PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၄/၂၀၂၀)

PEN Myanmar ၏ ထုတ်ပြန်ကြေညာချက်(၄/၂၀၂၀)

၁၂ ရက်၊ ဇွန်လ၊ ၂၀၂၀ ပြည့်နှစ်၊

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

“ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အပေါ် စွဲဆိုထားသည့် တရားစွဲဆိုမှုများအား အမြန်ဆုံးရုပ်သိမ်းပေးရေးနှင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ခွင့် ရရှိနိုင်ရေးအတွက် တိုက်တွန်းခြင်း”

၁။ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့အား တပ်မတော်အရာရှိတစ်ဦးက တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (က)ဖြင့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်နှင့် ဒေးဒရဲမြို့နယ် တရားရုံးများတွင် တရားစွဲဆိုထားရာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ထောင်ဒဏ် ၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ကြားသိရပါသည်။

၂။ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၏ ရေးသားဖွဲ့ဆိုတင်ဆက်မှုများကို အကြောင်းပြု၍ အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေအပါအဝင် သံချပ်အဖွဲ့သား ၇ ဦးအား ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက စတင်ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်း မြို့နယ် ၄ ခုတွင်လည်းကောင်း၊ ဧရာဝတီတိုင်းမြို့နယ် ၄ ခုတွင်လည်းကောင်း ပုဒ်မ ၅၀၅ (က)တစ်ခုတည်းဖြင့် တရားစွဲဆိုခဲ့ရာ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း သက်ဆိုင်ရာ အခြားတရားရုံးများကလည်း ထောင်ကျ အပြစ်ဒဏ် အမိန့်များ အသီးသီးချမှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၃။သံချပ် ဆိုသည်မှာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံသော မြန်မာ့ရိုးရာအနုပညာတစ်ရပ် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကြောင်းတစ်လျှောက် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့သော်လည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလများမှာ မြန်မာလူမျိုးများအနေဖြင့် သံချပ်ထိုး၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခက်အခဲများကို ဖွင့်ဟဖော်ကျူးတင်ဆက်ခဲ့ကြပြီး လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့်ကို ရိုးရာအစဉ်အလာမှာပါ အခုလို ပိုင်ဆိုင်ထားရှိသည်မှာ အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။

၄။ဤသို့ရိုးရာအစဉ်အလာနှင့်အညီ နှစ်သစ်ကူးအခါသမယမှာ သံချပ်တင်ဆက်ခဲ့ကြသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အား သံချပ်ပါအကြောင်းအရာများနှင့် တင်ဆက်ဖျော်ဖြေမှုများသည် နိုင်ငံတော်အကြည်အညိုပျက်စေသည်ဆိုသော စွဲချက်ဖြင့် ယခုလို တပ်မတော်အဖွဲ့အစည်းတစ်ခုတည်း၏ တပ်ဖွဲ့ဝင်အရာရှိများက သီးခြားစီ တရားရုံးများစွာမှာ တရားစွဲဆိုခြင်းသည် လည်းကောင်း၊ ဤစွဲချက်ကို အကြောင်းပြု၍ ၂၀၁၉ အောက်တိုဘာလကတည်းက ထောင်ကျ ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ကာ အကျဉ်းသားများအဖြစ်ဖြင့် တူညီသောစွဲချက်များကို အခုလို ဆက်လက်ရင်ဆိုင်နေရပြီး နောက်ထပ်ပြစ်ဒဏ်များ ချမှတ်ခံနေရခြင်းသည်လည်းကောင်း လူ့အခွင့်အရေးရှုထောင့်မှဖြစ်စေ၊ အငြင်းပွားမှုတစ်ခုအပေါ် တရားမျှတစွာ စီရင်စေမှု သဘောတရားရှုထောင့်မှဖြစ်စေ မေးခွန်းထုတ်စရာဖြစ်စေသကဲ့သို့၊ လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်အား တည်ထောင်နေသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွက်လည်း စိုးရိမ်ချောက်ချားစရာဖြစ်စေသည်ဟု မိမိတို့ ပဲန်မြန်မာအနေဖြင့် ရှုမြင်သုံးသပ်ပါသည်။

၅။သို့ဖြစ်ပါ၍ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အပေါ် စွဲဆိုထားသော မပြီးပြတ်သေးသည့် တရားစွဲဆိုမှုများအား အမြန်ဆုံး ရုပ်သိမ်းပေးရန် တပ်မတော်အား မိမိတို့ ပဲန်မြန်မာအနေဖြင့် တိုက်တွန်းလိုက်ပြီး ထောင်ကျ အပြစ်ဒဏ်ကျခံနေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သားများအား ပြစ်ဒဏ်များမှ ချုပ်ရက်များ ထုတ်နုတ်ခံစားစေပြီး အမြန်ဆုံးလွတ်မြောက်ခွင့် ရရှိနိုင်ရေးအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းလိုက်ပါသည်။

ပဲန်မြန်မာစင်တာ

Leave comment

Your email address will not be published. Required fields are marked with *.