လူငယ်တွေ စာမဖတ်ဘူးတဲ့လား(ဆောင်းပါး)၊ စာရေးဆရာ အောင်စည်သာ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ အောင်စည်သာ၏ လူငယ်တွေ စာမဖတ်ဘူးတဲ့လား ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပိုင်နိုင်အောင်က ပြုလုပ်သည်။

လူငယ်တွေ စာမဖတ်ဘူးတဲ့လား

ယခုခေတ် လူတော်တော်များများက ပြောကြပါတယ်။ လူငယ်တွေ စာဖတ်အား နည်းလာကြပြီတဲ့။ တချို့က ပြောတယ်။ တိုးတက်ဖို့၊ ကြီးပွားဖို့ စာဖတ်ရမယ်တဲ့။ ခုခေတ်မှာ စာအုပ်ကို ဖတ်ရှုမှုနည်းလာကြတာဟာတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့အမှန်တရားပါပဲ။ စာအုပ်နဲ့စာရွက်ကို ဖတ်ရှုမှုသာ နည်းလာတာပါ၊ လူတွေ စာလုံးဝ မဖတ်ကြတော့တာတော့ မဟုတ်ပါဘူး။ အရင်ထက်တောင် စာတွေ ပိုဖတ်လာတယ်လို့ ဆိုနိုင်ပါတယ်။ စမတ်ဖုန်းတွေနဲ့ နည်းပညာအသစ်တွေပေါ်က စာတွေကို လူတွေ၊ အထူးသဖြင့် လူငယ်တွေ တကယ်ကို ဖတ်နေကြပါတယ်။ အရင်ခေတ်တွေက စာအုပ်တကိုင်ကိုင် လူအရေအတွက်ထက် ခုခေတ် စမတ်ဖုန်းတကိုင်ကိုင် လူအရေအတွက်က ပိုများလာတာဟာ လူမှုကွန်ရက်က စာတွေကို လူတွေ ပိုဖတ်လာကြတယ်လို့ ကျွန်တော်က ထင်မိပါတယ်။ ဖုန်းကိုင်တိုင်း စာဖတ်တယ်လို့ မဆိုနိုင်ဘူးလို့ ဆိုလာရင် ဖုန်းကိုင်တဲ့အချိန် စာမဖတ်ဘူးလို့လည်း မပြောနိုင်တဲ့အတွက် စာဖတ်ချိန်နဲ့ စာဖတ်အား လျော့သွားခြင်း၊ တိုးလာခြင်းဟာ တကယ်တော့ ယခုထိ တိတိပပ မပြောနိုင်တဲ့အရာလို့ ထင်ပါတယ်။

သို့သော်ငြားလည်း ထင်ရှားတဲ့အပြောင်းအလဲတစ်ခုတော့ ရှိပါတယ်။ လူတွေဟာ စာဖတ်တဲ့ပုံစံ ပြောင်းသွားရုံတင် မဟုတ်ပါဘူး၊ ဖတ်တဲ့စာပမာဏလည်း ပြောင်းလဲလာပါတယ်ဆိုတာပါပဲ။ ဒီနေရာမှာ လူတွေလို့ သုံးတာက လူကြီးလူငယ်မရွေး ဒီပုံစံဖြစ်လာတယ်လို့ ထင်လို့ပါ။ ယခုခေတ်မှာ အဖွဲ့အနွဲ့ထက်စာရင် လိုရင်းရောက်တဲ့ ထိမိရှင်းလင်းတဲ့ စာရေးနည်းပုံစံကို လူတွေ ပိုကြိုက်လာကြပါတယ်။ Best Seller စာရင်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။ တချို့ဝတ္ထုရှည်တွေလည်း တွေ့နိုင်ပေမဲ့ အချိုးချကြည့်ရင် လိုတိုရှင်းတွေက ပိုများတာ တွေ့နိုင်ပါလိမ့်မယ်။ ဒါဟာလည်း ခေတ်ကာလအခြေအနေအရ စာရှည်ရှည်ဖတ်ဖို့ အချိန်မပေးနိုင်တော့ခြင်း ရဲ့အကျိုးဆက်တစ်ခုလို့ မြင်နိုင်ပါတယ်။ ရသဘက်ကို ကြည့်မယ်ဆိုရင်လည်း ဝတ္ထုဆိုတာတွေထက် တိုတုတ်ထိရောက်တဲ့ ကဗျာ၊ အက်ဆေးဆန်ဆန် ဖန်တီးမှုတွေကို ပိုတွေ့ရ၊ ပိုဖတ်ကြတယ်လို့ ဆိုရမလိုပါပဲ။ သုတဘက်မှာ ဖွဲ့နွဲ့မှုမပါတဲ့ နည်းတဲ့စာမျိုးကို ဖတ်ချင်လာကြတဲ့ ဒီခေတ်မှာ ဖွဲ့နွဲ့မှုအဆင့်မြင့်တဲ့ကဗျာလို၊ အက်ဆေးလိုမျိုးတွေမှာပါ တစ်ဖန်ပြန်ပြီး စိတ်ဝင်စားမှု၊ တိုးတက်လာမှုဟာလည်း တကယ်ကို မြင်သာတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုပါ။

နောက်ပြဿနာတစ်ခုကတော့ လူငယ်တွေနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ဘာဖတ်ရမယ်မသိဘူး ဆိုတာပါ။ ကျွန်တော့်အမြင်ကတော့ ဘာဖတ်ရမယ်ဆိုတာ သိဖို့ ဘာမဆို ဖတ်သင့်တယ်လို့ ထင်ပါတယ်။ နှိုင်းယှဉ်ဖတ်မိတဲ့အခါ အရည်အသွေးဆိုတာ ပေါ်ပါတယ်။ အဆိပ်အတောက်နဲ့ အနှစ်သာရကို ခွဲခြားတတ်ဖို့က ဘာမဆိုဖတ်ခြင်းကနေပဲ ပေါက်ဖွားလာမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာလည်း အငြင်းပွားဖွယ်ကိစ္စလေးတစ်ခု ရှိပါတယ်။ လူကြီးတွေက အဆိပ်အတောက်လို့ သတ်မှတ်ထားတဲ့စာကို လူငယ်တွေ ဖတ်သင့်မဖတ်သင့်ပေါ့။ ကျွန်တော့်အမြင်ကတော့ ဖတ်သင့်ပါတယ်။ ဖတ်လို့ရပါတယ်။ ဒါပေမဲ့ အဆိပ်အတောက်မဟုတ်ဘူးလို့ လူတိုင်း လက်ခံနိုင်တဲ့စာတွေကို ဖတ်ထားဖူးရင်ဖြင့် ပိုလို့ အဆင်ပြေပါလိမ့်မယ်။ လူဟာ ကိုယ့်မှာ စံပြုစရာမရှိတဲ့အခါ ရေလိုက်လွှဲတတ်ပါတယ်။ စံပြုစရာ အများလက်ခံထားတဲ့အရာတစ်ခုနဲ့ အမှန်တရားကို အရင်ရှာဖွေကြည့်ပါ။ ပြီးမှ နောက်တစ်ဆင့်တက်ပြီး အရာရာကို မေးခွန်းထုတ်သင့်ပါတယ်။ ဆိုလိုချင်တဲ့သဘောက တစ်ခုခုကို ဝေဖန်မယ်ဆိုရင် ကိုယ် ဝေဖန်လိုတာကို အရင်နားလည်သဘောပေါက်အောင် လေ့လာရပါတယ်။ နားမလည်ပါပဲ အချက်တစ်ခုတည်းနဲ့ ကောက်ချက်ဆွဲခြင်းဟာ အဖြေမှန် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူငယ်တွေ ဘာစာဖတ်ရမယ်ဆိုတာသိဖို့ အစုံဖတ်သင့်ပါတယ်။ ဘာစာဖတ်ရမလဲ စဉ်းစားနေချိန်တွေဟာ ကိုယ့်စာ ဖတ်ချိန်တွေလို့သာ တွေးထင်ထားသင့်တယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။

ထပ်ပြီး တင်ပြချင်တဲ့သဘောတရားတစ်ခုက ကျွန်တော်တို့နိုင်ငံမှာ စာဖတ်အားတင် မေးခွန်းထုတ်ရမှာ မဟုတ်ပါဘူး။ ဖန်တီးအားပါ မေးခွန်းထုတ်ရမယ့်အထဲ ပါပါတယ်။ စာပေဖန်တီးမှုက အဆင့်တက်လာပြီး စာဖတ်အားက ကျသွားပါသလား။ အထက်က ပြောခဲ့သလို လူတွေက ဖန်တီးမှုထက် အနှစ်သာရဦးစားပေးလာတာ အချိန်တစ်ခုတည်းကြောင့်လား ဆိုတာတွေဟာ စဉ်းစားဖွယ်ရာကိစ္စတစ်ခုပါ။ စာပေဖန်တီးမှုဟာ ယခင်စနစ်တွေကြောင့် ချွတ်ယွင်းခဲ့ရတယ်ဆိုတာဟာ ငြင်းမရတဲ့အမှန်တရားတစ်ခုပါပဲ။ ဒီနေရာမှာ စဉ်းစားစရာတစ်ခုက လူငယ်တွေ စာဖတ်နည်းတယ်လို့ ဆိုလိုခြင်းဟာ၊ ဘာဖတ်ရမယ်မသိခြင်းဟာ စာဟောင်းတွေကို ပြန်မဖတ်ချင်၊ ပြန်မဖတ်နိုင်တော့ခြင်းကို ကောက်ချက်ဆွဲခြင်းလား။ ခေတ်နဲ့လျော်ညီတဲ့ စာသစ်တွေကို မဖန်တီးနိုင်တော့လို့ လူငယ်တွေ မှာ ဖတ်စရာမရှိတော့ခြင်းရော မဖြစ်နိုင်ဘူးလားဆိုတာဟာလည်း စဉ်းစားစရာ မေးခွန်းတစ်ခုပါ။ လက်သွေးစရာ ဖေ့စ်ဘွတ်ခ်လိုနေရာတွေ ပေါ်ပေါက်လာလို့ လူငယ်ကြိုက် ခံစားချက်ရသစာပေစုတွေ ပေါ်ပေါက်လာနေပြီဖြစ်ပေမဲ့ Young Adule Fiction လို အပိုင်းမျိုး၊ Comic လို အပိုင်းမျိုးမှာတော့ ထင်သလောက် ပေါ်ထွက်မလာသေးတာကို ယနေ့အထိ တွေ့နိုင်ပါသေးတယ်။

နောက်ထပ်လူငယ်တွေနဲ့ စာအုပ်တွေကြား အလှမ်းကွာစေမှုက နည်းပညာဆိုင်ရာ အားနည်းမှုတွေလို့ ထင်ပါတယ်။ ခုနောက်ပိုင်းမှာ စာပေထက် စာအုပ်တွေရဲ့အနာဂတ်ကို ပိုမိုဆွေးနွေးလာကြပါတယ်။ စာအုပ်ရဲ့အထိအတွေ့၊ အနံ့အသက်ကို ကြိုက်ကြသူတွေရှိသလို ပေါ့ပါးတဲ့၊ လွယ်ကူတဲ့ E-Book တွေကိုမှ ကြိုက်တတ်တဲ့လူငယ်တွေ များပြားစွာ ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ တစ်စုံတစ်ဦးကို တစ်ခုခုလုပ် စေချင်တယ်ဆိုရင် သူ လုပ်ရကိုင်ရလွယ်တဲ့အခြေအနေတစ်ခု ဖန်တီးထားပေးဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လူငယ်တွေအတွက် ကျွန်တော်တို့အနေနဲ့ Digital Version Book ဖန်တီးပေးဖို့ မလိုအပ်ပေဘူးလား။ အလွယ်တကူ ဝယ်နိုင်တဲ့ Facebook ကနေတစ်ဆင့် အိမ်တိုင်ရာရောက် ရောင်းချပေးနေတဲ့ လုပ်ငန်းတွေရဲ့တိုးတက်လာတဲ့ စာအုပ်ရောင်းအားဟာ လူနေမှုပြောင်းလဲမှုအပေါ် ထိရောက်စွာ အခွင့်အရေးယူ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့တဲ့ ဥပမာတစ်ခုပါ။ သို့ဆိုလျှင် ကျွန်တော်တို့လူငယ်တွေ စာပိုဖတ်ပါလို့ ပြောနေမယ့်အစား သူတို့ဖတ်ချင်တဲ့ နေရာအရောက် စာတွေကို ပို့ပေးနိုင်မယ်ဆိုရင်ရောဆိုတဲ့ အဖြေတစ်ခုကို တွေ့နိုင်ပါတယ်။

လူငယ်တချို့က မေးကြပါလိမ့်မယ်။ စာဖတ်မှ ကြီးပွားတိုးတက်မှာလား၊ စာဖတ်တိုင်း ကြီးပွား တိုးတက်လာမှာလား ဆိုတာပါ။ ဒီမေးခွန်းအတွက် ကျွန်တော် ခံယူထားတဲ့အဖြေကတော့ စာဖတ်တိုင်း မကြီးပွား၊ မတိုးတက်နိုင်ပါဘူး။ ဒါပေမဲ့ ကြီးပွားချင်၊ တိုးတက်ချင်တယ်ဆိုရင်တော့ စာဖတ်ရပါလိမ့်မယ်။ ဖတ်တဲ့အပြင် လိုက်ပါကျင့်ကြံရပါလိမ့်မယ်။ ဒီနေရာမှာ ပြောချင်တာက စာအုပ်ထဲက ပြောတိုင်း လိုက်လုပ်ဖို့ မဟုတ်ပါဘူး။ ကိုယ်နဲ့ကိုက်ညီတဲ့ အဓိပ္ပာယ်ဆိုလိုရင်းကို သေချာစွာ သဘောပေါက်ပြီး မိမိပတ်ဝန်းကျင်နဲ့ လျော်ညီအောင် ပြန်လည်အသုံးချနိုင်ဖို့ပါ။ အဲဒီလို စာထဲမှာ ပါတဲ့အတိုင်း ဘယ်ဟာတော့ လိုက်မလုပ်သင့်ဘူး။ ဘယ်ဟာတော့ လိုက်လုပ်သင့်တယ်ဆိုတာလည်း စာဖတ်ခြင်းက ပေးနိုင်တဲ့အရည်အချင်းတစ်ခုပါပဲ။ နောက်တစ်ခုက ယနေ့ခေတ်ရဲ့ရုပ်ဝတ္ထုတိုးတက်လာမှုကြောင့် စာဖတ်ခြင်းကို အကျိုးလိုလို့ ညောင်ရေလောင်းပုံစံ အသုံးချချင်ခြင်းပါ။ စာဖတ်ခြင်းဟာ ရေတိုအကျိုးထက် ရေရှည်အကျိုး၊ တိုက်ရိုက်အကျိုးထက် သွယ်ဝိုက်သောအကျိုးကျေးဇူးတွေကို ရရှိစေတာ များပါတယ်။ ဒါကြောင့် ရုပ်ဝတ္ထု အသားပေးတဲ့လောကမှာ သုတစာပေထက် ရသစာပေများက ပိုပြီး ရုန်းကန်ရမလားဆိုတာ မေးခွန်းထုတ်စရာပါ။ တစ်ချိန်တည်းမှာပဲ ရုပ်ဝတ္ထုတွေနဲ့ မွန်းကျပ်မှုတွေကြား ရသက ထွက်ပေါက်အနေနဲ့ ရှင်သန်လာနိုင်တဲ့အခွင့်အရေးကိုလည်း တွေ့ နေနိုင်ပါတယ်။

လူငယ်တွေ စာဖတ်ခြင်း၊ မဖတ်ခြင်းနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့အဖြစ်တစ်ခုက ရုပ်ဝတ္ထုနဲ့နည်းပညာတွေ တိုးတက် လာတာ စာအုပ်နဲ့စာဖတ်ခြင်းကို မထိခိုက်နိုင်တဲ့အပြင် ဈေးကွက်အသစ် ပေါ်ပေါက်လာပြီး စာအုပ်ရောင်းရနှုန်းကို လူမှုကွန်ရက်ကတစ်ဆင့် မြှင့်တင်နိုင်တယ်ဆိုတဲ့ဖြစ်ရပ်တွေပါ။ လူမှုကွန်ရက်တွေပေါ်မှာ ဩဇာရှိတဲ့လူတချို့ရဲ့စာအုပ်များဟာ လူမှုကွန်ရက်ပြင်ပမှာလည်း အုပ်ရေများစွာ ရောင်းချရခဲ့ပြီး ဝယ်ယူသူအများစုက လူငယ်တွေပါ။ သို့သော် တချို့စိုးရိမ်သလို ပေါ်ပင်ဝယ်တာလားဆိုတဲ့ ကိစ္စရပ်တွေကိုလည်း မဖြစ်နိုင်ဘူး မငြင်းနိုင်ပြန်ပါဘူး။

နိဂုံးချုပ်ရလျှင်ဖြင့် ကျွန်တော်တို့လူငယ်တွေ စာဖတ်နည်းလာတယ်ဆိုတာကို ကျွန်တော်တော့ မထောက်ခံပါ။ သို့သော် စာဖတ်နည်းလာနိုင်တဲ့အကြောင်းတွေ ရှိကြောင်းလည်း လက်ခံဆွေးနွေးပြခဲ့ပါတယ်။ ဖတ်တဲ့စာလုံးရေ နည်းလာခြင်း၊ နည်းပညာမြင့်မားလာခြင်းကြောင့် စာဖတ်တဲ့နေရာနဲ့ ပုံစံပြောင်းသွားခြင်းတွေဟာ စာဖတ်နည်းလာတယ်ဆိုတဲ့ ကောက်ချက်ဖြစ်လာစေဖို့ တွန်းအားပေးနေတဲ့အရာတွေလို့ ထင်ပါတယ်။ Facebook လို လူမှုကွန်ရက်တွေဟာ လူငယ်တွေကို စာစုံဖတ်ခွင့်သာမက ယခင်က ခက်ခဲခဲ့တဲ့ စာစုံဖန်တီးနိုင်မှုကိုလည်း ပေးနေတဲ့အတွက် စာပေရဲ့အနာဂတ်ဟာ စိုးရိမ်စရာ မရှိနိုင်ဘူးလို့လည်း ထင်နိုင်ပါတယ်။ တခြားတစ်ဖက်မှာလည်း အထိန်းအကွပ်မရှိတဲ့ပတ်ဝန်းကျင်ဟာ ဖန်တီးမှုထက် ဖျက်ဆီးမှုဘက် ရောက်လည်း ရောက်သွားနိုင်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ တကယ်လုပ်ရမှာက နည်းတယ်များတယ် ငြင်းမနေဘဲ စာဖတ်နည်းတယ်ထင်ရင် စာဖတ်များအောင်၊ ဖတ်ချင်လာအောင် ဖတ်ချင်တဲ့စာတွေ ဖန်တီးပေးဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဖတ်သင့်တဲ့စာတွေ ဖန်တီးပေးရုံမက လူငယ်တွေအတွက် လူငယ်တွေက ဖန်တီးပေးတာကို အားပေးရမယ်၊ ထိန်းညှိပေးရမယ်လို့ မြင်ပါတယ်။ စာမှား ဖတ်မိမှာ ကြောက်လို့ မဖတ်ဘဲ နေတဲ့လူငယ်တွေနဲ့ လူကြီးတွေအတွက်လည်း ဘယ်စာမှားလဲ၊ ဘယ်စာမှန်လဲဆိုတာဟာ စာဖတ်ခြင်းနဲ့ပဲ သိလာနိုင်တဲ့ အလေ့အကျင့်တစ်ခုပါလို့ဆိုရင်း လူငယ်တွေကို ဘာမဆိုဖတ်ဖို့၊ ဘယ်နေရာမှာမဆို ဖတ်ဖို့တင်မကဘဲ ဖတ်ပြီးတဲ့အခါ ပြန်လည်တွေးတော အသုံးချဖို့နဲ့ ထပ်ဆင့်ဖန်တီးကြဖို့ကိုပဲ ဒီဆောင်းပါးကနေ တိုက်တွန်းပါရစေ။                                အောင်စည်သာ

Leave comment

Your email address will not be published. Required fields are marked with *.