အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao (ဆောင်းပါး)၊ စာရေးဆရာ နေဘုန်းလတ်

ပဲန်မြန်မာနှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးဆရာ နေဘုန်းလတ်၏ အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ သရုပ်ဖော်ပုံကို ပိုင်နိုင်အောင်က ပြုလုပ်သည်။

အစီအစဉ်မကျပေမဲ့ လှနေတဲ့ Chao

PEN Myanmar အနေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစလို့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ကောင်းသောအလုပ်တွေ တောက်လျှောက်လုပ်လာတာ အခုဆိုရင် တော်တော်လေးကို ခရီးပေါက်နေပြီ ဖြစ်ပါတယ်။

PEN Myanmar က လုပ်နေတဲ့ စာပေအနုပညာနဲ့ဆိုင်တဲ့၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ဆိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ ပေါ့ပေါ့ပါးပါး အနုပညာ ဖလှယ်မှုလေးတွေ စတဲ့ အစီအစဉ်ပေါင်းများစွာထဲမှာမှ ကျွန်တော် အနှစ်သက်မိဆုံး အစီအစဉ်ကတော့ ရသအစုန်အဆန် ဆိုတဲ့ အစီအစဉ်လေးပါပဲ။ ခေါင်းစဉ်လေးကိုက ကဗျာဆန်သလို လွတ်လပ်မှုတစ်ခုကိုလည်း ဖော်ညွှန်းနေတယ်။ ရသအစုန်အဆန် လို့ ခေါင်းစဉ်တပ်ထားတဲ့ပွဲတွေမှာ ကျွန်တော်တို့ ဘာတွေလုပ်ကြသလဲ၊ တက်ရောက်လာကြသူတွေကရော ဘာတွေလုပ်ကြသလဲ၊ ရသအစုန်အဆန်ဆိုတာ ဘာလဲ။ ရိုးရိုးနဲ့ အရှင်းဆုံးလေးပြောရရင် ရသအစုန်အဆန်ဆိုတာ အနုပညာရသတွေကို ကြိုက်နှစ်သက်သလို စုန်နိုင်ဆန်နိုင်ဖို့ ဟင်းလင်းဖွင့်ပေးထားသော အစီအစဉ်မဲ့အချိန်နာရီတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ စာပေဟောပြောပွဲဆိုတာတွေ ရှိတယ်။ ဖိတ်ကြားခံရသူ စာရေးဆရာ(စာရေးဆရာမဟုတ်တဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်) တစ်ယောက်ယောက်က စင်ပေါ်ကနေ တစ်နာရီ သို့မဟုတ် တစ်နာရီခွဲလောက် (တစ်ခါ တလေ ၂ နာရီကျော်ပြီး ၃ နာရီနီးနီးလောက် ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်) ဟောပြောပြီး လာနားထောင်သူ ပရိသတ်က ပြောတာတွေ နားထောင်၊ ကြိုက်ရင် လက်ခုပ်တီး၊ မကြိုက်ရင်တော့ အောင့်အည်းသည်းခံကြရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဘာပဲပြောပြော အရင်ကဆို အဲဒီ့လိုစာပေဟောပြောပွဲတွေတောင် ပိတ်ပင်ထားတဲ့ခေတ်ကနေ အခုလို စာပေဟောပြောပွဲတွေ အတော်များများ ကျင်းပလာနိုင်တဲ့ခေတ်ကို ရောက်လာတာ ဝမ်းသာစရာပါ။ ဆယ့်နှစ်လရာသီ ပွဲတွေထဲမှာ နတ်တော်လကို စာဆိုတော်ပွဲအဖြစ် သတ်မှတ်ပြီး ကျင်းပလေ့ရှိကြပေမဲ့ အခုကတော့ တစ်နှစ်ပတ်လုံးမှာ မိုးလေကင်းလွတ်တဲ့ လတိုင်းလိုလိုဟာ စာဆိုတော်ပွဲတွေ ဖြစ်နေပါပြီ။ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် ဆိုတဲ့ ပိတ်သုံးပိတ် ခေတ်တွေကနေ ဖောက်ထွက်ပြီး အခုလို သိခွင့်၊ မြင်ခွင့်၊ ပြောခွင့်၊ ဆိုခွင့်၊ နားထောင်ခွင့်တွေ ရလာကြတာဟာ ကောင်းသော ပြောင်းလဲမှုတွေပါပဲ။ စာပေဟောပြောပွဲတွေကို လာရောက်ကြသူတွေဟာ ဟောပြောသူ စာရေးဆရာ၊ စာရေးဆရာမတို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ အခြားသော အသိပညာဗဟုသုတတွေကို တစ်ထိုင်တည်းနဲ့ သိခွင့်၊ မြင်ခွင့်၊ နားထောင်ခွင့်ရကြမှာပဲ ဖြစ်ပါတယ် (ပွဲတိုင်းကို မဆိုလိုပါ)။

ရသအစုန်အဆန် ဆိုတာကတော့ ကျွန်တော်တို့ ကြုံဖူးနေကျ စာပေဟောပြောပွဲတွေနဲ့ မတူပါဘူး။ ရသအစုန်အဆန် တစ်ပွဲကျင်းပတော့မယ်ဆိုရင် PEN Myanmar အဖွဲ့ဝင်တွေထဲက အားလပ်သော စာပေအနုပညာရှင်အနည်းဆုံး ၅ ယောက် ကနေ ၁၀ ယောက်လောက်အထိ ပွဲကျင်းပရာကို သွားကြပြီး ပွဲကိုလာရောက်ကြတဲ့သူတွေနဲ့ အပြန်အလှန် အစုန်အဆန် အနုပညာရသတွေ ဖလှယ်ကြတဲ့ပုံစံပါ။ ရသအစုန်အဆန်ကို လာရောက်သူတွေဟာ PEN Myanmar က လာရောက်သော စာပေအနုပညာရှင်တို့ရဲ့ အနုပညာရသတွေကို နားထောင်ခွင့်၊ ရှုမြင်ခွင့်၊ ထိတွေ့ခံစားခွင့်တွေ ရရှိမယ့်အပြင် ကိုယ့်ရဲ့ခံစားမှုတစ်ခုခုကိုလည်း တစ်စုံတစ်ခုသော အနုပညာပုံစံနဲ့ဖော်ထုတ်ခွင့်၊ ပြောဆိုခွင့်၊ တင်ဆက်ပြသခွင့်တွေလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း ရသအစုန်အဆန်ပွဲတွေကို ရေးသူဖတ်သူ စုန်ဆန်ပွဲလို့လည်း ဖွင့်ဆိုလေ့ရှိကြတာပါ။ ရသအစုန်အဆန်မှာ ဘာတွေလုပ်ကြသလဲ၊ ဘာတွေလုပ်လို့ရသလဲ။ နာမည်က ရသအစုန်အဆန် ဖြစ်တဲ့အတွက် ခင်ဗျားရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတစ်ခုခုဟာ အနုပညာရသ တစ်စုံတစ်ရာ စိမ့်ဖြာစီးထွက်နေဖို့ပဲ လိုအပ်ပါတယ်။ ရသအစုန်အဆန် ပွဲတွေမှာ ကဗျာရွတ်သံတွေ ကြားရပါလိမ့်မယ်။ စာတမ်းဖတ်သံတွေ ကြားရပါလိမ့်မယ်။ ဝတ္ထုတစ်ပုဒ်ကို ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ အသံထွက် ဇာတ်လမ်းတစ်ပုဒ်လို ရွတ်ပြသံမျိုးလည်း ကြားရနိုင်ပါတယ်။ လွင့်ပျံ့နေတဲ့ ကဗျာရွတ်သံထဲကို ဂီတသံတစ်ခုနဲ့အတူ သီချင်းတစ်ပုဒ် ကူးလူးစိမ့်ဝင်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖတ်ပြနေတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ သီချင်း ထဆိုလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရသစာတမ်းတစ်ပုဒ်ကို စကားလုံးတွေ၊ အသံတွေနဲ့သာမကပဲ လှုပ်ရှားမှုတွေ၊ သရုပ်ဖော်မှု တွေနဲ့ ရောယှက်ပြီး ရွတ်ဆိုတင်ဆက်တာမျိုးလည်း တွေ့ရပါလိ့မ်မယ်။ ဂျာနယ်တွေ၊ သတင်းစာတွေမှာဖတ်ပြီး ရယ်မောခဲ့ကြတဲ့ ကာတွန်းဇာတ်ကောင်တွေ ခင်ဗျားတို့ရှေ့က ကားချပ်ပေါ်မှာတစ်ဆင့်ချင်း ပေါ်လွင်ပီပြင်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်စုံတစ်ယောက်က အနုပညာအလုပ်တစ်ခုကို လုပ်နေတုန်း အခြားသော သူတွေကပါ ပူးပေါင်းပါဝင်လာကြတာမျိုးလည်း တွေ့ရနိုင်ပါတယ်။ ရသအစုန်အဆန်တွေမှာ အရာရာဟာ ခေးအော့(Chao)ပါပဲ။ ရသအစုန်အဆန်တွေမှာ “အခမ်းအနား မစတင်မီ အခမ်းအနားအစီအစဉ်များကို ကြိုတင် ဖတ်ကြားပါ့မယ်” ဆိုတာမျိုး ခင်ဗျားကြားရမှာ မဟုတ်ပါဘူး။ ရသအစုန်အဆန်ပွဲတွေမှာ ဘယ်သူမှလည်း အဖွင့်အမှာစကား လာပြောမှာ မဟုတ်သလို၊ နိုင်ငံတော်အလံကိုလည်း တကူးတက အလေးပြုပြနေစရာ မလိုပါဘူး။

အခြားသူတစ်ယောက်ယောက်က သူဖန်တီးသော အနုပညာကို တစ်စုံတစ်ခုသော ပုံသဏ္ဌာန်တစ်ခုခုနဲ့ ခင်းကျင်းပြသပြီးချိန် မှာ ခင်ဗျားက ရုတ်တရက် ထရပ်လိုက်ပြီး ကျွန်တော် ကဗျာတစ်ပုဒ် ရွတ်ချင်လို့ပါဆိုတာမျိုးကို ရသအစုန်အဆန်က ခွင့်ပြုပါ တယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့ အနီးက ကင်းရွာမှာပြုလုပ်တဲ့ ရသအစုန်အဆန်တစ်ခုမှာ ဆရာမ မသီတာ(စမ်းချောင်း)က သူမအသက် ၂၅ နှစ်ဝန်းကျင်မှာ ရေးခဲ့တဲ့ “နယ်ရဲ့နယ်” အမည်ရ ဝတ္ထုတိုလေးကို ရွတ်ဖတ်ပြခဲ့ပါတယ်။ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ်ရဲ့ခံစားချက်တွေကို ဖြန့်ခင်းချပြထားတဲ့ အဲဒီ့ဝတ္ထုလေးကို ဆရာမ ရွတ်ဆိုနေချိန်မှာပဲ ကျွန်တော့် ရင်ထဲမှာ ကဗျာတစ်ပုဒ် ဖြစ်တည်ပေါက်ဖွားလာပြီး ပွင့်အန်ထွက်ကျလာခဲ့တာပါ။ အနုပညာတစ်ခုဟာ အခြားသော အနုပညာတစ်ခုကို လှုံ့ဆော်မွေးထုတ်နိုင်တယ်ဆိုတာကို  ရင်တွေ့ကြုံခဲ့ရတာပါပဲ။

            ငါတို့ဟာ စစ်တုရင် မဟုတ်ဘူး

            ငါတို့ဟာ စစ်တုရင်ရုပ်တွေ မဟုတ်ဘူး

            ဘဝဟာ စစ်တုရင်ခုံ မဟုတ်ဘူး

            တိုင်းပြည်ဟာ စစ်မြေပြင် မဟုတ်ဘူး

            စည်းလို့ အမည်တပ်ထားတဲ့ အမိန့်ခပ်ညံ့ညံ့တွေနဲ့

            ငါတို့ရဲ့လွတ်လပ်ခွင့်ကို လာမချုပ်နဲ့

            L ပုံစံပဲ ခုန်ရအောင် ငါတို့ မြင်း မဟုတ်ဘူး

            တစောင်းတွေပဲ ရွေ့ခွင့်ရှိရအောင်

            ငါတို့ Bishop မဟုတ်ဘူး

            ရှေ့နောက်ဝဲယာပဲ သွားရအောင်

            ငါတို့ ရဲတိုက် မဟုတ်ဘူး

            တစ်ခါရွှေ့ တစ်ကွက်နှစ်ကွက်နဲ့

            ငါတို့ နယ်ရုပ်လည်း မဖြစ်ချင်ဘူး

            သွားချင်ရာ သွားနိုင်သလိုနဲ့

            ဘောင်ထဲပိတ်မိနေရတဲ့ ဘုရင်မလည်း မကြိုက်ဘူး

            အာဏာရှိသယောင်နဲ့ ဘာအစွမ်းအစမှမရှိတဲ့

            ဘုရင်လိုလို လူလည်း မလိုချင်ဘူး

            ငါတို့စည်း ငါတို့ကမ်း

            ငါတို့ကိုယ်တိုင် ပြဋ္ဌာန်းလို့

            ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တယ်

            ငါတို့ဟာ လူ

            ငါတို့လိုတာ လူ့အခွင့်အရေး

            ငါတို့အတွက် ကစားပွဲတွေဖျက်ပေး…

            ငါတို့အတွက် ကစားပွဲတွေ အခုဖျက်ပေး …။

တစ်စုံတစ်ယောက်က ကဗျာရွတ်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊ တင်ဆက်မှု အနုပညာတစ်ခုခု ပြုလုပ်နေချိန်မှာပဲဖြစ်ဖြစ် သူ့ရဲ့ အနုပညာဖန်တီးတင်ဆက်မှုကို မထိခိုက်စေဘဲ ခင်ဗျားက သီချင်းတစ်ပုဒ် ဝင်ဆိုလိုက်တာ၊ တစ်နည်းနည်းနဲ့ ကိုယ်တိုင် ဝင်ရောက်ပါဝင်လိုက်တာမျိုးတွေကို ရသအစုန်အဆန်က ခွင့်ပြုပါတယ်။ ရသအစုန်အဆန်တစ်ခုမှာ ဆရာမ စုမီအောင်က ရသစာတမ်းတစ်ခု ရွတ်နေချိန်၊ ဆရာစောဝေက ထီးတစ်ချောင်းကို ပြောင်းပြန်လှန် ခေါင်းပေါ်တင်ပြီး Performance Art တစ်ခုနဲ့ ပါဝင်ပါတယ်။ သူတို့ကို ကြည့်နေရင်း စိတ်ကူးပေါက်တာနဲ့ သောက်လက်စရေဘူးကို အဖုံးဖွင့်ပြီး ဆရာ စောဝေ ခေါင်းပေါ်တင်ထားတဲ့ ထီးပက်လက်ကြီးထဲကို ကျွန်တော် သွားလောင်းထည့်လိုက်ပါတယ်။ ဖြစ်ချင်တော့ ထီးကပေါက်နေပြီး ဆရာစောဝေရဲ့ခေါင်းပေါ်ကို ရေတွေ တစက်စက် ကျလာပါတော့တယ်။ ဆရာမ စုမီအောင်က သူစာတမ်းရွတ်နေရင်း လက်လာတို့လိုက်တဲ့အခါ၊ ကိုယ် တန်ဖိုးထားရာ ပစ္စည်းတစ်ခုခုကို ရှေ့မှာလာထားပြီး ပါဝင်ပေးပါလို့ပြောတော့ လူငယ်လေးတစ်ယောက်က သူ့ကို လက်လာတို့တဲ့အချိန်မှာ သူကိုယ်တိုင် ထထွက်လာပြီး ရှေ့မှာ သွားထိုင်နေပါတယ်။ ဒါတွေအားလုံးဟာ ကြိုတင်တိုင်ပင်ထားခြင်း မရှိတဲ့ ရင်ဘတ်ချင်း ချိတ်ဆက်မှုတွေပါပဲ။ ရသအစုန်အဆန်မှာ သီချင်းနဲ့ ကဗျာ ရောတာ၊ ဝတ္ထုနဲ့သီချင်း ရောတာ၊ ရသစာတမ်းနဲ့တင်ဆက်မှု အနုပညာရောတာ၊ ပြီးတော့ တစ်ဦးတစ်ယောက်တည်း မဟုတ် ဘဲ ဘယ်သူမဆို ပူးပေါင်းပါဝင်နိုင်တဲ့ အနုပညာပုံစံတွေ ခင်းကျင်းတင်ဆက်တာမျိုးကို ခင်ဗျားတွေ့ရနိုင်ပါတယ်။ ရသအစုန်အဆန်တစ်ခုမှာ တင်ဆက်ခဲ့တဲ့ တင်ဆက်မှုတစ်ခုကို မျှဝေချင်ပါတယ်။

အဲဒီ့နေ့က ကျွန်တော် အင်္ကျီအဖြူ ဝတ်ထားပါတယ်။ ကျွန်တော့်အလှည့်ကို အရောက်မှာ ခန်းမအလယ်ကို ထွက်၊ ဂစ်တာကိုပိုက်ပြီး ကျွန်တော် ထိုင်ချလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ပတ်ပတ်လည်မှာ အနီ၊ အပြာ၊ အမည်းစတဲ့ အရောင်စုံ Soft-Pen တွေ ဖြန့်ခင်းထားလိုက်ပါတယ်။ ကျွန်တော် စာတမ်းတစ်ခုနဲ့သီချင်းတစ်ပုဒ်ကို ရောယှက်ပြီး ရွတ်ဆိုပါမယ်။ ကျွန်တော့်ရဲ့တင်ဆက်မှုကို နားထောင်ခံစားနေရင်း ခင်ဗျားတို့ရဲ့ရင်ထဲမှာ ခံစားမှုတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင်၊ အဲဒီ့ခံစားမှုကို စကားလုံးတွေနဲ့ တစ်လုံးတလေ ဖော်ညွှန်းချင်စိတ်များဖြစ်လာခဲ့ရင် ကျွန်တော့်ရဲ့အင်္ကျီအဖြူကို စာရွက် တစ်ရွက်လို သဘောထားပြီး လာရေးပေးကြပါလို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ဂစ်တာ စတီး တယ်၊ ခံစားမှုတွေကို စာအဖြစ်နဲ့ ရွတ်တယ်၊ သီချင်းအဖြစ်နဲ့ ဆိုတယ်။ သိပ်မကြာခင်မှာပဲ နားဆင်ခံစားနေကြသူတွေထဲက တစ်ယောက်ပြီးတစ်ယောက် ထထွက်လာကြပြီး ကျွန်တော် ဝတ်ထားတဲ့အင်္ကျီပေါ်မှာ စာသားတွေ လာရေးကြတယ်။ ကျွန်တော့်တင်ဆက်မှုအဆုံးမှာ ကျွန်တော့်အင်္ကျီလေးလည်း စာသားတွေနဲ့ ပြည့်လို့။ ကျွန်တော် ဂစ်တာကိုချ၊ မတ်တတ် ထရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်တယ်။ ကိုစောဝေတို့၊ မစုမီအောင်တို့၊ ကိုဟန်ဇော်တို့ ထွက်လာပြီး ကျွန်တော့်အင်္ကျီပေါ်က စာသားတွေကို ဝိုင်းရွတ်ကြတယ်။ ဒါပါပဲ…။ အဲဒါ ရသအစုန်အဆန်ပါပဲ။

ရသအစုန်အဆန်ဟာ အစီအစဉ်မကျပေမဲ့ လှနေတဲ့ ခေးအော့တစ်ခုဖြစ်ပါတယ်။ လွတ်လပ်မှုတွေ၊ အပြန်အလှန် လေးစား မှုတွေ၊ ခံစားမှုတွေ၊ အနုပညာရသတွေ၊ ချိတ်ဆက်ထားသော နှလုံးသားတွေနဲ့ ရသအစုန်အဆန်ကို ယှက်ဖွဲ့ထားပါတယ်။ အနုပညာရသတွေ စုန်ချည်ဆန်ချည်နဲ့ ကုန်မှန်းမသိ ကုန်လိုက်ရသော အချိန်နာရီတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်၊ ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကကြီးထဲကနေ အနုပညာနဲ့ ခဏတာပျော်မွေ့ ရုန်းထွက်ချင်တယ်ဆိုရင်၊ ရင်နဲ့မဆံ့အောင် ပြည့်နှက်နေတဲ့ခံစားမှု တနင့်တပိုးကို ရင်ဘတ်ချင်းတူသူတွေနဲ့ လွတ်လွတ်လပ်လပ် ဖွင့်ချဝေမျှချင်တယ်ဆိုရင် ရသအစုန်အဆန်ကို လာခဲ့စေချင်ပါတယ်။ အနုပညာဟာ နှလုံးသားကို ကျန်းမာစေပါတယ်။

နေဘုန်းလတ်

(ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ၊ ဉာဏ်ပညာကို တန်ဖိုးထားပါ၊ အနုပညာကို ခံစားတတ်ပါစေ။)

Leave comment

Your email address will not be published. Required fields are marked with *.