွေနဲ့ မဟုတ်ဘူး။ ဒေါ်ဘုလိုပဲ တောသူတောသား ပုံစံရိုးရိုးကြီးတွေပဲတဲ့။ သူ့သမီးတစ်ယောက်သာ နည်းနည်း ဝတ်ဝတ်စားစား ရှိပုံရတယ်။

ထောက်လှမ်းရေးက ဘယ်အချိန်ကတည်းက စ ထောက်လှမ်းတယ် မသိဘူး။ ဒေါ်ဘုရဲ့သမီးက အိမ်ထောင်သည်။ ထောက်လှမ်းရေးက သူတို့အိမ်မှာ ကားမောင်းသမားအယောင်ဆောင်ပြီး နှစ်အတော်ကြာ အလုပ်လုပ်တဲ့လူဆိုပဲ။ အဲဒီလူနဲ့ သူ့သမီးက ဖောက်ပြန်ပြီး စည်းပေါက်သွားတာလို့လည်း ကြားတယ်။ တကယ် ဟုတ်မဟုတ်တော့ မသိဘူး။

ဒီအကောင်ကတော့ ဂျိမ်းစဘွန်းလားတောင် မသိဘူး။ တော်တော်လည်း ပွသွားတယ်လို့ ကြားတာပဲ။ အဲဒီအချိန်တုန်းကတော့ အပြင်လောကကြီးမှာ အတော်နာမည်ကြီးပြီး သတင်းစာထဲမှာပါတယ်လို့ ပြောကြတယ်။ အခုခေတ်လို ထောင်ထဲမှာ စာဖတ်လို့မရတဲ့ခေတ်မို့လို့ ကိုယ်တို့လည်း ကြားတာပဲ ရှိတယ်။ နောက်ပိုင်းမှာ ဒေါ်ဘုနဲ့အတော်ခင်မင်ခဲ့ကြပေမဲ့ သူတို့အကြောင်းကို မမေးဘူး။ အားနာတာလည်း ပါတယ်။ ဘိန်းရောင်းတဲ့အလုပ်ကို နတ်ကနား အကြီးအကျယ်ပေးပြီး အဲဒီနေ့မှာ အရောင်းအဝယ်လုပ်လေ့ ရှိသတဲ့။ ဒါကြောင့်လည်း နှစ်တွေအတော်ကြာတဲ့အထိ ဘယ်သူမှ မသိကြတာလို့ ဆိုတယ်။ ကိုယ်တို့က အမေဘုပဲ ခေါ်တယ်။ ကွမ်းလေးတဝါးဝါးနဲ့ အရပ်ကလေးက ပုပု။ သူလည်း ဝန်ထမ်းတကာ ခိုင်းဖတ်။

ကိုယ်တို့ကို ပိတ်ထားတဲ့ တိုက်ထဲ သူက အဝင်အထွက် လုပ်ရတယ်။ ဒါကလည်း ဝန်ထမ်းအမျိုးသမီးတွေက ပျင်းပြီး ဒေါ်ဘုကို ဟိုအခန်း သော့ဖွင့်။ ဟိုအခန်းကို သော့ပိတ်။ ဒေါ်ဘု တိုက်ထမင်းသွား ဝေစမ်း။ အဲဒီလို ခိုင်းတာ။ ဒေါ်ဘုဟာ ဝန်ထမ်းအမျိုးသမီးတွေအတွက် အလုပ်မျိုးစုံ လုပ်ရသလို၊ အမြဲတမ်းအခန်းကျဉ်းလေးထဲမှာ အပိတ်ခံထားရတဲ့ ကိုယ်တို့နိုင်ငံရေး အကျဉ်းသူတွေအတွက်လည်း မရှိမဖြစ် “အစန်ရှယ်ဘု” ပါပဲ။ အခြေအနေလေး ကောင်းလို့ကတော့ ဟိုအခန်းက အမေဘုရေ လာပါဦး၊ ဒီအခန်းက အမေဘုရေ လာပါဦး။ အမေဘုကို ရှိတာလေးတွေ ကျွေးမွေးပြီး အကူအညီတောင်းရတယ်။ အမေဘုကလည်း ဘယ်တော့မှ မညည်းညူ ဘူး။ အမေဘု နေမကောင်းရင် ဆေးတိုက်ကြ၊ လိမ်းဆေးလေး လူးပေးကြနဲ့ အတော်ခင်မင်ကြတယ်။ နောက်ပြီး ကိုယ်တို့ထောင်ဝင်စာထဲက ပိုတာကို အမေဘုပဲ ရောင်းပေး၊ ပိုက်ဆံလည်း သူ့ကိုပဲ အပ်ထားရတယ်။ ကိုယ့်လက် ထဲ ထားလို့မရဘူးလေ။ အမေဘုက ဝန်ထမ်းထက် စိတ်ချရတယ်။ လိုချင်တာကို အမေဘုက တစ်ဆင့် ဝယ်ရတယ်။ ဥပမာ ငရုတ်သီးစိမ်း၊ ပန်းထိုး ချည် စသဖြင့်ပေါ့။ တခြားဟာတွေတော့ မမှာကြပါဘူး။ အမေဘုက စာသာမတတ်ပေမဲ့ ဘိုလိုတော့ ပြောချင်တယ်။ စိတ်သိပ် မနှံ့တဲ့သူတို့ ဘာတို့ဆိုရင် သူက ပဒိန် လို့ပြောတတ်တယ်။

ကိုယ်တို့က နားမလည်လို့ အမေဘုရေ… ပဒိန်ဆိုတာ ဘာလဲလို့မေးတော့ နင်တို့ကလည်း ဒါတောင် မသိဘူးလား။ ပဒိန်ဆိုတာ ဒါပေါ့လို့ နားထင်ကို လက်ညှိုးနဲ့ထိုးပြီး လှည့်ပြတယ်။ အဲဒီတော့ ကိုယ်တို့လည်း ဘရိန်း(Brain) လို့ ပြောတာ သိပြီး အော်ရယ်ကြတယ်။ နောက်ကို ကိုယ်တို့လည်း (Brain) လို့ မပြောတော့ဘူး။ ပဒိန်ပဲ ပြောတော့တယ်။ အမေဘုကို ဝန်ထမ်းတွေက အတော်ယုံကြည်တယ်။ ကိုယ်တို့နဲ့ အမေဘုဟာ အတော်သံယောဇဉ် ဖြစ်ခဲ့ကြတယ်။ အခုလောက်ဆိုရင်တော့ အမေဘုလည်း လွတ်ပြီးလောက်ရောပေါ့။

ထောင့်တစ်သက်လွတ်ရက်မရှိ + ၁၀ နှစ်။

ထောင်တစ်သက်လွတ်ရက်မရှိ + သေဒဏ်။

ဆိုတဲ့ ကြောက်စရာကောင်းလောက်တဲ့ ပြစ်ဒဏ်တောင် ရှိခဲ့ဖူးတယ်ဆိုတာ ပြောပြချင်လို့။

နာမည်က မအေး။ အိန္ဒိယသွေးနှောပုံ ပေါ်တယ်။ အသားက နက်နက်၊ ရူးပေါပေါ။ အမှုက ပြည့်တန်ဆာမှု။ ထောင် ၃ နှစ်။ ၃(က)ဆိုတာ ပြည့်တန်ဆာပုဒ်မ။ ထောင်ဝန်ထမ်းတပ်သားကစပြီး အပွင့်နဲ့ ထောင်မှူးမတွေကို ဝေယျာဝစ္စ အကုန်လုပ်ပေးရတယ်။ ဝန်ထမ်းအမျိုးသမီးတွေ ခိုးသယ်လာတဲ့ ကောင်ညှင်းပေါင်း၊ ချက်ဟင်း၊ ပဲပြုတ်၊ အသုပ်ကစပြီး အမျိုးသမီးကြိုက်နှုတ်ခမ်းနီ၊ လက်သည်းနီ၊ မိတ်ကပ်(အပေါစား)တွေကို အကျဉ်းသူတွေဆီ ရောင်းပေးရတယ်။ ဖင်ပေါ့တော့ ဝန်ထမ်းတကာရဲ့ ခိုင်းဖတ်။ အတိုအစလေးတွေ ကျွေးတာစားပြီး အသက်ဆက်နေသူ။ထောင်ဝင် စာလာတွေ့သူ မရှိ။ သူ့အမှုက မြို့လယ်ကောင် ပန်းခြံကိုသွားတာ။ သတိရတော့ လူတစ်ယောက်နဲ့ အိပ်နေသတဲ့။ အဲဒီမှာ အဖမ်းခံရပြီး ထောင်ကျလာတာတဲ့။ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ထောင်ထဲရောက်လာတဲ့ ပြည့်တန်ဆာတွေက ပါးစပ်ထဲ တွေ့ရာဇာတ်လမ်းမျိုးစုံ။

ထောင်မှူးမ ရေချိုးရင် ကျောက်ပျဉ်နဲ့သနပ်ခါးကို သွေးထားရတယ်။ ရေချိုးပေးရတယ်။ ရေချိုးပြီးတဲ့ ထောင်မှူးမက သစ်သားကုလားထိုင်ပေါ်မှာ ထဘီကို ရင်ရှားပြီး ပေါင်အရင်းထိလှန်ပြီး ခြေနှစ်ချောင်းကား ထိုင်တယ်။ ကျောက်ပျဉ်ပေါ်က သနပ်ခါးပျစ်ပျစ်ကို လက်နဲ့ယူပြီး မျက်နှာကို သူ့ဘာသာလိမ်းတယ်။ မအေးက လည်ပင်း၊ လက်၊ ခြေထောက်တွေကို သူ့လက်နဲ့သနပ်ခါးကို ယူပြီး ပျစ်ပျစ်ပျစ်ပျစ်နဲ့ မြည်အောင် လိမ်းပေးရတယ်။ ပြီးတာနဲ့ ဘရပ်ချ်နဲ့ညီနေအောင် ခြေလက်က သနပ်ခါးကို ညှိပေးရတယ်။

ပြီးရင် ပြောင်းဖူးမီးဖုတ်ရောင်းသလို ယပ်တောင်တစ်ချောင်းနဲ့ တဖျပ်ဖျပ် ခတ်ပေးရသေးတယ်။ အကုန်ခြောက်သွားမှ ယူနီဖောင်းဆို ယူနီဖောင်း၊ အရပ်ဝတ်ဆို အရပ်ဝတ် လဲပေးရတယ်။ အတွင်းခံဘရာစီယာ၊ ပင်တီကအစ ဝတ်ပေးရတယ်။ အီဂျစ်ဘုရင်မ ကလီယိုပါထရာတောင် အဲဒီလောက် ဇိမ်ခံရပါ့မလားတောင် တွေးမိတယ်။ နောက် ထောင်မှူးမကိုတော့ သူ့ခြေထောက်က ဝဲနှင်းခူကို ဘလိတ်ဓားနဲ့ ခြစ်ပြီး အနာဖတ်တွေကို ပါးစပ်နဲ့ ဖူးဖူးဆိုပြီး မှုတ်ထုတ်ပေးရတယ်။ နင်းဆိုနင်း နှိပ်ဆိုနှိပ်ပဲ။ အခုပြောပြတာ မအေး လုပ်ပေးရတဲ့ အလုပ်တွေထဲက တစ်စိတ်တစ်ပိုင်းပါ။ ရေးရင် အများကြီးရှိသေးတယ်။ အဲ… ချိုင်းမွေးလည်း နုတ်ပေးရသေးတယ်။ နာသွားရင် အခေါက်ခံရသေးတယ်။ နင်ပဲငဆပြောလည်း အပြုံးမပျက် ခံတယ်။

တစ်နေ့ ကိုယ့်ကို ရေချိုးထုတ်လို့ ရေချိုးပြီး လမ်းလျှောက်ချိန်ခဏရလို့ တိုက်ရှေ့ကို ထွက်လာမိတယ်။ တိုက်ရှေ့မှာ ဆူညံပူညံကြားလို့ စပ်စုမိတာ။ မအေးကို တိုင်မှာ လက်နောက်ပစ်ပြီး ချုပ်ခိုင်းထားတယ်။ အမှုတော်ထမ်းတာ ဘာအဆင်မပြေတယ် မသိဘူး။ ထောင်မှူးမက နင်ပဲငဆ ဆဲဆိုနေတယ်။ အဲဒီအချိန်အထိ မအေးက ရူးပေါပေါ လုပ်နေတုန်း။ နောက်တော့ ထောင်မှူးမက သူစီးထားတဲ့ ဖိနပ်နဲ့ မျက်နှာကို အချက်ပေါင်းများစွာ ရိုက်တယ်။ အဲဒီအခါမှာ ငိုယိုနာကျင်နေတဲ့ မအေးရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ တစ်သက်လုံး မမေ့နိုင်တော့ဘူး။ ဖိနပ်နဲ့ အရိုက်ခံရတဲ့မျက်နှာတင် နာတာ မဟုတ်ပါဘူး။ သူ့ရင်ထဲ အသည်းထဲအထိ နာကျင်ခံစားရရှာတဲ့ ငိုတဲ့အသံနဲ့မျက်နှာ။ ကိုယ်တကယ် မမေ့တော့ဘူး။ အခုထိ ငိုသံကို ကြားပြီး သူ့မျက်နှာကို မြင်ယောင်မိပါတယ်။ ကိုယ်က နောက်ကို ပြန်ဆုတ်ပြီး လှည့်သွားချင်ပေမဲ့ ခြေထောက်က ရွေ့လို့ မရခဲ့ဘူး။ မနည်းကို အားတင်းပြီး ကိုယ့်အခန်းကို ပြန်ဝင်ခဲ့ရတယ်။ ကိုယ့်အချိန်စေ့ပြီလေ။

နောက်တစ်ယောက်အကြောင်း ပြောပြချင်သေးတယ်။ သူက ထောင်ဝန်ထမ်းပါ။ ဆံပင်က အုတ်ခဲသယ်ထားသလို နီကြင်ကြင်။ အသားက မွဲခြောက်ခြောက်ပြာနောက်နောက်။ အသံစာစာ။ ပါးစပ်က တွေ့ကရာ သီချင်းမျိုးစုံကို ဆိုတတ်သူ။ ထောင်ပိုင်ထောင်မှူး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူ အမျိုးသမီး ထောင်ဝန်ထမ်း။ မသိရင် သာတီးဒီ အကျဉ်းသူလား မှတ်ရတယ်။ ပိုက်ဆံသာပေး ဘာမဆို ဝယ်ပေးတတ်သူ။

နိုင်ငံရေးအကျဉ်းသူ(ထောင်အခေါ် ၅ ည) တွေကိုတော့ သူ သိပ်မပတ်သက်သလို ပြဿနာလည်း မရှာတတ်။ သူထောင်ထဲမှာ ရောင်းဖို့ချဖို့ ပါတဲ့အထဲက ပေးချင်ရင် ပေးကျွေးတတ်တယ်။ တခြားဝန်ထမ်းတွေလိုလည်း နိုင်ငံရေးအကျဉ်းသူတွေဆီက တောင်းမစားတတ်ဘူး။ သူ့ကို ကျွေးရင်း စားတယ်။ ဘယ်အသက်အရွယ်က တည်းက ဝန်ထမ်းလုပ်နေတယ် မသိ။ အသက်က သိပ်မရှိသေး။ လက်မောင်းမှာ တစ်ရစ်။ ဘယ်အထက်အရာရှိကိုမှ အရေးမထား၊ ဂရုမစိုက်။ သူ လုပ်ချင်ရာ လုပ်တတ်သူ။ အိမ်ထောင်သည်။ အကျဉ်းသူထဘီလည်း ကောက်ဝတ်ချင်ဝတ်တယ်။ နိုင်ငံရေးအကျဉ်းသူတွေက အဆောင်မှာလည်း ရှိသလို၊ ကိုယ်တို့လို တိုက်ပိတ်ခံထားရသူတွေလည်း ရှိတယ်။ ၅ ညတွေကလွဲပြီး တခြားအမှုတွေနဲ့ ထောင်ကျလာတဲ့ အကျဉ်းသူတွေကို သူငယ်ချင်းပေါင်း ပေါင်းသင်းတယ်၊ လုံးထွေးနေတတ်တယ်။ ကိုယ်တို့ကိုတော့ ခပ်တန်းတန်း ပဲနေတယ်။

ထောင်ဝန်ထမ်းအမျိုးသမီးတွေထဲမှာ မကြာခဏ အပြစ်ပေးခံရတယ်။ အပြစ်ပေးတာက အိမ်မပြန်ရဘဲ ထောင်ထဲမှာပဲ သုံးလေးရက်နေခိုင်းတာမျိုး။ သူက မမှု၊ မဖြုံ။ သူတို့ထောင်ကို ဝင်ရင် အပြင်မှာ သူတို့ကို ရောင်း စရာပစ္စည်းပါလား၊ ဘာလား စစ်ဆေးပြီးမှ ဝင်ရတယ်။ လက်က ဘာအထုပ်မှ ကိုင်လို့မရဘူး။ ပါလာရင် အရှာခံပြီး မှဝင်။ ဒီတော့ ဘာအထုပ်ထဲမှာမှ ရောင်းစရာကို မသယ်ဘူး။ ဘယ်လိုသယ်သလဲ ဆိုရင် ဥပမာ ကောက် ညှင်းပေါင်းတို့၊ ပဲပြုတ်တို့ဆိုရင် ဘော်လီတွေ၊ ဘရာစီယာတွေထဲ ထည့်လာတယ်။ တစ်ကိုယ်လုံး ထည့်လို့ရသလောက် ထည့်လာတယ်။ စဉ်းစားတာ ကြည့်ပေတော့။

ဒါပေမဲ့ အကျဉ်းသူတွေက ဝယ်စားတာပဲ။ အဲဒီကာလက ထောင်မှာ ပိုက်ဆံကိုင်မသုံးရဘူး။ ငွေသွင်းလို့မရဘူး။ နိုင်ငံရေးအကျဉ်းသား ၅ ညတွေလည်း အတူတူပဲ။ တခြားအကျဉ်းသူတွေ ငွေသွင်းချင်ရင် ဝန်ထမ်းနဲ့ပေါင်းပြီး အိမ်ကိုမှာ၊ တစ်ရာသွင်းရင် ၈၀ ပေးရတယ်။ နိုင်/ကျဉ်း ၅ ညတွေကို သွင်းမပေးဘူး။ ပြဿနာတက်ရင် ထောင်ပြန်ကျမယ်။ ဒီတော့ နိုင်ငံရေး အကျဉ်းသူတွေကို ဘယ်သူမှ လုပ်မပေးရဲဘူး။

တစ်နေ့မှာ အကျဉ်းသူက ပေါက်စီစားချင်လို့ သူ့ကို မှာတယ်။ သူကလည်း ဝယ်လာတယ်။ ပေါက်စီထည့်စရာ နေရာက မကျန်တော့ဘူး။ တစ်ကိုယ်လုံးလည်း အပြည့်ထည့်လာပြီးသား။ သူတို့က ကက်ပ်လို့ခေါ်တဲ့ ဦးထုပ်သေး သေးလေး ဆောင်းရတဲ့အခါ ရှိတယ်၊ အကြီးဆောင်းရတဲ့အခါ ရှိတယ်။ အဲဒီနေ့က အသေးဆောင်းရတယ်။ သူက ပေါက်စီကို ခေါင်းပေါ်တင်ပြီး ဆံညှပ်နဲ့ထိုး၊ ကက်ပ်ကို ဆောင်းလာတယ်။ ကက်ပ်ကိုလည်း ဆံညှပ်နဲ့ထိုး ဆောင်းရတယ်။ ထောင်အဝင်ဘူးဝမှာ အစစ်ခံပြီးမှ သူ့ဘော်ဒါ အမျိုးသားဝန်ထမ်းက နောက်ပြောင်ပြီး ဦးထုပ်ကို ဆွဲချွတ်တယ်။ အရာရှိတွေရှေ့မှာ။ အဲဒီမှာ ခေါင်းက ဆံညှပ်နဲ့ ထိုးလာတဲ့ ပေါက်စီကို အားလုံးတွေ့ သွားကြတာပေါ့။

သူကလည်း အစုံဆဲတော့တာပဲ။ ဒါနဲ့ မင်နီတားခံရရော။ တကယ်က ထောင်ဝန်ထမ်းဆိုတာ ငရဲသားတွေကို ထိန်းရတဲ့ ငရဲထိန်းတွေလိုပါပဲ။ ငရဲမီးက သူတို့ကို မပူဘူးတဲ့။ ကျမ်းဂန်ထဲမှာလည်း အဲဒီလို ဖတ်ဖူးတယ်။ ထောင်သားက ငါးပိကြော်ကို မုန်းပေမဲ့ သူတို့က ထောင်သားမျိုးစုံရဲ့ငါးပိကြော်မျိုးစုံကို မငြီးတမ်း စားနိုင်တယ်။ ထောင်ထမင်းကို စားနိုင်တယ်။ အံ့ဩစရာပါပဲ။ နိုင်ငံရေးကိစ္စ ကြီး၊ ငယ်ပေါ်လာရင် အိမ်မပြန်ရဘဲ သူတို့ပါ ထည့် ပိတ်တာ။ ထောင်သား ထမင်းဝချင်ဝ၊ မဝချင်နေ သူတို့မွေးထားတဲ့ ဝက်တွေကို ကျွေးဖို့ ထောင်ထမင်းကိုတောင် အိမ်ပြန်သယ်ကြတယ်။ ထောင်သားတွေ စိုက်တဲ့ဟင်းသီးဟင်းရွက်တွေကို ထောင်သားတွေအတွက် တစ်ဖဲ့တရွဲ့ တောင် မကျွေးချင်ဘဲ အပြင်မှာ ရောင်းစားနိုင်တယ်။ သူတစ်ယောက်တည်းကို ပြောတာ မဟုတ်ဘူး။ အကုန်တူတူပါပဲ။

အဲဒီအမျိုးသမီးဟာ ကိုယ်ဝန်ရှိလာပြီး ကလေးမွေးတယ်။ ယောကျာ်းလေး။ အဲဒီကလေးလေးကို ထောင်ထဲ ခေါ်လာတယ်။ အမှန်က ခေါ်ခွင့်မရှိဘူး။ မသိချင်ယောင်ဆောင်ပေးကြတယ်။ အကျဉ်းသူတွေက ထိန်းပေးကြရတယ်။ သံတိုင်ကြားက ထိုးပေးပြီးရင် အသေအိပ်တာပဲ။ အကျဉ်းသူတွေက နို့မှုန့်ဖျော်တိုက်။ ထိန်းပေး။ ဒီလိုနဲ့ စကားတတ်တဲ့အရွယ် ရောက်လာတယ်။ ကလေးကလည်း မုဆိုးနားနီး မုဆိုးဆိုသလိုပဲ တခြားစကားမတတ်ခင် မပီကလာ ပီကလာနဲ့ ဆဲတတ်တယ်။ တစ်နေ့ ညဂျူတီကို ခေါ်လာနေကျအတိုင်း ခေါ်လာတယ်။ ထောင်ပိုင်က ကင်းစစ်တော့ ကလေးကို တွေ့ရော။ ထောင်ပိုင်ကလည်း သူ့ကို ဆူတာပေါ့။ အဲဒီမှာ ကလေးက နိုးလာရော။ ကလေးက သူ့အမေကို ဆူပြောတာ သူ့ကို ခေါ်လာလို့ဆိုတာ သဘောပေါက်လာတယ်။ သူ့အမေကို ဆူရကောင်းလားဆိုပြီး ထောင်ပိုင်ကြီးကို “နင်လည်း နင့်အမေနဲ့ အိပ်တာပဲ။ နာလည်း နာ့အမေနဲ့ အိပ်ချင်တာပေါ့။ အေယိုးကြီး၊ တိုမေတိုယိုးကြီး၊ နင့်အမေ ဘောက်ဖက်…” အစုံတတ်သမျှ ဆွေမျိုးစုံအောင် ဆဲပြီး ငိုတော့တာပဲ။ ဝန်ထမ်းနဲ့အကျဉ်းသူတွေလည်း ကျိတ်ရယ်ကြတာပေါ့။ ထောင်ပိုင်ကြီးလည်း ဘာမှမတတ်နိုင်ဘဲ လစ်သွားရော။ နောက်တော့ အဲဒီအမှုနဲ့ အဲဒီအမျိုးသမီးလည်း နယ်ဘက်က ထောင်ကို အပြောင်းခံလိုက်ရတယ်။

နောက်တစ်ယောက် အသက် ၄၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ သူ့အမျိုးသားက ဆုံးသွားတယ်။ သားလေး တစ်ယောက်ရှိတယ်။ သူကတော့ ပျော်ပျော်နေတတ်ပုံရတယ်။ ဆဲတတ်ပေမဲ့ သူများတွေလို သိပ်ပြီး နှိပ်နှိပ် စက်စက် လုပ်တာမတွေ့မိဘူး။ အသားညိုညို၊ မည်းတဲ့ဘက်ကို ရောက်လုလု၊ အရပ်မြင့်မြင့်၊ သနပ်ခါးကို ခြေဆုံး ခေါင်းဆုံး လိမ်းလေ့ရှိတယ်။ သူ့ယောကျာ်းက ကိုယ်တို့ရောက်ပြီးမှ ဆုံးတာလို့ ထင်တယ်။

ကိုယ်တို့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ သိပ်ပြဿနာမဖြစ်ဘူး။ ရယ်စရာတွေလည်း လာလာပြောတတ်တယ်။ လစ်ရင်လစ်သလို တိုက်ပိတ်ထားတဲ့အခန်းတံခါးတွေကို ဖွင့်ထားပေးတတ်တယ်။ သူက ညစ်ညစ်ကတ်ကတ် မလုပ်တတ်ဘူး။ တံခါးဖွင့်ပေးထားတော့ သူက ပြန်ကင်းစောင့်နေရတယ်။ အခြေအနေမကောင်းရင် သမ္မတတွေ အထဲအမြန်ဝင်ဟေ့ဆိုပြီး အခန်းတံခါးတွေကို သော့ပြန်ပိတ်ရတယ်။ ပြီးရင် ထောင်မှူးမရှေ့မှာ ခပ်တည်တည် ပြန်နေတတ်တယ်။ သူကလည်း တစ်ရစ်နဲ့ထင်တယ်။ သိပ်မမှတ်မိဘူး။ ရယ်စရာကောင်းတာ ကိုယ်တို့ ၅ ညတွေ ကို သမ္မတလို့ ခေါ်တာပဲ။

သူက မုဆိုးမဖြစ်နေတော့ သူ့ကို သူတို့ဝန်ထမ်း အမျိုးသားတချို့က ရိသဲ့သဲ့လုပ်တာ ရှိတယ်။ အဲဒီခါ မိုးမွှန်အောင် ဆဲတော့တာပဲ။ အဲဒီလို ကိစ္စဖြစ်လာရင် ကိုယ်တို့တိုက်ထဲမှာ ပြန်ပြောရရင်း မကျေမချမ်း ပြန်ဆဲလေ့ရှိတယ်။ “ဟေ့ သမ္မတ၊ ငါက ယောကျာ်းတွေကို စိတ်မဝင်စားဘူး။ သိလား” လို့ ပြောလေ့ရှိတယ်။ တစ်ခါတလေကျရင် သူ့သားကို ပြောစကားနားထောင်၊ နားမထောင်ရင် စတက်ဖားသားစာမိမယ်လို့ ပြောတဲ့အကြောင်း ပြန်ပြောပြတယ်။ တကယ်တော့ သူ့ပညာရေးက အတော်နိမ့်ပုံရှာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တို့ ထောင်ဝင်စာမှာ ကိုယ်တို့မိဘတွေနဲ့တွေ့ရင် ဝန်ထမ်းတွေက လိုက်မှတ်ရတယ်။ ဥပမာ နေကောင်းလားလို့ မေးရင်၊ နေကောင်းလားလို့ စာရွက်မှာ လိုက်ရေးမှတ်ရတယ်။ “ဘိုလို မပြောနဲ့နော်။ ငါ ကွိုင်တက်မယ်”လို့လည်း ပြောတယ်။ တကယ်က ကိုယ်တို့လည်း ဘိုလို မပြောနိုင်ပါဘူး။ သူကလည်း ဗမာလိုတောင် မရေးနိုင်ဘူး။ သူ့စာရွက်ကို ကြည့်လိုက်ရင် နေကောင်းလား ဆိုတဲ့စာကိုတောင် ဖြောင့်ဖြောင့်မရေးနိုင်ပါဘူး။ လက်ရေးက စာတစ်လုံးတစ်လုံးကို လောက်စာလုံးလောက် ရေးထားတာ သတ်ပုံအမှားတွေနေနဲ့ပေါ့။

သူ့ဂျူတီချိန် တိုက်ကို ရောက်လာရင် သိပ်သိသာတယ်။ ဘယ်ကီးမှ မဝင်တဲ့ အသံကြောင်ကြီးနဲ့ အဆိုတော် မာမာအေး သီချင်းကို ဟစ်ပြီးဝင်လာတော့တာပဲ။ တစ်ယောက်ချင်း လိုက်စစ်ပြီးရင် “ဟေ့ သမ္မတ၊ ဒီနေ့ည ထောင်မှူးမ ဂျူတီမရှိဘူး။ ညကျရင် သီချင်း ဆိုပြမယ်” လို့ ကြွေးကြော်တော့တာပဲ။ ကိုယ်တို့ အကြောက်ဆုံး ကလည်း သူ သီချင်းဆိုမှာကို အကြောက်ဆုံးပါပဲ။

“ဪ ဟော်… ဟော် ဟော် ဟော် ကော်တစ်ယောက်တည်း ဟဲ့ ဟဲ့ (ဪသာ် … ကိုယ်တစ်ယောက်တည်း)”

ဆိုတဲ့သီချင်းကို အရင်ဆုံး စဆိုလေ့ ရှိတယ်။ ဘာပြောပြော သူ တိုက်ကို ဂျူတီကျရင် အသက်ရှူအတော်ချောင်လို့ တော်ပါသေးတယ်။ ၁၉၈၈ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ကြရင်း ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ အမျိုးကောင်း သားသမီးတွေဟာ ဖမ်းဆီးခံ၊ ညှဉ်းပန်းနှိပ်စက်ခံရင်း ထောင်သွင်းအကျဉ်းကျခဲ့ကြရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ကျွန်မတို့ တိုင်းပြည်မှာ တကယ် ဖြစ်ခဲ့ကြရတာပါ။ ဖြစ်ခဲ့သမျှ အားလုံးမှတ်တမ်းအဖြစ် တင်နိုင်ခဲ့တာ ရှိသလို၊ မတင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေလည်း အများကြီးပါပဲ။ နိုင်ငံရေးအကျဉ်းသား မြောက်မြားစွာထဲက တချို့ဟာ ထောင်တွင်းအပြစ်ဒဏ်တွေကို မှတ်တမ်းအဖြစ် ပြန်လည်ရေးသား နိုင်ခဲ့ကြပါတယ်။

ကျွန်မတို့ နိုင်ငံရေး အကျဉ်းသူဟောင်းများထဲကလည်း ထောင်တွင်းအတွေ့အကြုံတွေကို ရေးသားထုတ် ဖော်နိုင်ခဲ့တာတွေ ရှိပါတယ်။ ကျွန်မ အခုရေးသားခဲ့တဲ့ “တစ်ချိန်တုန်းက အင်းစိန်ထောင် (မ-ကျ/တိုက်)” စာစု ဟာ ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပေါင်းများစွာထဲကမှ တချို့ကို ရေးသားထားတာဖြစ်ပါတယ်။

များသောအားဖြင့် ကိုယ့်နိုင်ငံရေး အကျဉ်းသူ နိုင်ငံရေးအကျဉ်းသားများဟာ အတွေ့အကြုံတချို့ကို စာအဖြစ် ပြန်ရေးပြရာမှာ ကိုယ့်အချင်းချင်း ကြုံတွေ့ရတာတွေကို ရေးကြပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံရေးအကျဉ်းသူအဖြစ် ထောင်ကျနေစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ တခြားသော ရာဇဝတ်မှုများကြောင့် ထောင်ကျသူတချို့နဲ့ ဝန်ထမ်းတချို့ အကြောင်းကိုလည်း စာဖတ်သူများကို တင်ပြချင်တာကြောင့် ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ချိုနွယ်ဦး

Leave comment

Your email address will not be published. Required fields are marked with *.