အမေ့ဘူးစင် (ဝတ္ထုတို)၊ စာရေးဆရာ လင်းသုသျှင်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ လင်းသုသျှင်၏ အမေ့ဘူးစင်ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ Win Iszudiaက ရေးဆွဲပါသည်။

အမေ့ဘူးစင်


ကျွန်တော်တို့ငယ်ငယ်က ဆော့ကြတဲ့အခါ နေပူထဲမှာ ဆော့ကြတယ်။ လူကြီးတွေက
နေပူထဲ ဆော့လို့ အဆူခံရတဲ့အခါမျိုးမှာတော့ သစ်ပင်ရိပ်မှာ ပြောင်းဆော့ကြတယ်။ အိမ်အောက်မှာလဲ ဆော့ကြတယ်။ ကျွန်တော်တို့ရွာက အိမ်တွေက ခြေတံရှည်အိမ်တွေလေ။ ဆော့နည်းပေါင်းစုံ၊ ကစားနည်းပေါင်းစုံ ဆော့ကြတာဆိုတော့ နေရာလည်း အစုံမှာ ဆော့ဖူးကြတာပါပဲ။
အများဆုံးဆော့ဖြစ်တဲ့နေရာကတော့ အမေ့ဘူးစင်အောက်မှာပါ။ အမေ့ဘူးစင်ဆိုပေမဲ့ ဘူးသီးတစ်မျိုးထဲစိုက်တာတော့မဟုတ်ဘူး။ ရာသီအလိုက် စင်ပေါ်တင်လို့ရမယ့် အသီးအရွက်စားလို့ရတာ မျိုးစုံ စိုက်တာ။ ဘူးသီး၊ ကျောက်ဖရုံသီး၊ ခဝဲသီး၊ ပုံလုံသီး၊ နွေပဲသီး၊ ဗိုလ်စားပဲသီး စသဖြင့် မျိုးစုံ တစ်ပြိုင်နက်ထဲ ၂ မျိုး ၃ မျိုးစိုက်တာပဲ။ တစ်ခါတစ်ခါ အပင်သိပ်ဖြစ်ရင် စင်က ပိန်းပိတ််နေပြီး အသီးတောင် သေချာမမြင်ရချင်ဘူး။ အမေက အချိန်ရာသီအလိုက် ပြုစုစိုက်ပျိုးတာဖြစ်လို့ အမေ့ဘူးစင်လို့ ပြောတာပါ။
ဒီဘူးစင်လေးကနေ ကျွန်တော်တို့အိမ်ရဲ့ မီးဖိုချောင်အတွက် အနည်းဆုံးနေ့စဉ်ဟင်းတစ်ခွက် အမြဲအဆင်သင့်ရှိနေခဲ့တယ်။ ရွာသူရွာသားတော်တော်များများလည်း ဒီဘူးစင်လေးကနေ ဟင်းခွက်ပေါင်းများစွာ စားသုံးဖူးခဲ့ကြပြီ။ ရွာသားတွေဆိုတာ ကိုယ့်အိမ်မှာ ဟင်းချက်စရာမရှိရင် တအိမ်အိမ်မှာ ရှိနေတဲ့ အသီးအရွက် သွားတောင်းပြီး ခူးချက်လိုက်ကြတာမျိုး။ နှမြောတွန့်တိုတာမရှိ။ ရောင်းချတာမရှိ။ ကိုယ့်မရှိသူ့ဆီကယူ၊ သူ့မရှိ ကိုယ့်ဆီလာယူ။
အမေက ပြောတယ်။ သူ့ဘူးစင်က ‘အိမ်နောက်ဖေးစျေးဆိုင်တည်’ တာတဲ့။ အဖေကတော့ ‘မောင်တစ်ထမ်းမယ်တစ်ရွက်’ ဆိုတာ ဒါကိုခေါ်တယ်တဲ့။ အမေ့ဘူးစင်က အဖေရှာထားတဲ့ ငွေကို အကုန်အကျသက်သာအောင် အတော်လေးထိန်းပေးနိုင်တယ်။ မိုးတွေများလို့ တောထဲသွားပြီး အသီးအရွက်မခူးနိုင်တဲ့ရက်တွေမှာ အမေ့ဘူးစင်က ဟင်းနဲ့ပဲ ကျွန်တော်တို့ ထမင်းမြိန်ခဲ့ရတာ။


ရွာမှာ အလှူပွဲတွေရှိရင် မဏ္ဍပ်ကြီး ထိုးကြရတယ်။ မဏ္ဍပ်ထိုးဖို့အတွက် ရွာသားတွေက တစ်အိမ် မဏ္ဍတိုင်တစ်လုံး၊ ဝါး ၁၅ လုံး၊ သက်ငယ် ၁၀ ပျစ် စသဖြင့် ခွဲတမ်းကျ ထည့်ရတယ်။ ဘယ်သူပဲ အလှူလုပ်လုပ် တစ်ရွာလုံးက ဝိုင်းကူရတာ ထုံးစံ။ အလှူပွဲပြီးသွားတော့ အပျက်အစီးအချို့ရှိတယ်။ ကျန်တဲ့ သက်ငယ်တွေနဲ့ ၀ါးတွေကိုတော့ ရွာဦးဘုန်းတော်ကြီးကျောင်း ဇရပ်မိုးဖို့ ဘုန်းကြီးကျောင်းကို ပို့ရတယ်။
တိုင်တွေကိုတော့ လိုချင်တဲ့သူကို ကျေးရွာရန်ပုံငွေအတွက် ရောင်းတယ်။ အဲ့သလို ရောင်းတဲ့အခါ အဖေက ထင်းအဖြစ်သုံးဖို့ ဝယ်လေ့ရှိတယ်။ အဲ့ဒီထဲကမှ အလုံးအထည်တောင့်တင်းပြီး ကောင်းတဲ့တိုင်တွေနဲ့ အမေက သူ့ဘူးစင်ဆောက်တယ်လေ။ နှစ်ခန်းပတ်လည်၊ သုံးပင်တိုင်စင်ပေါ့။ စုစုပေါင်း တိုင် ကိုးလုံးပါတယ်။
မဏ္ဍပ်ဆိုတာက ခံ့ခံ့ထည်ထည်ရှိအောင် အမြင့်ကြီးဆောက်ကြတော့ မဏ္ဍပ်တိုင်တွေကလဲ မြင့်တယ်။ ဒီတော့ အမေ့ဘူးစင်ကလဲ အမြင့်ကြီးတွေပဲ။ တိုင်ကို ဖြတ်လို့ရပေမဲ့ သိပ်နိမ့်လွန်းရင် ကျွဲနွားတွေ ဆွဲစားတတ်လို့ အမေက မဖြတ်ဘူး။ အသီးအရွက်ခူးရင် ခုံနဲ့ခူးရတာ။ အဲ့ဒီတော့ ဘူးစင်အောက်မှာ ကျွန်တော်တို့က လွတ်လွတ်ကျွတ်ကျွတ်ဆော့ကစားနိုင်တယ်။
ဘူးစင်အောက်မှာဆော့ရင် အမေမှာလေ့ရှိတဲ့စကားရှိတယ်။
‘ဟဲ့ ဘူးသီးတွေကို လက်ညှိုးနဲ့ မထိုးကြနဲ့နော် ပုပ်တတ်တယ်’ တဲ့။
ကျွန်တော်တို့ စိတ်မှာ စွဲခဲ့တာက ဘူးသီးကို လက်ညှိုးနဲ့ ထိုးရင် ပုပ်မယ်ဆိုတာပဲ။ ဟိုဘူးသီးကဆိုပြီး ပြချင်ရင် လက်သီးဆုပ်နဲ့ထိုးပြီး ပြရတယ်။ ဟုတ်လားမဟုတ်လား၊ ဆိုင်လားမဆိုင်လားဆိုတာ ပြောတဲ့ အမေလဲ သေချာမသိသလို ကျွန်တော်တို့ကလေးတွေလဲ သေချာမသိခဲ့ပါဘူး။ အမှန်ကတော့ လက်ညှိုးထိပ် လက်သည်းနဲ့ ထိုးဆိတ်မိရင် ပုပ်တတ်တာဖြစ်မယ်။
ဘူးစင်အောက်မှာ တိုင်တွေကို ဦးပြီး ခွေးရူးလုပ် ဆော့ခဲ့ဖူးကြတယ်။ ဘူးစင်တိုင်က အိမ်တိုင်လောက်မကြီးတော့ ဖက်ပြီးတိုင်ဦးလို့ အဆင်ပိုပြေတယ်။ နောက်ပြီး အိမ်အောက်မှာက ကျွဲနွားတွေချည်ထားတော့ သိပ်မလွတ်လပ်ဘူး။
အရွယ်လေးရလာတော့ ကွင်းပြင်မှာ ဘောလုံးကစားတာများလာပြီး အမေ့ဘူးစင်လေးကို ကျွန်တော်တို့ ခေတ္တကျောခိုင်းခဲ့ပြန်တယ်။ ကျောင်းမှာအချိန်ကုန်၊ ကျောင်းမှာပဲ ဆော့တာများလာပြီး အိမ်က ဘူးစင်အောက်အရောက်နည်းခဲ့ရတယ်။ ဒါပေမဲ့ ထမင်းစားပွဲမှာတော့ အမေ့ဘူးစင်က ဟင်းတစ်ခွက်နှစ်ခွက်အမြဲပါနေခဲ့တယ်။
နောက်တော့ ကျွန်တော်တို့ရွာလေးကို ကျောခိုင်းပြီး ကျွန်တော်တက္ကသိုလ်သွားတက်ရတယ်။ ကျွန်တော်တက္ကသိုလ်တက်နေစဉ်မှာ ကျွန်တော်တို့ရွာတွေ ဆည်စီမံကိန်းတစ်ခုကြောင့် အားလုံးပြောင်းရွှေ့ပေးရတယ်။ အိမ်မှာ လယ်ယာလုပ်ကိုင်နိုင်တဲ့သားသမီးတွေက ကျောင်းတက်၊ အဖေနဲ့အမေကလဲ အသက်ကြီး။ အစားပြန်ရတဲ့မြေတွေကလဲ တောကြီးတွေကို ခုတ်ထွင်ရှင်းလင်းရမှာနဲ့ လယ်လုပ်ဖို့အဆင်မပြေတော့တာကြောင့် မြေတွေကို ရတဲ့စျေးနဲ့ရောင်းချ၊ ကျွဲနွားတွေကိုတော့ အငှားချပြီး နယ်မြို့လေးရဲ့ အစွန်မှာ အဖေနဲ့အမေတို့ ပြောင်းရွွှေ့နေထိုင်ခဲ့ကြတယ်။ အဖေက ကုန်ရောင်းကုန်ဝယ်လုပ်နေချိန်၊ အမေကတော့ သူ့ဝါသနာအတိုင်း ခြံထဲမှာ အပင်မျိုးစုံစိုက်တယ်။ အမေ့ဘူးစင်လေးတစ်ခု ခြံထဲမှာ ရှိလာပြန်တယ်။
ကျွန်တော် အမေ့အိမ်ပြန်ဖြစ်တဲ့အချိန် အမေ့ဘူးစင်လေးကို သတိထားကြည့်မိတယ်။ တောမှာလို တိုင်ကောင်းကောင်းမရှိတော့ ရှိတဲ့တိုင်လေးတွေနဲ့ ဆောက်ထားတဲ့ အမေ့ဘူးစင်လေးဟာ ယိုင်နဲ့နဲ့။ အမေ့ကို သေချာကြည့်မိတော့ အမေ့ခါးလည်း အတန်အသင့် ကိုင်းနေပြီ။
အမေဟာ သူလုပ်နိုင်သလောက် လုပ်နေပေမဲ့ သူ့လုပ်အားက ခိုင်ခံ့တဲ့ ဘူးစင်တစ်ခုမလုပ်နို်င်တော့ဘူး။ အမေ့ခါးကိုင်းလာသလို အမေ့ဘူးစင်လေးလဲ ခပ်ကိုင်းကိုင်းဖြစ်လာတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း ပြန်လာရင် နှစ်ရက်သုံးရက်၊ တစ်ခါတလေ တစ်ပတ်။ မိတ်ဆွေတွေနဲ့တွေ့၊ အမျိုးတွေအိမ်လည်ရင်းပတ်ရင်း အမေ့ဘူးစင်လေးကို လှည့်ကြည့်မပေးခဲ့နိုင်ပါဘူး။ ဒီလိုနဲ့ပဲ အမေ့ဘူးစင်လေးဟာ အားအင်ချည့်နဲ့စွာ ရှင်သန်နေလာခဲ့တယ်။


ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ကျွန်တော့်မြို့လေးကို ပြန်အချေချဖို့ ဖန်လာတယ်။ အမေ့အိမ်ကို ကျွန်တော် ပြန်ရောက်ခဲ့တာပေါ့။ ခဏတစ်ဖြုတ်သာ ပြန်ရောက်ဖြစ်နေတဲ့နေရာလေးမှာ အတည်တကျပြန်နေရတော့ အရာအားလုံးဟာ အံဝင်ဖို့ အချိန်အနည်းငယ်ယူလိုက်ရတယ်။ အလုပ်တွေရှုပ်ရင်း၊ အသားကျအောင်နေတတ်ဖို့ ပြင်ဆင်ရင်း အမေ့ဘူးစင်လေးကို မေ့နေခဲ့တယ်။
တစ်ရက်။ ညကြီးသန်းခေါင်လောက် လေနဲ့မိုးနဲ့ကြမ်းကြမ်းလေး မွှေ့သွားခဲ့တဲ့နောက် အမေ့ဘူးစင်လေး မြေပြင်ပေါ် ပြားပြားဝပ်ခဲ့တယ်။ မနက်လင်းလို့ တံခါးဖွင့်ပြီး ပြားသွားတဲ့ဘူးစင်လေးကို ကြည့်နေတဲ့အမေ့မျက်ဝန်းတွေဟာ အားမတန်လို့ မာန်လျှော့ရတော့မယ့် ဝမ်းနည်းမှုအရိပ်တွေ ယှက်သန်းနေတယ်။
ရေကန်မှာ မျက်နှာသစ်၊ မီးဖိုထဲမှာ ထမင်းဟင်းဝင်ချက်နေတဲ့ အမေ့အနေအထားဟာ တက်ကြွမှု အားပျော့လို့နေခဲ့တယ်။
အဲ့ဒီနေ့က ကျွန်တော်အလုပ်နားလိုက်တယ်။ ခြံထဲမှာ လှည့်ကြည့်တော့ ထပ်ပြီး ပုံထားတဲ့ တိုင်ဟောင်းတွေရှိနေတယ်။ အပေါ်အကာတွေ ဆွေးနေပေမဲ့ အောက်က အနှစ်တွေက မာနေတယ်။ စိတ်ကြိုက်တိုင်တွေ ရွေးထုတ်လိုက်တယ်။ အိမ်ဟောင်းက ဖျက်ပုံထားတဲ့ပျဉ်ပုံအဟောင်း
ထဲက လေးနှစ်အဟောင်း အရှည်တွေ ဆွဲထုတ်လိုက်တယ်။
အမေ့ဘူးစင်ဟောင်းလေးကို ရှင်းတော့ အမေ မျက်နှာ မျှော်လင့်ချက်လေးတွေနဲ့ ငေးကြည့်နေတယ်။ ကျွန်တော့်ကို အမေဘာမှ မမေးဘူး။
နေရာရှင်းပြီး ကျင်းတွေ တူးတယ်။ တိုင်တွေထူတယ်။ တစ်ယောက်တည်း မနိုင်တော့ ဘေးအိမ်က တစ်ယောက်ကို အကူအညီခေါ်ရတယ်။ တိုင်တွေကို သဲနဲ့ဖို့ပြီး မတ်လိုက်တယ်။ လေးနှစ်ချောင်းတွေ သံနဲ့ရိုက်ပြီး စင်ကို ဆောက်တယ်။
‘ဆရာ အသားချောင်းတွေ အကောင်းကြီးတွေ နှမြောစရာဗျာ’ တဲ့။
‘ငါ့အမေအသက်ရှည်ဖို့ ဒီလောက်တော့ ရင်းရမယ်ကွ’ ဆိုတော့ သူနားမလည်ဘူး။ ကြောင်တောင်တောင်ကြည့်နေတယ်။ ကျွန်တော် ပြုံးရုံသာပြုံးနေလိုက်ပြီး စင်ကို သေချာရိုက်တယ်။ အရင်စင်ဟောင်းက ဝါးရုံကိုင်းအဟောင်းတွေ အပေါ်ကနေ ပြန်တင်လိုက်တယ်။ လက်ရှိစင်ပေါ်က ပြိုကျထားတဲ့အပင်ကတော့ ပြန်တင်ဖို့မလွယ်ဘူး။ အမေ့ကို သတိရလို့ ရှာကြည့်တော့ ထမင်းဟင်းချက်ပြီးလို့ ရေချိုးပြီး အိပ်ယာထဲ လှဲနေပုံရတယ်။
အိမ်ထဲဝင်ပြီး ‘အမေလာကြည့်ပါဦး’ ဆိုတော့
‘ဘယ်လိုတွေများ လုပ်ထားတာလဲ’ ဆိုပြီး အမေ ထလာတယ်။ အိမ်ထဲက ထွက်လာပြီး ဘူးစင်ကို အကြာကြီးကြည့်တယ်။ ကိုင်းနေတဲ့သူ့ခါးကို မတ်လို့ရသလောက် သူမတ်လိုက်တယ်။ ဘာမှမပြောဘဲ ကျေနပ်တဲ့အကြည့်တွေနဲ့ အကြာကြီး စိုက်ကြည့်နေတယ်။
စင်အောက်ကို သွားပြီး တိုင်တွေ ကိုင်ကြည့်။ လှုပ်ကြည့်။ ခါးကို အားပါးတရ မတ်ပြီး အပေါ်ကို မော့ကြည့်။ ဟိုအရင်က ကျွန်တော်တို့ ဆော့ခဲ့ကြတဲ့ ဘူးစင်လိုပဲ သုံးပင်တိုင်နှစ်ခန်းပတ်လည်၊ တိုင်ကိုးလုံးနဲ့ ဆောက်ထားတာ။ ဒီခြံမှာတော့ ကျွဲနွားတွေဆွဲစားမှာ မပူရတဲ့အတွက် အမေ့အရပ်နဲ့ လွတ်ရုံပဲ ဆောက်ပေးထားတာ။
‘ညနေတော့ အသစ်ပြန်စိုက်ရမယ်ဟဲ့’ တဲ့။ ကြည်နူးရိပ်တွေစွက်နေတဲ့အသံနဲ့ ပြောတယ်။ အမေ့အသံက တိုးတိုးလေးဆိုပေမယ့် စစ်ထွက်တော့မယ့် စစ်သူကြီးတစ်ဦးရဲ့မိန့်ခွန်းသံလို အားမာန်တွေ ပြည့်နေသလိုပဲ။
အဲ့ဒီနေ့က ကိုင်းနေတဲ့ အမေ့ခါးဟာ တော်တော်လေး မတ်နေခဲ့တယ်။


လင်းသုသျှင်

Leave comment

Your email address will not be published. Required fields are marked with *.