အဆိပ်သင့်အင်္ဂါ(မှတ်တမ်းကဗျာ)၊ ကဗျာဆရာမ မမသီရိ

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်း မှတ်တမ်းကဗျာကဏ္ဍတွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာမ မမသီရိ၏ အဆိပ်သင့်အင်္ဂါ ကဗျာကို ဖော်ပြလိုက်ပါသည်။ ကဗျာသရုပ်ဖော်ပန်းချီကို ပန်းချီထိန်လင်းက ရေးဆွဲပါသည်။

အဆိပ်သင့်အင်္ဂါ
………………….
အပြာရောင်ကောင်းကင်ကို မော့ကြည့်လိုက်တော့
စကားပုံတစ်ခုဟာ ကိုးရိုးကားရား တွဲလောင်းချိတ်လို့
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုလား…
ဒီနေ့ဟာ အင်္ဂါနေ့ပါ၊ ပန်းတွေလေ ဝေနေရဲ့
မနေ့က တနင်္လာမှာလည်း ဝေ
ဒီနေ့ အင်္ဂါမှာလည်း ဝေ
တကယ်တော့ နေ့တိုင်း ဝေခဲ့တဲ့ပန်းတွေပါ
အမှန်ကို သလ္လာဖုံးအောင် ဖွေး
ဘယ်လိုတွေတောင် မွေးခဲ့လေသလဲ
တကယ်ပါ
အများသူငါလို…
ကျွန်မလည်း အမှန်တရားကိုသာ မြတ်နိုးတတ်ပါရဲ့
မတူတာဆိုလို့ ကျွန်မနားက ငိုသံတိုင်း ကြားခဲ့မိတာ အဲဒါအပြစ်
ကျွန်မ ကလေးတွေ မနာကျင်အောင်ဆိုပြီး
သူတို့ခြေဖဝါး စူးတဲ့ဆူး မနုတ်ဘဲ ထားဖို့ထိ
ကျွန်မဟာ မမိုက်မဲခဲ့
မသောက်ချင်ဘူး ခြေဆောင့်အော်ငိုလည်း
ဆေးခါးခါးတွေ ကျွန်မ ဇွတ်တိုက်ခဲ့တယ်
သူတို့မချစ်ဖို့ ကျွန်မ မစိုးရိမ်ခဲ့
ဘယ်ဟာအမှန် ဘယ်ဟာအမှား
လူတွေကြားထဲလည်း ပြောတာပဲ
ကျွန်မ ကလေးတွေအတွက် ကျွန်မဟာ
သမိုင်းတရားခံ အဖြစ်မခံချင်သူ
အေးလေ…
အင်္ဂါဟာ နိုဝင်ဘာမှာတောင်
ကျဲကျဲတောက်လို့
ဘာရယ်လို့မသိ
ရင်ထဲမှာ ထိပြီး ဆို့ဆို့နင့်နင့်ရယ်
အတွေးတွေ အလျားဆန့်
ငေးပဲ ငေးနေမိတော့တယ်
အဲဒီပန်းတွေလေ
နေ့စဉ် ဝေနေတဲ့ ပန်းတွေ
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဖြစ်ဖို့
လှရက်တဲ့ပန်းတွေ
၂၀၁၉၊ ၁၂ နိုဝင်ဘာ
ဒီအင်္ဂါမှာလည်း ဝေနေတဲ့ပန်းတွေ
မြင်သူတကာ ရင်တွေအောင့်တဲ့အထိ
မွှေးလှတဲ့ပန်းတွေ
ဘယ်အရာတွေက
အဲသလို ပြောင်းလဲစေခဲ့သလဲတဲ့
အဆိပ်သင့်သွားတဲ့ ပန်းတွေ
မျှော်လင့်ချက်တွေ အစည်းပြေ
အိပ်မက်တို့လည်း ကွဲကြေ
အင်္ဂါဟာ တစ်စစီ တစ်စစီ အက်ရာတွေနဲ့
ပုပ်အဲ့အဲ့ အဆိပ်ရနံ့တွေ လွှမ်းခဲ့
အဲဒီ ပန်းတွေဆီကလေ…။ ။

မမသီရိ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၉

Leave comment

Your email address will not be published. Required fields are marked with *.