အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ်(ဝတ္ထုတို)၊ စာရေးဆရာမ နန်းကြာဖြူ(ဘားအံ)

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာမ နန်းကြာဖြူ(ဘားအံ) ၏ အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ် ဝတ္ထုတိုကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပန်းချီ အောင်ကျော်က ရေးဆွဲပါသည်။

အရောင်ဖျော့ကောင်းကင်အောက်က အလင်းဝှက်ကြယ်

အခန်း (၁)

“ကျွန်တော် သူတောင်းစား မဟုတ်ဘူးဗျ”

မထင်မှတ်ဘဲ ကြားလိုက်ရသော အသံကြောင့် သူမသည် မနှစ်မြို့ဖွယ်ကောင်းသော ထိုအိမ်ကြီးဘက်ကို လှည့်ကြည့်မိသွားလေသည်။

“ဟင်…”

သူမနှုတ်က အသံထွက်သွားမိသည်။ ဖေဖေက သူမလက်ကို ခပ်တင်းတင်းဆွဲကာ ထိုအိမ်ရှေ့ကို မြန်မြန်ကျော်ဖြတ်ခဲ့လေသည်။ သူမကတော့ ထိုကောင်လေးအကြည့်တွေ ခါတိုင်းလို ရန်စောင်မနေတာ ဘာကြောင့်လဲလို့ အဖြေထုတ်နေမိသည်။ သူ့မျက်ဝန်းတွေကကော ဘာလို့ စိုစွတ်နေပါလိမ့်။

“မော်ရေ၊ ဟိုအဘွားကြီးကတော့ ချနေပြန်ပြီ ထင်ပါတယ်”

ဖေဖေက အိမ်ထဲ ရောက်ရောက်ချင်းမှာပင် မေမေ့ကို ဆီးပြောလိုက်သည်။

“အို… ဟုတ်လား၊ ကလေးခမျာလည်း သနားပါတယ်။ သွေးသားရင်း လက်ထဲမို့ အဆင်ပြေပြေနေရမလား အောက်မေ့ပါတယ်၊ ငရဲရောက်နေသလိုပဲ”

မေမေက ခပ်ညည်းညည်းကလေး ပြောလိုက်သည်။

“အေးကွာ။ ငါလည်း မြင်ရကြားရတာ စိတ်မောလှပြီ။ သေသွားတဲ့ သူ့မိဘတွေသာ သိရင် ဘယ်လောက်တောင် စိတ်ထိခိုက်နေကြမလဲ မသိပါဘူးကွာ”

ဖေဖေက အလုပ်ပြန်သွားဖို့ ပြင်ရင်းက ဆက်ပြောလိုက်သည်။

“ကဲ သွားပြီ မော်ရေ၊ မင်းသမီးက မနေ့က အိမ်စာပေးလိုက်တာ မပြီးလို့ အရိုက်ခံရတယ် ပြောတယ်။ ဒီနေ့တော့ သေချာစစ်ပေးလိုက်ပါဦး”

“ဟယ်… ဟုတ်လား သမီး။ ပြစမ်း၊ ဘယ်နား အရိုက်ခံရတာလဲ။ အိမ်စာကို ဘာလို့ပြီးအောင် မလုပ်ရတာလဲ သမီးရယ်”

မေမေက သူမစကတ်ကို ဆွဲလှန်ကြည့်ရင်း ဆိုလိုက်သည်။

“ရပါတယ် မေမေရဲ့၊ သမီးက နှစ်ချက်ပဲ ထိလို့ သိပ်မနာပါဘူး။ ပြီးတော့ စာအုပ်ကို ကျောင်းက စားပွဲအံဆွဲထဲ ကျန်ခဲ့လို့ အိမ်စာမပြီးတာပါ။ တမင်မလုပ်တာ မဟုတ်ပါဘူး”

“အေးပါ။ နောက်ခါ ဒီလိုမဖြစ်စေနဲ့ ဟုတ်ပြီလား”

“ဒါနဲ့ မေမေ၊ ဟိုကောင်လေးဆို ဆယ်ချက်တောင် အရိုက်ခံရတယ်။ သနားပါတယ် မေမေရယ်”

“ဟဲ့ ဘယ်ကောင်လေးကို ပြောနေတာတုံး”

မေမေက အလန့်တကြား ထအော်သည်။

“ဟိုအဘွားကြီးအိမ်က ကောင်လေးလေ။ ဘာတဲ့၊ ဒေါ်အေးမြိုင်တို့ခေါ်တာတော့ မယ်ကုဝဏ်ဆိုလားပဲ။ အဲဒီအဘွားကြီးမြေးလေ”

သူမ ပြောလိုက်တော့ မေမေက တခစ်ခစ် ရယ်သည်။

“ဒေါ်စိန်တင်ပါ သမီးရယ်။ မယ်ကုဝဏ်ဆိုတာက သူ့မျက်နှာက အမြဲတမ်း ခက်ထန်နေလို့ အပြောင်အပြက် ခေါ်ကြတဲ့နာမည်ပါ။ လိုက်မခေါ်ရဘူး။ ငရဲကြီးလိမ့်မယ်။ ကြားလား”

“ဟုတ်”

သူမ ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။

“ကဲ ပြောပါဦး။ အဲဒီအိမ်က ကောင်လေးက သမီးနဲ့ အခန်းတူတယ်လား”

မေမေက သူမရှေ့ကခုံမှာ ဝင်ထိုင်လိုက်ရင်း မေးသည်။

“ဟုတ်၊ တူတယ် မေမေ။ သူကလေ နေ့တိုင်း သူ့ဘာသာပဲ ကျောင်းလာရတယ်။ အကြိုအပို့လုပ်တဲ့သူလည်း မရှိဘူး။ ဘယ်သူ့ကိုမှလဲ စကားမပြောဘူး”

“အင်း သူက ဒီကိုရောက်လာတာမှ မကြာသေးဘဲ သမီးရယ်။ လူတွေနဲ့ စိမ်းနေဦးမှာပေါ့”

မေမေက ဘာမျှ မဆန်းသလို ပြန်ဖြေသည်။ သူမ စိတ်ထဲ မကျေနပ်။

“မဟုတ်ဘူး မေမေ၊ သူက ကျောင်းမှာဆို တအားပျော်ပုံပဲ။ သူများက စားတာတွေ လိုက်ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတတ်တယ်။ အိမ်ပြန်ရောက်မှသာ မျက်နှာက စူပုပ်နေတာ။ ပြီးတော့ ထူးဆန်းတာကလေ ဖေဖေ့လက်ကိုတွဲပြီး သမီး ဖြတ်လာတိုင်း သမီးကို ရန်သူလို ကြည့်တတ်တယ် မေမေ”

“အို… ကလေးရယ်”

ဘာလို့မှန်းမသိ။ မေမေသည် အင်္ကျီလက်ပေါ် မျက်ရည်သုတ်လိုက်လေသည်။

“သမီးကကော သူ့ကို စကားသွားပြောတာတို့ မိတ်ဆက်တာတို့ မလုပ်ဘူးလား”

မေမေက မေးခွန်းထုတ်ပြန်သည်။

“သီးသန့်ကြီးတော့ မပြောဖူးပါဘူး မေမေရယ်။ သူ့က ရုပ်တည်ကြီးနဲ့ရယ်။ ပြီးတော့ သူ စရောက်တဲ့နေ့က တစ်ခန်းလုံး ကိုယ့်နာမည်ကိုယ် မိတ်ဆက်ပေးပြီးပြီပဲ”

“အေးပါ သမီးရယ်၊ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်နော်။ သူ့ခမျာ သမီးတို့လို ဖေဖေ မေမေ မရှိရှာဘူးမလား”

“သူ့ဖေဖေနဲ့ မေမေက ဘယ်ရောက်နေလို့လဲ မေမေ”

သူမသည် မိန်းကလေးပီသစွာ စပ်စုလိုက်သည်။

“အင်း…”

မေမေက သက်ပြင်းချရင်း ပြတင်းပေါက်အပြင်ဘက်ကို မျှော်ငေးလိုက်သည်။ မေမေ့မျက်နှာရိပ်ကဲကို ငေးကြည့်နေသော သူမ မေမေ့မျက်နှာက ပြိုတော့မည့်မိုးလို အုံ့ဆိုင်းသွားကြောင်း သတိပြုလိုက်မိသည်။

“အဲဒီကောင်လေးရဲ့ ဖေဖေက မေမေတို့ရဲ့ သူငယ်ချင်းပေါ့”

“ဟင်… တကယ်”

“တကယ်ပေါ့ သမီးရယ်။ သမီး ဖေဖေနဲ့ဆို ငယ်ငယ်ကတည်းက ကစားဖော်တွေပေါ့၊ မေမေနဲ့က ကျောင်း ရောက်မှ ခင်တာလေ”

“ဪ …”

သူမ စိတ်ဝင်စားစ ပြုလာသည်။

“ကျောင်းပြီးလို့ မေမေနဲ့ဖေဖေ လက်ထပ်ချိန်အထိ သူ့မှာ ရည်းစားရယ်လို့တောင် မရှိခဲ့ပါဘူး။ မရှိဆို သူ့အမေ ဒေါ်စိန်တင်ကြီးက သူ့သားကို ဘယ်သူနဲ့မှ မတူဘူး မတန်ဘူးလို့ ပြောနေခဲ့တာကိုး။ မေမေတောင် သမီးအဖေနဲ့ ယူပြီးသားမို့ သူ့သားနဲ့စကား ပြောလို့ရတာ။ ရပ်ကွက်ထဲက အပျိုမိန်းကလေးတွေကတော့ သူ့သားနဲ့ စကားပြောဖို့ တောင် ကြောက်ကြတယ်”

“ဘာဖြစ်လို့လဲ မေမေ”

သူမသည် စားပွဲပေါ်လက်ထောက်ပြီး မေးတင် နားထောင်နေရာက ဖြတ်မေးလိုက်သည်။

“အို သူ့အမေ ဒေါ်စိန်တင့်ပါးစပ်ကို ကြောက်လို့ပေါ့ သမီးရယ်။ အဲဒီအဘွားကြီးက သိပ်အပေါက်ဆိုးတာကိုး”

“အပေါက်ဆိုးတယ်ဆိုတာ ဘာလဲ မေမေ”

သူမက ထပ်မေးပြန်သည်။

“အင်း… ဘယ်လိုပြောရမလဲ။ သမီး သူ့အိမ်ရှေ့က ဖြတ်ပြန်တိုင်း သူ့မြေးကို ဆဲဆိုနေတာ ကြားတယ်မလား”

“ဟုတ်။ ကြားတယ် မေမေ၊ သိပ် အဆဲထူတာပဲ”

“အင်း… သူ့သားရှိတုန်းကလည်း အဲဒီလိုပဲ ဆဲတာ”

“သူ့သားကိုလား မေမေ”

မေမေက ပြုံးသည်။ ဟက်ဟက်ပက်ပက်တော့ မဟုတ်။

“သူ့သားကို မဟုတ်ဘူး သမီးရဲ့။ သူ့သားက အရောတဝင်လုပ်တဲ့လူတွေကို။ သမီးဖေဖေလည်း အဆဲခံရဖူးတာ ပေါ့ကွယ်၊ သူက သူငယ်ချင်းကို ချစ်တာကိုး။ သမီးဖေဖေနဲ့မေမေ မင်္ဂလာဆောင်တော့ သူစုထားတဲ့ မုန့်ဖိုးတွေနဲ့ ခန်းဝင်ပစ္စည်းတွေ ဝယ်ပေးတာ”

“ဟယ် စိတ်ကောင်းတာပေါ့နော်”

သူမ ပြောလိုက်သည်။

“အင်း… ရပ်ကွက်ထဲမှာ သူတို့က အချမ်းသာဆုံးကိုး။ ပြီးတော့ အဖေ မရှိတဲ့ တစ်ဦးတည်းသောသားဆိုတော့ လည်း သူ့သားကို သူ ဖူးဖူးမှုတ်ထားတာပေါ့။ သမီးဖေဖေလို သာမန်လူတန်းစားနဲ့လည်း အပေါင်းအသင်း ပေးမလုပ်စေချင်ဘူးလေ။ နောက်ဆုံးတော့ သူ့သားက သူတို့အိမ်မှာ သန့်ရှင်းရေးလာလာလုပ်ပေးတဲ့ အမျိုးသမီးကြီးရဲ့သမီးနဲ့ ခိုးရာလိုက်သွားတော့တာပဲ”

“သူ့အမေ ရိုက်မှာပေါ့နော်”

သူမ စိတ်ပူသွားမိသည်။

“ရိုက်ရုံ ဘယ်ကမလဲ သမီးရယ်၊ သေတာတောင် အိမ်ပြန်မလာနဲ့ဆိုပြီး အမွေဖြတ်လိုက်တာပဲ”

“ဟင်… သနားပါတယ်”

“တကယ်တမ်း သနားစရာကောင်းတာက သူတို့မဟုတ်ဘူး သမီးရဲ့။ သူက အိမ်ပေါ်က ဆင်းသွားရတာကိုပဲ သိပ်ပျော်ခဲ့တာ။ တစ်သက်လုံး အမေက ထိုင်ဆိုထိုင် ထဆိုထ လုပ်ခဲ့ရတဲ့ဘဝက လွတ်မြောက်သွားတာကိုး။ သူတို့လင်မယားနှစ်ယောက်လုံးက ကြိုးစားကြပါတယ်။ ကုန်ကူးတယ်။ ပွဲစားလုပ်တယ်။ အဆင်ပြေနေခါမှ လှေမှောက်ပြီး နှစ်ယောက်စလုံး သေရတာ”

ပြောရင်းက မေမေက မျက်ရည်စို့လာပုံရသည်။ လက်မောင်းအင်္ကျီစပေါ် မျက်ရည်သုတ်လိုက်ပြန်သည်။

“သတင်းကြားတာနဲ့ ဖေဖေနဲ့မေမေ လိုက်သွားတာ။ သနားစရာကောင်းတဲ့ သူတို့သားလေးက သူစိမ်းတွေ လက်ထဲမှာပေါ့။ ဒါနဲ့ မေမေတို့ပဲ မွေးစားမယ်ဆုံးဖြတ်ပြီး ခေါ်ခဲ့တာပဲ။ ဒီရောက်တော့မှသာ ဒေါ်စိန်တင်က သူ့သွေးသားရင်းကို တခြားသူလက်ထဲ မပေးနိုင်ပါဘူးဆိုပြီး လာပြန်ခေါ်သွားတာပဲ”

“ဟယ် မေမေတို့ကလည်း ဘာလို့ပေးလိုက်တာလဲ၊ သူက တကယ်လည်း မချစ်ဘဲနဲ့။ ပြီးတော့ နေ့တိုင်း ဆူဆဲနေ တာကို”

မေမေက နောက်ထပ်မျက်ရည် သုတ်ပြန်သည်။

“သမီးဖေဖေကလည်း မပေးချင်ပါဘူး။ ဒါပေမဲ့ သူက အဘွားအရင်းကိုး သမီးရဲ့။ ပြီးတော့ မေမေတို့က သမီးတစ်ယောက်ကို ပျိုးထောင်ဖို့တောင် ရုန်းကန်နေရတာမလား၊ သူ့အဘွား လက်ထဲမှာဆို သူ ပိုပြီး ကောင်းကောင်းမွန်မွန်နေရမယ်လို့ ထင်ခဲ့မိတာပေါ့။ သူ့အဖေသာမြင်ရင် မေမေတို့ကို အပြစ်တင်နေမလား မသိပါဘူး သမီးရယ်”

ဒီတစ်ခါတော့ မေမေသည် မျက်ရည်ပေါက်ပေါက်ကျအောင် ငိုလေပြီ။

အခန်း (၂)

စနေမိုးသည် သဲသဲမဲမဲရွာလို့ နေသည်။ ထီးတစ်လက်၏ အဟန့်အတားက လူတစ်ကိုယ်စာကိုပင် အကာအကွယ် မပေးနိုင်တော့။ စိုစွတ်ပြီး လမ်းလျှောက်ရခက်စေသော ထဘီအောက်နားသည်လည်းကောင်း၊ မိုးရေဝင်နေသော ကြောင့် ခြေလှမ်းလိုက်တိုင်း တဗွက်ဗွက်မြည်နေသော ဖော့ဖိနပ်သည်လည်းကောင်း သူမကို စိတ်အနှောင့် အယှက် ဖြစ်စေသည်။

“ဟော့တော်…”

အရှိန်နှင့်ဖြတ်မောင်းသွားသော ဆိုင်ကယ်တစ်စီးကြောင့် လွင့်စဉ်လာသော ဗွက်ရေတွေက သူမတစ်ကိုယ်လုံးကို စိုရွှဲသွားစေသည်။

“ဘယ်လို မောင်းနေကြတာတုံး”

ဒေါသတကြီး အသံကုန်အော်လိုက်သော်လည်း ဆိုင်ကယ်မောင်းသူက လှည့်တောင် မကြည့်ပေ။ နောက်မှာ ပါလာသူကို ငဲ့ကြည့်လိုက်တော့ သူမ၏ဒေါသစိတ်ပါ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရသည်။ မျက်နှာကို ထီးနှင့် ချက်ချင်းကွယ်လိုက်ပြီး ခပ်သွက်သွက်လေး ဆက်လျှောက်လိုက်မိသည်။ ဘာကြောင့်မှန်းမသိ။ သူ့အကြည့်စူးစူးတွေကို သူမ ကြောက်သည်။ ဖေဖေနှင့်မေမေ့ကိုမြင်တိုင်း ရယ်ပြုံးပြတတ်သည့် သူ့မျက်ဝန်းတွေက သူမအပေါ်မှာတော့ အေးစက်စိမ်းကားလွန်းသည်ဟု သူမ ထင်သည်။

ဒါသည်ပင် ကလေးဘဝမှ အသက်နှစ်ဆယ်ကျော် အစိတ်ရောက်လာသည့်တိုင် မပြောင်းလဲသော သူ့အပြုအမူ တစ်ခု ဖြစ်တော့သည်။ သူ၏အဘွားသည်လည်း ခုချိန်ထိ မပြောင်းလဲ။ ရိုက်နှက်ဆုံးမလို့ရသည့်အရွယ်မဟုတ် တော့တာမို့ ဆူဆဲသံတွေကသာ ပိုလို့မြိုင်လာသည်ဟု သူမကတော့ မှတ်ယူမိသည်။ ထိုအိမ်ရှေ့ကဖြတ်တော့ အမှတ်မထင် အိမ်ထဲလှမ်းကြည့်မိသည်။

“သောက်သုံးမကျတဲ့ သား၊ သေတာတောင် ငါ့ကို ဒုက္ခပေးသွားသေးတယ်။ တကယ်ဆို ဒီဂြိုဟ်ကောင်လေးပါ တစ်ခါတည်း သေသွားရမှာ”

ခက်ထန်မောက်မာလှသော ထိုအဘွားအို ဝဖိုင့်ဖိုင့်သည် လှုပ်လီလှုပ်လဲ့ဖြင့် မြေးဖြစ်သူအဝတ်တွေကို တန်းပေါ် လှန်းရင်းက သူမတို့ ဖန်တစ်ရာ တေအောင်ကြားဖူးနေသော စကားကို ပွစိပွစိ ရေရွတ်လို့နေသည်။ ဒါကြောင့် လည်း သူ့မြေးက အိမ်မကပ်တာဟု သူမ တီးတိုးလေး ပြောလိုက်မိသည်။

“မော်ရေ၊ မင်း သွားရင်းလာရင်း ကလေးကို မြင်ရင် နည်းနည်း သတိပေးလိုက်ပါဦး”

ဖေဖေက ကလေးလို့ စကားစလိုက်ကတည်းက ဘယ်သူ့ကိုရည်ညွှန်းမှန်း မေမေ သဘောပေါက်သလို သူမလည်း တန်းသိလိုက်သည်။ ထို့ကြောင့် ထမင်းစားခန်းထဲ လှမ်းဝင်မည့်ခြေလှမ်းတွေကို တန့်လိုက်ပြီး နားစွင့်လိုက်မိ သည်။

“ဘာဖြစ်လို့လဲ ကိုမြတ်ရယ်၊ ကလေးက ကျောင်းပြန်တက်နေပြီမလား။ မဆိုးတော့ပါဘူးလို့ ကျွန်မကို ကတိပေးခဲ့တယ်လေ”

မေမေက စိုးရိမ်သံစွက်ရင်း ပြန်မေးလိုက်သည်။

“အေးပါကွာ၊ ကျောင်းပြန်သွားနေတာ မှန်ပါတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ သူ ပေါင်းသင်းနေတဲ့ကောင်တွေက မူမမှန်ဘူးကွ။ တော်ကြာနေ တို့ကလေးပါ ပျက်စီးမှာ စိုးရိမ်ရတယ်”

ဖေဖေပြောမှပင် သူမလည်း ပြန်အမှတ်ရလိုက်မိသည်။ တစ်နေ့က သူနှင့်အတူ တွေ့လိုက်ရသူတွေက ဆေးဘဲ တွေမှန်း မေမေတို့ကို မပြောပြရသေး။သို့သော် ဖေဖေ မြင်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ဖေဖေနှင့်မေမေကလည်း ထူးဆန်းသည်။ အဘွားဖြစ်သူကို အမြင်မကြည်သလောက် သူ့အပေါ်မှာတော့ ဂရုတစိုက် ရှိလွန်းလှသည်။ သူကလည်း အလားတူပင်။ တစ်အိမ်တည်းနေသော အဘွားဖြစ်သူနှင့် တကျက်ကျက် ညံသလောက် ဖေဖေနှင့် မေမေ့အပေါ် တရိုတသေရှိရှာသည်။ ဒါကို သူ့အဘွားများသိခဲ့လျင် ဘယ်လိုနေမလဲ သူမ မကြာခဏ တွေးကြည့်မိ သည်။

အခန်း(၃)

ဒီနေ့ သင်တန်းက အပြန်နောက်ကျသည်။ သူငယ်ချင်းတစ်ယောက် မွေးနေ့ရှိတာမို့ သင်တန်းအဆင်းမှာ စားသောက်ဆိုင် ထိုင်လိုက်ကြလို့ ဖြစ်သည်။ ဖေဖေ့ကို လမ်းထိပ်ထွက်စောင့်ပေးပါပြောဖို့ အားနာတာကြောင့် သူမ ဖုန်းမဆက်ဖြစ်ခဲ့။ ခုတော့ သူမ စိတ်တထင့်ထင့်ဖြစ်နေရသည်။ သူမ စီးနင်းလာသော ဘတ်စ်ကားကတော့ ခရီးဆက်လက်ထွက်ခွာသွားပေပြီ။ သူမမှာသာ တစ်ယောက်တည်း။ ဒီနေ့မှ လူအသွားအလာ ပြတ်နေသည်။ သူမတို့အိမ်ရှိရာ လမ်းကိုရောက်ဖို့ ဘောလုံးကွင်းတစ်ကွင်းကို ဖြတ်ရမည်။

ထိုဘောလုံးကွင်းမှာက ညနေစောင်းပြီဆို အရက်သမား၊ ဆေးသမားတွေ စခန်းချတတ်သည်။ ထင်သည့်အတိုင်းပဲ လမ်းမကြီးမှ ချိုးကွေ့ဝင်လာတာ မကြာသေး။ တကျွတ်ကျွတ်ခေါ်သံက နားထဲဝင်လာသည်။ လှည့်မကြည့်ဘဲ ခြေလှမ်းတွေကို သွက်လိုက်သည်။ စုတ်သပ်ခေါ်သံက ပျောက်မသွား။ ပိုမိုနီးကပ်လာသလို တစ်ယောက်မက မှန်းလည်း သိသာလာသည်။ ကြောက်စိတ်က ငယ်ထိပ်တက်လာသည်။ အပြေးတစ်ပိုင်း ခြေလှမ်းတွေက လှောင်ရယ်သံတွေကို ထွက်ပေါ်လာစေသည်။ နောက်ပါးမှာတော့ ကပ်ပါမလာတော့။ သူမ စိတ်သက်သာရာ ရသွားသည်။

“ဟင်…”

ကိုယ့်အာရုံနှင့်ကိုယ် ရှေ့ကို သတိမထားမိသော သူမ လူတစ်ယောက်ကို ဝင်တိုက်မိသည်။

“ဆော… ဆောရီးနော်”

ခက်ထန်တင်းမာနေသော သူ့မျက်နှာထားကြောင့် သူမ၏ တောင်းပန်စကားတို့ပင် ထစ်ငေါ့ကုန်သည်။

“ဒီအချိန်က မိန်းကလေးတစ်ယောက် အိမ်ပြန်ချိန်လား”

“အမ်…”

မထင်မှတ်ထားသော စကားကြောင့် သူမ ပြန်ဖြေမတတ်ဖြစ်ရသည်။

“သွားတော့လေ၊ ဘာရပ်လုပ်နေတာလဲ”

အော်ငေါက်လိုက်တော့မှ သူမ အပြေးတစ်ပိုင်း လှမ်းလိုက်မိသည်။

“ဟေ့ကောင်တွေ၊ မိုက်ရင် ထွက်ခဲ့စမ်း”

နောက်ကျောဆီမှ စိန်ခေါ်သံက သူမကို အိမ်မြန်မြန်ရောက်စေတာ အမှန်ပင်။ ညအိပ်ရာဝင်ချိန်အထိ သူမ စိတ်ထဲ ကြောက်စိတ်မပြယ်သေး။သူမကို အော်ငေါက်ကြောင်း မေမေတို့ကို တိုင်ရင်ကောင်းမလား စဉ်းစားမိသော်လည်း မပြောဖြစ်ပေ။

“ကိုမြတ်ရေ၊ ထစမ်းပါဦး။ ကလေး ဆေးရုံရောက်နေသတဲ့”

ညမိုးချုပ် အချိန်မတော်လာသော တယ်လီဖုန်းက သူမတို့ တစ်အိမ်လုံးကို အထိတ်တလန့် ဖြစ်စေသည်။

“ဟာ ဘယ်လိုဖြစ်တာတုံး။ ဘယ်ဆေးရုံမှာတဲ့လဲ”

“ရန်ဖြစ်ကြတယ် ပြောတာပဲ။ ခု ဆေးရုံကြီးမှာ”

သူမ လက်သီးဖွဖွ ဆုပ်လိုက်မိသည်။

“အင်း… သူ့အဘွားပါ တစ်ပါတည်း ခေါ်သွားမှ ထင်တယ်”

“မလိုဘူး ကိုမြတ်၊ သူ့အဘွားကို အရင်အကြောင်းကြားလိုက်တယ် ပြောတယ်။ ဒီလိုတော့လည်း ကလေးက သူ့အဘွားကို စိတ်ထဲရှိသား။ သူ့အဘွားက ကျွန်မတို့ကိုပါ ပြောလိုက်ဆိုလို့ ဆေးရုံက သူ့ကို ဖုန်းနံပါတ်မေးပြီး ဆက်လိုက်တာတဲ့”

“မေမေ၊ သမီးလည်း လိုက်ချင်တယ်”

“အို… မဟုတ်တာ၊ သမီးအလုပ်မဟုတ်ပါဘူး။ မလိုက်နဲ့”

ဖေဖေက တားတော့ ညနေက ကြုံခဲ့ရတာကို သူမ ပြောပြလိုက်မိသည်။

“ဟာ… ဒါဆို သမီးကြောင့် သူ ရန်ဖြစ်တာလား”

ဖေဖေက တအံ့တဩ ဆိုသည်။

“သေချာတော့ မသိဘူး။ ဟုတ်မယ်ထင်တာပဲ ဖေဖေရယ်”

သူမ ညည်းပြောလေး ပြောလိုက်သည်။ သူမတို့ ဆေးရုံရှေ့ရောက်တော့ ကားပေါ်က မဆင်းရသေးခင်မှာပင် ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ ဆေးရုံအတွင်း ပြေးဝင်သွားသော ဒေါ်စိန်တင်ကြီးကို လှမ်းမြင်လိုက်ရ သည်။ ရုပ်ရှင်ဆန်လှသည်ဟု ဆိုရမည်။ မြေးဖြစ်သူကို နာမည်ပင်တပ်မခေါ်ဘဲ အမြဲဆဲဆိုနေသူကြီးက ခုတော့ သူ မဟုတ်သလို။

“အမယ်လေး ငါ့မြေးရဲ့၊ မသေကောင်း မပျောက်ကောင်းကွယ်။ ပြစမ်း၊ ဘယ်နား နာသွားလဲ။ အမယ်လေး ငါ့ မြေးလေးကို လက်ကျိုးအောင်တောင် ဝိုင်းရိုက်ရသလား။ ပြောစမ်း ငါ့မြေး၊ မင်းကို ဘယ်သူလုပ်တာလဲ”

“အဘွားရယ်…”

ခုတင်ပေါ်မှ သူကလည်း အမြဲတမ်း မျက်နှာကြောတင်းခဲ့တာ သူ မဟုတ်သလိုပင်။ သူ့အဘွားမျက်နှာကို မော်ကြည့်ပြီး သူ့အဘွားလက်မောင်းမှ အသားပျဉ်းတွဲကြီးကို လှမ်းဆုပ်ကိုင်ပြီ မျက်ရည်တွေတွေ စီးကျလို့နေ သည်။ အခန်းထဲ လှမ်းဝင်မည်ပြင်သော မေမေ့လက်ကို ဖေဖေက ဖမ်းဆွဲလိုက်သည်။

“မင်း ခဏနေဦး။ သူတို့ မြေးအဘွား ပြေလည်ပါစေဦး”

“သား ဘာမှမဖြစ်ပါဘူး အဘွားရဲ့၊ ဟိုကောင်တွေက သားညီမလေးကို ဝိုင်းစနေလို့ သားက ပညာပေးလိုက်တာ။ ငါးယောက်နဲ့ တစ်ယောက်ဆိုတော့ ဒီလောက်တော့ ပြန်ခံရမှာပေါ့ အဘွားရယ်”

သူက ခပ်အေးအေး ပြောသော်လည်း ဒေါ်စိန်တင်တစ်ယောက် မျက်လုံး ပြူးသွားသည်။

“မင်းမှာ ညီမလေး ရှိသေးတယ်။ ဟုတ်လား”

အထိတ်တလန့် ပြန်မေးလိုက်သည်။ သူက နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မောလိုက်သည်။

“အင်းလေ… အဘွားမှ မသိတာကိုး”

“ဘာ ငါ မသိခဲ့ဘူး ဟုတ်လား။ ဘယ်မှာတုံး မင်းညီမလေး”

ဒေါ်စိန်တင်က အံ့အားသင့်စွာ အော်လိုက်ပြန်သည်။

“ဒီလိုပါ အဘွားရာ၊ သားကို ဒီကို စခေါ်လာတဲ့ ဦးလေးမြတ်နဲ့အန်တီသန်းတို့က သားအတွက်တော့ မိဘတွေလိုပဲ မဟုတ်လား။ ဒီတော့ သူတို့သမီးလေးကလည်း သားညီမလေးပေါ့ အဘွားရယ်”

သူမစိတ်ထဲ နွေးခနဲ ဖြစ်သွားသည်။ မေမေ့မျက်နှာ မော်ကြည့်လိုက်တော့ ပီတိမျက်ရည်တို့ စိုစွတ်လို့နေသည်။

“အစကတော့ သား သူ့ကို မုန်းတယ်။ နောက်တော့မှ သား သိလာတာ သားက သူ့ကို မနာလိုဖြစ်ခဲ့တာပဲ”

“သားရယ်၊ ကလေး…”

ဒီတစ်ခါတော့ မေမေ့ကို ဖေဖေ မတားတော့။ မေမေသည် သူ မနှစ်မြို့သော ဒေါ်စိန်တင်ကြီးကို ကျော်ဖြတ်ပြီး ခုတင်ပေါ်က သူ့ကို ပွေ့ဖက်လေသည်။ ပို၍ထူးဆန်းသည်ကား နောက်မှ ကပ်ပါလာသော သူမတို့သားအဖကို မြင်လိုက်သော်လည်း ဒေါ်စိန်တင်ကြီးက ဟဲ့ ငါ့မြေးက နင်တို့လိုဟာတွေနဲ့ ပတ်သက်စရာ အကြောင်းမရှိဘူးလို့ မပြောတော့ပြီ။

နန်းကြာဖြူ၊ဘားအံ၊

Leave comment

Your email address will not be published. Required fields are marked with *.