လယ်တောသင်္ချိုင်း(ကဗျာ)၊ ကဗျာဆရာ မိုးသစ်ဆက်ထွန်း

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ မိုးသစ်ဆက်ထွန်း၏ လယ်တောသင်္ချိုင်း ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

လယ်တောသင်္ချိုင်း

မိုးမသောက်ခင် လှည်းနဲ့ နွားပြင်
ခရီးနှင်လာခဲ့တာ မွေးကတည်းက
သေသာသွားတယ် လယ်ကွင်းထဲက မထခဲ့တဲ့အဘိုးက
သူ့သားကျုပ်အဘ သူ့မြေးကျုပ်အထိ
လယ်သမားဇာတိ မပျက်စေရတဲ့…။
အဖိုးရဲ့လယ်… ဧကနှစ်ဆယ်
အဖေ့ဆီရောက်တော့ ဒီလယ်
ကျုပ်အလှည့်ကျလည်း ဧကနှစ်ဆယ်
နွားရယ်၊ ကျွဲရယ်၊ လှည်းရယ်၊ ဒီနည်းပဲသုံးတယ်…။
ညိုတုတ်၊ ချိုကုပ်၊ ပြာမ
အားလုံး ခြံပေါက်အိမ်မွေး
ဗွေမှန်ထွားထွား နံကားကားကြီးတွေ
အောင်မယ်…
ပြာကြီးတစ်ကောင်ကတော့ ဗွေထီးဆောင်းဗျ
ကျုပ်တို့မှာဆို သသပြီးကိုနေရတယ်
တိရစ္ဆာန်ပေငြား မွေးစားသား
သားရင်းသမီးနှယ် မောင်ရင်းနှမ မခြားရပါဘူး
အမဲသားဆိုတဲ့စကား ကျုပ်တို့နားဝçမကြားချင်
ထမင်းအိုးဂျိုး(ချေး)ခြစ်သံ သူတို့နားဝçမကြားစေရ
ကျုပ်ရဲ့မနက်စာက ထမင်းကြမ်းဆီဆမ်း
သူတို့ရဲ့မနက်စာက
ကောက်ရိုးခြောက် နုပ်နုပ်စင်း ဖွဲနုရေဆမ်း
သူတို့ပခုံးပေါ် ထမ်းပိုးတင်
လှည်းဆင် လယ်ထဲဆင်း
ဘယ်နံနက်ခင်းတုန်းကမှ မငြင်းခဲ့ကြဘူး
“ဟဲ့… ရုန်းကွဲ့ သားကြီးရဲ့…”
အင်း… ဘာလိုလိုနဲ့ သားကြီး ရှစ်တန်း
ထက် အောက် သမီးနှစ်ယောက်က
ခြောက်တန်း၊ လေးတန်း
နို့ညှာကောင်က ဒီနှစ် ဝလုံးတန်း
အငယ်ဆုံးလေးက အထွေးခံနေတုန်း
ကျုပ်တို့မိသားစု ခုနစ်ယောက်
အဘိုးတို့ အဘတို့ လက်ငုတ်နဲ့ လုပ်ကိုင်စားသောက်
ဝါးလုံးအဆစ်ဖြုတ် ထုတ်ချင်းဖောက်ရသလို
အိုကွယ်… ခက်ပါဘိရယ်…။
သားတို့ သမီးတို့ အနေစုတ်ပေမဲ့
အဖေ မဟုတ်တာ မလုပ်ဘူး
မလိမ် မကောက် ဖြောင့်ဖြောင့်ပဲနေတယ်
ခလောက်ဆန် မဟုတ်တာမို့
အမြောက်သံလည်း မကြောက်ဘူး…
အောင်မယ်… လာ လာ ချေသေး
မကြောက်လည်းခံ ကြောက်လည်းခံ
သားစဉ်မြေးဆက် ခံလာခဲ့ရတာကြာ
ခွဲတမ်းချရောင်းတဲ့ ဓာတ်မြေဩဇာလည်း ခွဲတမ်းအတိုင်းမရ
ရေက ဆည်ကို သောက်မှန်းမသိ
ဆည်က ရေကို သောက်မှန်းမသိ
ဆည်ရေသောက်စပါးလို့တော့ ပြောကြတာပါပဲ
ရုပ်မြင်သံကြားကပြတဲ့ အထွက်တိုးစပါးမျိုးစေ့
လယ်ထွန်မင်္ဂလာအခမ်းအနားမှာ
ထီးတော်မိုးနဲ့ ဖဲကြိုးနဲ့ မိုးပျံပူဖောင်းအတွဲလိုက်နဲ့
ကောင်းကင်ယံများ ပျံတက်သွားလေသလား
အမတော်ကြေးဆိုလို့ အပြေးယူ
အင်း… အင်း… အဟုတ်မှတ်လို့
စပါးခေါင်၊ တလင်းပြောင် မျိုးတောင်မအောင်တဲ့နှစ်ကျ
ရှိတာရောင်း မရှိတော့တောင်း
လယ်သမားသူတောင်းစားဘဝ လုံးလုံးကျရပေါ့…
အောင်မယ်လေး… လာသေးတယ်
မိုးမမှန် လေမမှန် ရေမမှန်တာဟာ
ဂေဟစနစ်တွေ ဘယ်လိုပျက်လို့ဆိုလား
အဲ့ဒါ… ကျုပ်တို့တောသားတွေက
သစ်ပင်တွေ အရမ်းခုတ်ပြီး ထင်းမီး အရမ်းသုံးလို့တဲ့
ဟုတ်ကဲ့… ဟုတ်ကဲ့… လျှော့သုံးနေပါပြီ…
မတော်လို့…
ဂေဟစနစ်ပြင်ဖို့ တစ်အိမ်တစ်ယောက်ထွက်ဆိုမှ
ဟုတ်ပါ့… ကျုပ်မှာ ဂွလည်းမရှိ ပလာယာလည်းမရှိ
ဝက်အူလှည့်လည်းမရှိ
တုတ် ဓား ပေါက်ပြား ကိုယ်စီကိုင်ပြီး လုပ်အားပေးသွားခဲ့ရတာတွေတော့
မှတ်မိသေးတယ် ငယ်ချစ်ဦးရယ်…
တွေးကြည့်ရင် ငယ်ကအကြောင်းတွေက
ဦးတွံတေးကြီးလို ပြန်ပြောင်းသတိရကြည့်တော့
လေးဆယ်ကျော်လို့ ငါးနှစ်တောင်မှ မစွန်းသေးဘဲကွယ်…
ဪသာ်… ဪသာ်… ဒွေးတော် လယ်နားရောက်မှ
အတွေးချော်နေတာတွေ ပြန်တည့်ရတော့
ကျုပ်လယ်နားနီးပြီလေ
ကျုပ်အကွက်နဲ့ ဒွေးတော်ရဲ့အကွက်က ကပ်လျက်
ဧကနှစ်ဆယ်ချင်းလည်း အတူတူပဲ
အင်း… သူ မပိုင်တော့တာတော့ ကြာပေါ့
“တပ်ပိုင်မြေ” တဲ့
မကျူးကျော်ရဆိုတာတောင် ပါသေး
အေး… အေး… ထားတော့ ထားတော့
ကျုပ်အကွက်တွေတော့ ခုထိ ကျုပ်ပိုင်တုန်းပဲမို့
“ရုန်းစမ်းပါဟ… သားကြီးရ…”
“ဟေ့…”
“ကျွတ်… ကျွတ်… ကျွတ်… ကျွတ်…”
“ညိုတုတ်… ဟင်း… ကပ်ပြန်ပြီ ဒီကောင်…”
ကျုပ်က ရွှေလင်ဗန်းနဲ့အချင်းဆေး
မင်းဟောင်းမွေးတဲ့မြေးမှ မဟုတ်ဘဲ
ကျုပ်နွားတွေရုန်းတယ် ကျုပ်လည်းနွားလိုရုန်းတယ်
ကျုပ်ရဲ့ သားမြေးတွေလည်း ရုန်းစေရမယ်
ဒီလယ် ဒီတဲ ဒီရွှံ့ဗွက်ထဲတော့မဟုတ်
ခေါင်းလောင်းသံလွင် စာသင်စာချ
လူစဉ်လှစေတဲ့ စာသင်ကျောင်းမှာ ရုန်းရမယ်
အိမ်သူမနဲ့ တစ်လောကလေးက ပြောဖြစ်ကြသေး
“ကျုပ်သားတွေကို တက္ကသိုလ်ပို့မှာဗျို့” လို့
“မလုပ်စမ်းပါနဲ့ ကိုရင်ရယ်
တက္ကသိုလ်ကျောင်းသားတွေက
ထောင်ခဏခဏကျတဲ့အမျိုး
အချို့များဆို အသေဆိုးနဲ့တောင် သေကြတယ်
တော်… မကြားဖူးဘူးလားကွယ်” ဆိုပဲ
“ကြားဖူးပါ့… ကြားဖူးပါ့… ရှင်မရယ်
ခုထိလည်း သင်္ကြန်မှာ သံချပ်ထိုးလို့တဲ့
တက္ကသိုလ်ကျောင်းသားတွေ အဖမ်းခံရတယ်
အင်း… ခက်ပါတယ်…။”
ငယ်ထိပ်တည့်တည့် နေထိုးချေပြီ
အူအခွေခွေက ရစ်တိုးနေသည်
“ရှင်မ… ကလေးချလို့ မရဘူးထင်ပါ့…”
သည်ပုံအတိုင်းဆို အိမ်သူမ ထမင်းတောင်း
နေအတော်စောင်းမှ ရောက်မယ့်ပုံ
ဘာဟင်းတွေများ ပါလိမ့်နိုးလို့
သွားရည် သွားရည် မကျနေတော့
ဆီပြန် ဆီပြန် မတမ်းတတော့
မြန်မြန် မြန်မြန် လာပါတော့
ငါးပိဖုတ်၊ ငရုတ်တောင့်
ပုစွန်ခြောက်ပါးပါး ရည်ကျဲဟင်းတစ်ခွက်
ကျုပ်တို့နေ့လယ်စာတွေ ဝမ်းမစိုပါဘူး
ညစာကတော့ အတော်ချိုသဗျ
အိမ်အပြန်လမ်း ဆည်းဆာသန်းချိန်
ဝင်တစ်ဝက်နေခြမ်းကို မိုးကုပ်ကထမ်းလို့
တိမ်စိုင်ရောင်ဖြာ ဂွမ်းနုဝါကြီးတွေ
တလျှပ်လျှပ် ကြက်ခွပ်ထ ဘေးနှစ်ဖက်ရိုးထဲက… ရေ
ချိုးစေ…
တာပေါ်လှည်းရပ် နွားရော လူရော ရေဆင်းချိုး
မမှောင်ခင် ပြန်တက်တော့
ကျုပ်လက်ထဲ ဟင်းစားပါပြီပေါ့
ပုစွန်တုပ် ငါးရံ့ထွား
တစ်လှည့်စီမီးဖုတ် အလယ်တည်လုပ်လွေး
မိသားစုခုနစ်ယောက် ဗိုက်ပေါက်မှာတောင် စိုးမိပါသေး။
ဘဝပေးမဟုတ်ဘူး ဘဝယူ
ကိုယ်တိုင်ယူခဲ့တဲ့ ဘဝယူအစစ်
အဘိုး အဘ ကျုပ်
လယ်ပဲ လုပ်တတ်တယ်လေ…
အတန်းကျောင်းမနေဖူးပေမဲ့
ဝမ်းကျောင်းခြင်းအတတ်မှာတော့ ကျုပ်ကပါရဂူဘွဲ့ရ
ပြည်တော်သာနဲ့ ဆိုရှယ်လစ်
အဘိုးနဲ့အဘ ခဏခဏပြောတဲ့ခေတ်
တစ်ပါတီနဲ့ ငြိမ်ဝပ်ကိုတော့
ကျုပ်… ကောင်းကောင်းမီတယ်
လယ်သမားတို့အတွက် ခေတ်အဆက်ဆက်
ချိုခဲ့သလား၊ ခါးခဲ့သလား
ကျုပ်… လာမေး… လာမေး
တဲနေရာပါမကျန်တဲ့ ကျုပ်ညီအစ်ကိုတွေမျက်ရည်နဲ့
ထယ်သွားမြမြတွေကို ဆေးချခဲ့ရတာအကြိမ်ကြိမ်
ရွှေရည်စိမ်… ရွှေရည်စိမ်…
လွတ်လပ်ရေးမရခင် ကြားဖူးနားဝ ရွှေရည်စိမ်ကတစ်ကြိမ်
ရပြီးတော့ အကြိမ်ကြိမ်… ရွှေရည်စိမ်
ဒီမိုကရေစီလည်း ရွှေရည်စိမ်ဆဲပဲ
ရွှေရည်စိမ်အမွေ ကျုပ်ကလေးတွေနဲ့ ဝေးပါစေ
ကျုပ်တို့သွေးတွေမအေးခဲ့ပေမဲ့ အခွင့်အရေးကျမမျှခဲ့ဘူး
အားကိုးတွေကိုမမျှော်ခဲ့ပေမဲ့ ယုံကြည်ရာလည်းမရခဲ့ဘူး
ဦးနှောက်ကိုယ်စီရှိပါလျက်နဲ့ အသိÓဏ်ကျမဖွင့်ခဲ့ရဘူး
ကျုပ်တို့နားတွေကောင်းခဲ့ပေမဲ့ စွင့်ထားခွင့်က မရှိခဲ့ဘူး…
ဘာသာစကားလည်းတတ်ခဲ့ပါရဲ့ ဖွင့်ဟခွင့်တွေမရှိခဲ့ဘူး။
အဘ လူဖြစ်ဖို့ အဘိုးဒူးနာ
ကျုပ် လူဖြစ်ဖို့ အဘဒူးနာ
ကျုပ်လည်း အနည်းဆုံးတော့ ဒူး ငါးခါနာခဲ့ပါတယ်
ဒီတဲကြမ်းပြင် သဲပွတ်ပေါ်မှာ
တူသလား…
လူချင်းတူကြပါရဲ့လား
ဒီလယ်တောကို အဘိုးထားခဲ့တော့
လယ်စည်းရိုးဘေး လက်ပံပင်အောက် မြှုပ်နှံသင်္ဂြိုဟ်ပေးလိုက်တယ်
ဒီလယ်တောက အဘထွက်တော့လည်း
လက်ပံပင်အောက်ပဲ မြှုပ်ခဲ့တယ်
ဒီလယ်တောက ကျုပ်ထွက်တဲ့အခါ
အဲ့ဒီလက်ပံပင်အောက်ပဲ မြှုပ်ပေးကြမှာ သေချာတယ်
ဒီလယ်တော
ဒီသင်္ချိုင်း
ဒီအတိုင်း…
ကျုပ်တို့ဟာ လယ်တောသင်္ချိုင်းမှာ
ဒီအတိုင်း…
ပြောကြတာတော့…
“ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများ” တဲ့
တူသလား ခင်ဗျားတို့နဲ့ ကျုပ်တို့
တူသလား…။ ။

မိုးသစ်ဆက်ထွန်း

Leave comment

Your email address will not be published. Required fields are marked with *.