သိုးနီ(ကဗျာ)၊ ကဗျာဆရာမ Jasmine

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ Jasmine ၏ သိုးနီ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

သိုးနီ

ကျွန်မကတော့ အဲဒီနေရာမှာ
သွေးကွက်တွေပဲ မြင်တယ်။
နီဆွေးဆွေးသွေးတွေ အိုင်ထနေတာပဲ။ အားရစရာပေါပေါများများရှိနေတာက သွေးတွေပဲ။
မနေ့ကတော့ သွေးပုပ်တွေ ရှိနေခဲ့သလိုလည်း ခံစားသိမိလိုက်တယ်။
ဦးနှောက်ပျောက်နေတာနဲ့
ပုပ်အဲ့အဲ့သွေးတွေ ဘယ်နားရောက်သွားလဲ သေချာမသိတော့ဘူး။
သွေးရဲရဲတွေနဲ့ ကစားနေတဲ့ကလေးငယ်တွေထဲ ငယ်ငယ်တုန်းက ပျော်ရွှင်နေခဲ့တာ
သေသေချာချာ သိတယ်။
အခုပြောနေရင်း နံရံတွေပေါ်က သွေးစိမ်းရှင်ရှင်တွေ ကျွန်မ ဦးနှောက်ပေါ် လာစဉ်တယ်။
လက်တွေရဲ့လှုပ်ရှားပုံက
မနေ့ကလုပ်ပြီးသားတွေကို ပြန်လုပ်နေရသလိုပဲ။
နံရံဘက်ကသွေးတွေဆီ လှမ်းရွေ့နေတာဖြစ်မယ်။
လက်တွေကို ငြိမ်နေစေချင်တာက ကျွန်မအတွေးသက်သက်ပဲ။
သွေးအိုင်ထဲလမ်းလျှောက်နေတဲ့
ကျွန်မခြေထောက်တွေကို ဆက်မသွားတော့ဖို့ ကျွန်မ ပြောချင်နေတယ်လို့ ထင်မိတယ်။
ကျွန်မပါးစပ်က နံရံတွေကြား ညပ်ပြီး အလုပ်မလုပ်တော့ဘူး။
နှလုံးသားဆိုတာ သွေးတွေစုနေတဲ့
သွေးလုံး သွေးခဲကြီးလိုပဲ။
ပိန်လိုက် ဖောင်းလိုက်နဲ့ မတည်ငြိမ်လှဘူး။
သွေးအိုင်ထဲမှာ ခြောက်သွေ့နေတဲ့
သွေးခဲတွေလည်း အများကြီးရှိတယ်လို့ ဦးနှောက်က သိချင်ယောင်ဆောင်နေသေးတယ်။
ကျွန်မ မြင်နေရသေးလား။
ဒါမှမဟုတ် မနေ့ကမြင်ထားသမျှကို
အခုမြင်နေရတာလို့ စိတ်ကူးယဉ်နေမိတာလား။
ဦးနှောက်ထဲက သွေးတွေကတော့ ယောင်ဝါးဝါးပါပဲ။
မြင်နိုင်ဖို့ရာ မျက်လုံးတော့ရှိရဦးမယ်။ကျွန်မမျက်လုံးတွေကို ကျွန်မ မမြင်ရသေးဘူး။
ကျွန်မမျက်လုံးတွေက ဘယ်မှာလဲ။

Jasmine

Leave comment

Your email address will not be published. Required fields are marked with *.